မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ
သင်္ကြန်အကြတ်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုက်ပါရေတံခွန်ကို သွားစဉ် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ဆက်စပ်ပြီး ဆွေးနွေးပါရစေ ...
အမျိုးတွေက ဟိုက်ပါ ရေတံခွန်က အရမ်းလှတယ် ... သွားကြမယ်ဆိုလို့ လိုက်ပါသွားတာပဲ ရှိတယ် ... ဘယ်မှာတည်ရှိလဲ ... ဘယ်လောက်ဝေးလဲ မသိခဲ့ပါဘူး။
နားလိုက် သွားလိုက်နဲ့ ၆နာရီလောက် ကားပေါ်မှာ ကြာသွားခဲ့တယ်။ ကိုယ်တိုင် ကားမမောင်းရပေမယ့် ကားမောင်းတဲ့ ဦးလေးရဲ့နံဘေးမှာထိုင်လိုက်လာရတာဆိုတော့ အိပ်ချင်တာကိုတောင် မအိပ်ရဲပါဘူး။ ဟုတ်ပါတယ် ... အသိစိတ်က ခံယူထားတဲ့ လူ့လောကရဲ့ကျင့်ဝတ်တွေက ဒီနေရာမှာ ကိုယ့်ရဲ့အိပ်ချင်စိတ်ကို တားဆီးနေပါတယ်။
Image credit - original source
ခရီးရှည်မောင်းရတဲ့ ယာဉ်မောင်းသူနဲ့အတူ ထိုင်လိုက်လာရင် -
- သူနဲ့ ထွေရာလေးပါး စကားစပ်ပြောနေရပါမယ် ... မပျင်းရိအောင်ပါ။
- အာရုံစိုက်ပြီး မောင်းသင့်တဲ့နေရာတွေကို ရောက်ရင်တော့ တိတ်တဆိတ်နေပေးရပါမယ်။
- ယာဉ်မောင်းသူနံဘေးမှာ အိပ်ပြီး မလိုက်ရပါဘူး ... ကိုယ်အိပ်တာက သူ့အတွက် ပျင်းရိမှုဖြစ်စေပြီး မတော်တဆအမှားတွေကို မရည်ရွယ်ဘဲ ဖြစ်သွားစေနိုင်တာကြောင့်ပါ။
- ရှေ့မြင်ကွင်းကို ကိုယ်ပါ လိုက်ကြည့်နေပြီး သတိပေးတန်ရာ သတိပေးနေရပါမယ် ... ကားကိုကျော်တက်ရင် လွတ်မလား ... ရှေ့မှာ ကားလာနေသလား ... စသဖြင့်ပေါ့ ...
ယာဉ်ပေါ်ပါလာသူတွေရဲ့အသက်ဟာ ယာဉ်မောင်းသူ အပေါ်မှာ မူတည်နေတာကြောင့် နံဘေးမှာ အတူထိုင်လိုက်သူကလည်း တတ်နိုင်သမျှ ကူညီပေးရပါမယ်။
ဒါကြောင့်ပဲ လမ်းနံဘေးက မြင်ကွင်းတွေကို သတိထားမိပါတယ်။ သင်္ကြန်ဆိုရင် ရန်ကုန်မှာ အပြတ်အသတ်ကဲကြပေမယ့် ရှမ်းပြည်နယ်က ရွာတွေ မြို့ငယ်တွေမှာတော့ ကျဲတောက်တောက် ရေကစားတာကိုပဲတွေ့ပါတယ်။ အထူးသဖြင့် ကလေးတွေပေါ့။ လမ်းပေါ်က ဖြတ်သွားသမျှ လူတွေကို လှမ်းပက်နေပေမယ့် ကားမှန်အလုံပိတ်ပြီး ဖြတ်သွားတာကို ငေးကြည့်နေရတာက များပါတယ်။ တချို့ရွာတွေမှာ ဆိုရင် ကစားတာ မရှိပါဘူး။ တပ်စခန်းအခြေစိုက်ထားတဲ့နေရာတွေမှာတော့ တပ်က လုပ်တဲ့ မဏ္ဍပ်တွေ ရှိပါတယ်။ ကလေးတွေရဲ့ယိမ်းအကတွေလည်း ထည့်သွင်းထားပါတယ်။ အဲဒီလိုနေရာမှာတော့ ၀တ်စုံဆင်တူလေးတွေနဲ့ ချစ်စရာ ကလေးငယ်လေးတွေ အလှချင်းပြိုင်နေကြတာပေါ့။
Image credit - original source
ကျေးသီးမြို့ကို ကျော်လွန်ပြီး မိုင်းရှူးကို သွားတဲ့လမ်းအရောက်မှာတော့ စစ်ရှောင်ပုန်းသူတွေ အခြေချရာ ရွာစုလေးတွေ ရှိပါတယ်။ ကားလမ်းနံဘေး မြောင်းထဲက ရေကို ရေပုံးလေး ဆွဲကာ ဆွဲကာနဲ့ အရှေ့က ဖြတ်သွားသမျှ ဆိုင်ကယ်သမားတွေကို ရေပက်နေတဲ့ ကလေးအုပ်စုတွေ ... ရွာထိပ်ရေချိုးကန်က ရေကို သွားသွားဆွဲပြီး ပက်နေတဲ့ ကလေးအုပ်စုတွေကို တွေ့လာရသလိုပဲ သူတို့နဲ့ မနီးမဝေးမှာ လက်ကလေး ဖြန့်ပြီး ဖြတ်သွားသမျှ ကားတွေကို ငေးမောနေတဲ့ ကလေးတွေလည်း ရှိပါတယ် ... အရင် မိုင်းရှူးခေတ်ကောင်းတုန်းက အဲဒီလမ်းဟာ ကားအသွားအလာများပြီး လမ်းဘေးမှာ တောင်းရမ်းတဲ့ ကလေးတွေလည်း အများအပြားရှိခဲ့ကြောင်း ... အခုထိလည်း တောင်းရမ်းတဲ့ အလေ့အထက ကျန်နေသေးကြောင်း ဦးလေးက ရှင်းပြပါတယ်။ မညီမျှမှုတွေကို ယှဉ်တွဲမြင်မိတာကြောင့် စိတ်ထဲမှာ မကောင်းဘူး ဖြစ်သွားပါတယ်။
Image credit -original source
ရေတံခွန်က အပြန်လမ်းမှာလည်း အဲဒီကလေးတွေကို ထပ်မံတွေ့ရတဲ့အပြင် ၃နှစ် ၄နှစ်အရွယ် ကလေးတစ်ဦးက လမ်းနံဘေး နေပူရှိန်အောက်မှာ လက်မောင်းလုံးလောက်ရှိတဲ့မြွေသေကြီးတစ်ကောင်ကို မြှောက်ကိုင်ပြီး ရပ်နေတာကို တွေ့ရတာကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ ကိုယ်ကသာ အဲဒီလိုဖြစ်တာ ... မြင်နေကျသူတွေအတွက်တော့ မထူးဆန်းတော့ပါဘူး။ ဖြတ်သွားဖြတ်လာ တရုတ်တွေက မြွေသားစားရအောင် ၀ယ်နိုင်တာကြောင့် အခုလို ပြပေးနေတာလို့ သိလိုက်ရတော့ စိတ်မကောင်းဖြစ်သွားပါတယ်။ အဲဒီအရွယ်က တချို့ကလေးတွေဆိုရင် မိဘက ထမင်းမစားလို့ အတင်းလိုက်ပြီး ခွံ့ကျွေးနေရတဲ့ အရွယ်ပါ ... သူတို့ကတော့ ကိုယ့်ဝမ်းစာ ကိုယ်ရှာနေကြရတယ် ... ဒါတွေဟာ ဘာကြောင့်လဲ ...ခေတ်စနစ်ကြောင့်လား ... အချောင်လိုချင်တဲ့စိတ်ဝင်နေလို့လား ... စီးပွားရေးကျပ်တည်းလွန်းလို့လား ... လားပေါင်းများစွာနဲ့ ကိုယ့်ဘာသာ မေးခွန်းထုတ်နေမိပါတယ်။
Image credit - original source
အဲဒီနယ်မြေက အရင်တုန်းက မအေးချမ်းခဲ့ပါဘူး။ သူတို့ကလည်း ဇာတိရပ်ရွာကို စွန့်ခွာပြီး အဲဒီနေရာမှာ ပြန်လည်အခြေချနေရတာပါ။ သူတစ်ပါး လှူဒါန်းတာကို စားသောက်ခဲ့ရတဲ့ဘ၀ပါ။ ဒါကြောင့် မိမိဝမ်းတစ်ထွာအတွက် ၄င်းကဲ့သို့ ကလေးတွေကို ခိုင်းစေရတာကလည်း ဖြစ်နိုင်ပါတယ်။
အဲဒီလမ်းဟာ တစ်ချိန်တုန်းက လောပန်တွေရဲ့ကားတွေ ဥပဟိုသွားလာနေတဲ့လမ်းတစ်ခုပါ။ ငွေရွှင်နေတဲ့ သူတွေ အတွက် အနည်းငယ်စွန့်ကြဲတာဟာ ဘာမှမပြောပလောက်ပေမယ့် တစ်စက်ချင်းကျတဲ့ ရေတွေကို လိုက်စုရင်း ရလာတဲ့ ရေတစ်ခွက်ကို သောက်လိုက်ရတဲ့ သူတို့အတွက် ဘ၀အမောကို ခဏတာပြေစေနိုင်တာကြောင့် အလုပ်ကြမ်း မခိုင်းစေနိုင်သေးတဲ့ ကလေးအရွယ်လေးတွေကို အဲဒီလို လုပ်ခိုင်းပြီး တစ်ဖက်တစ်လမ်းက အိမ်စရိတ်ရအောင် ကြံစည်တာလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ ... သူတို့အရွယ်ဟာ ပြေးလွှားခုန်ပေါက်ပြီး ဆော့ကစားရမယ့်အရွယ်၊ အေးအေးချမ်းချမ်းနဲ့ ဘ၀ကို ဖြတ်သန်းရမယ့် အရွယ်ပါ။ မိဘတွေက ဘယ်လိုပဲ အခက်အခဲကြုံတွေ့နေပါစေ ... ကလေးကို တန်ဖိုးထားပြီး သူ့အရွယ်မှာ ရှိသင့်တဲ့ အခွင့်အရေးကို ပေးသင့်ပါတယ်။ အခုလို နေပူပြင်းတဲ့ လမ်းနံဘေးမှာ မလှုပ်မယှက် ရပ်နေပြီး လက်လေးတွေ ဖြန့်ကာ အားငယ်စိတ်နဲ့ ကြည့်နေတာဟာ အနာဂတ်ပျောက်နေတဲ့ သူတွေ အလားပါပဲ။
သူတို့ အကြောင်းကို တွေးတောရင်း ရန်ကုန်က မိမိစာသင်နေတဲ့ ကလေးငယ်တွေအကြောင်း စိတ်က တွေးမိသွားပြန်ပါတယ်။
(အပိုင်း -၂ ကို ဆက်လက်ဖော်ပြပါမည်။)