မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ
ဆူကျိုးမြို့ကို ခရီးထွက်ဖြစ်တုန်း သတိပြုမိတာလေးတွေကို မိမိဗဟုသုတနဲ့ယှဉ်ကာ My travel experience ကို ရေးသားနေတာ ယခုအခါ အပိုင်း-၄ ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ရှေ့အပိုင်းတွေဖြစ်တဲ့ >>>>>
My travel experience - 1 ကို ယခုအရောင်ခြယ်ထားသောနေရာကိုနှိပ်၍ ဖတ်ရှုနိုင်ပါတယ်။
My travel experience - 2 ကို ယခုအရောင်ခြယ်ထားသောနေရာကိုနှိပ်၍ ဖတ်ရှုနိုင်ပါတယ်။
My travel experience - 3 ကို ယခုအရောင်ခြယ်ထားသောနေရာကိုနှိပ်၍ ဖတ်ရှုနိုင်ပါတယ်။
My travel experience - 4
ပညာရေး
ဆူကျိုးက စီးပွားရေးမြို့တော်တစ်ခုဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ကိုင်နေသော ရုံးခန်းများ များပြားသော်လည်း တရုတ်စကားကို မတတ်လျှင် အခက်တွေ့နိုင်ပါသေးတယ်။ ဒေသခံအတော်များများက တရုတ်ဘာသာစကားကိုသာ အဓိကပြောပြီး အင်္ဂလိပ်စကားပြောတတ်တဲ့ လူတန်းစားကတော့ အခြားကနေ လာရောက်အလုပ်လုပ်ကိုင်သူများအထဲကသာ များပြားပါတယ်။ ဒါကြောင့် တစ်ယောက်လည်း သွားရင်း လမ်းမှာ အခက်အခဲတွေ့မယ်ဆိုရင် ကျောင်းသားကလေးတွေကို မေးကြည့်ဖို့ မတရုတ်တွေက မှာကြားထားပါတယ် ... ဟုတ်ပါတယ် ... ကျောင်းမှာ ကလေးတွေကို အင်္ဂလိပ်စာသင်ပေးတာကြောင့် သူတို့တွေက နည်းနည်းပါးပါးပြောတတ်ပါတယ် ... မြန်မာကလေးတွေကရော အင်္ဂလိပ်စကားကို ထိုသို့ နင်လား ငါလား ပြောနိုင်ပါရဲ့လား ... ဦးသိန်းတန်စကားနဲ့ပြောရရင် အဖြေကတော့ နိုးပါပဲ ...
Image credit - original source
Training
ရုံးက တရုတ်အမေတစ်ဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူတို့က စူပါမားကက်တွေကို သွားတဲ့အခါ ကလေးတွေကို ခေါ်သွားတယ်။ ပြီးရင် အသိဥာဏ်ပိုင်းဖွံ့ဖြိုးအောင် လေ့ကျင့်ပေးတဲ့ သင်တန်းမှာ ထားခဲ့တယ်။ သေချာပြင်ဆင်ထားတဲ့ ကစားကွင်းမှာ ကစားစေတယ်။ စူပါမားကက်တွေမှာ အဲဒါတွေကို ထားပေးထားတယ်။ ငယ်စဉ်ကတည်းက ကလေးတွေကို သေချာလေ့ကျင့်ထားတာကြောင့် ဒါဟာ အစိုးရအတွက် အားတစ်ရပ်ဖြစ်စေပါတယ်။ အဲဒီလိုလေ့ကျင့်နိုင်အောင်လည်း ထောက်ပံ့စရိတ်တွေကို အစိုးရက ပေးပါတယ်။ ဘယ်ရွေ့ဘယ်လောက်ဆိုတာ မမှတ်မိတော့ပေမယ့် ကောင်းကောင်း ထိုင်စားနိုင်တဲ့ပမာဏတော့ ရရှိပါတယ်။ ဒါကြောင့်လည်း ကလေးကို သေချာဂရုစိုက်ပေးနိုင်တာဖြစ်ပါတယ်။
Image credit - original source
Tiger Mother
ထို့အပြင် တရုတ်အမေများက ကလေးများကို အရမ်းစည်းကမ်းတင်းကျပ်ပါတယ်။ အတန်းထဲမှာ ပထမဆိုတဲ့နေရာကိုသာမက ဘက်စုံတော်အောင် အတင်းမောင်းပါတယ်။ အားကစားပိုင်း အနုပညာပိုင်းမှာလည်း အမြဲပြိုင်ဆိုင်စေပါတယ်။ ဒါကြောင့် သူတို့ကို Tiger Mothers လို့ တင်စားကြပါတယ်။ အမေရိကန်မှာ အခြေချနေတဲ့ Amy Chua က သူ့ရဲ့ Battle Hymn of Tiger Mother ဆိုတဲ့ စာအုပ်ကို ထုတ်ဝေလိုက်တဲ့အခါ အမေရိကန်နဲ့ တရုတ် မိဘအသိုင်းအ၀ိုင်းကြားမှာ အကြီးအကျယ် ဆွေးနွေးငြင်းခုံစရာ ဖြစ်သွားပါသေးတယ်။ ကလေးကို လွတ်လပ်မှုပေးတဲ့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ကလေးကိုရင်အုပ်မကွာ တင်းကျပ်စွာ စောင့်ရှောက်တဲ့ အရှေ့တိုင်းယဉ်ကျေးမှုက လုံးဝဖီလာဆန့်ကျင်ဖြစ်နေပါတယ်။ အောက်ပါပုံမှာ မြင်ရတာက Chua တို့ သားအမိတွေဖြစ်ပါတယ် ... Chua က သူ့သမီး ၂ယောက်ကို ကျောင်းမှာ ထိပ်ဆုံးဖြစ်အောင် အတင်းခိုင်းစေသလို သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာရင်လည်း အပြင်းထန်ဆုံး ဒဏ်ပေးပါတယ်။ သူဖြစ်စေချင်တဲ့ ပုံစံခွက်ထဲကို အတင်းဝင်အောင် သွပ်သွင်းပြီး သူ့သမီး ၂ယောက်ကို သူ ဘယ်လိုလေ့ကျင့်ပေးတဲ့အကြောင်း စာအုပ်ရေးသားခဲ့တာဖြစ်ပါတယ် ... ကျွန်တော့်အမြင်ပြောရရင်တော့ သူတင်းကျပ်တာက လမ်းကြောင်းမှန်ကနေ တင်းကျပ်တာ ဖြစ်ပါတယ် ... သူ့အတ္တအနည်းငယ်ပါပေမယ့် အစစအရာရာစိန်ခေါ်မှုများတဲ့ သူတစ်ပါးနိုင်ငံမှာ နေထိုင်စဉ်ကာလအတွင်း သူ့သမီးတွေကို သူများထက်သာအောင် ဖြစ်စေချင်တဲ့ သူ့စိတ်ကိုလည်း ထည့်တွက်ရပါမယ်။ တရုတ်တွေရဲ့ လက်ဆင့်ကမ်းလာတဲ့ ကလေးစောင့်ရှောက်မှုဓလေ့ကလည်း ဒီနေရာမှာ ပိုအလေးသာသွားပါလိမ့်မယ်။ မြန်မာမှာတော့ ကလေးကို စည်းကမ်းတင်းကျပ်တာဟာ စည်းစနစ်မကျဘူးလို့ ထင်ပါတယ်။ ကလေးအတွက် ၀န်ထုပ်ဝန်ပိုးသာ ဖြစ်စေပြီး တိုးတက်မှု သိပ်မရှိသေးပါ။ မိဘတွေရဲ့အတ္တတွေကသာ ပိုများနေပါမယ်။ မိမိမဖြစ်ခဲ့တာကို မိမိသားသမီးကို ဖြစ်စေချင်တဲ့စိတ်တွေ ပိုများတာမျိုးပါ ... ထို့ပြင် ကလေးကို ချစ်ပုံ လွဲမှားနေပြီး အစစအရာရာလုပ်ပေးတာကြောင့် ကလေးတွေမှာ ကိုယ့်စွမ်းကိုယ်စကို အားကိုးချင်စိတ် လျော့နည်းသွားတာမျိုးလည်း ရှိပါတယ် ... မိမိက မိမိကလေးရဲ့အနာဂတ်ဆိုတာကို သိရှိသူ ရှားပါးပါလိမ့်မယ် ...
Image credit - original source
ဘာသာစကား
တရုတ်တွေကို ချီးကျူးတဲ့ နောက်ထပ်အချက်တစ်ခုကတော့ အစစအရာရာမှာ သူတို့တရုတ်စာကို အားကိုးလို့ ရနေတာ ဖြစ်ပါတယ်။ လမ်းညွန်တွေ ဆိုင်းဘုတ်တွေသာမက ဆိုင်မှာ ရောင်းတဲ့ပစ္စည်းတွေအားလုံးကို တရုတ်စာနဲ့သာ ရေးသားထားပါတယ်။ ယုတ်စွအဆုံး ဆေးဆိုင်မှာ ဆေးဝယ်တာတောင် ကိုယ့်နိုင်ငံက အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ဆေးကို ၀ယ်လို့ မရပါ။ ဆေးအားလုံးကို အင်္ဂလိပ်ဆေးပဲဖြစ်ဖြစ် တိုင်းရင်းဆေးပဲဖြစ်ဖြစ် တရုတ်စာနဲ့သာ ရေးသားထားပါတယ်။ ဘာသာပြန်ပေးမယ့်သူ မရှိရင် ရမ်းသမ်းမှန်းသမ်းနဲ့ အနီးစပ်ဆုံးတူတဲ့ ဆေးကိုသာ ရရှိနိုင်ပါတယ်။ အင်္ဂလိပ်စာကို တရုတ်ဘာသာနဲ့ အကောင်းဆုံးဘာသာပြန်နိုင်စွမ်းရှိတာကလည်း သူတို့အတွက် အားသာချက်တစ်ခုဖြစ်နေပါတယ်။ နောက်အပိုင်းမှာ တရုတ်ဘာသာစကားကို သုံးစွဲနိုင်မှုအတွက် အားသာချက်များကို ထပ်မံဖော်ပြပေးပါဦးမယ် ...
Image credit - original source