System or Habit ? စနစ်ကြောင့်လား အကျင့်ကြောင့်လား အပိုင်း-၁ မှ အဆက် >>>>>>>
ကလေးတွေကို စာစသင်မယ်လို့ ကြီးကြီးမားမားရည်မှန်းတာ မရှိခဲ့ပါဘူး။ သူတို့အတွက် ပညာရွှေအိုးမြုပ်နှံရင်း ကိုယ့်အတွက်ပါ တစ်ကိုယ်စာသုံးစွဲနိုင်ရုံ ပညာတွေ ပြန်ရချင်တာပဲ ရှိခဲ့တယ်။ ဒါပေမယ့် သူတို့ကို မျှော်လင့်ချက်ပေးချင်စိတ်တော့ အပြည့်ရှိခဲ့တယ်။ ဒါကြောင့်လည်း သင်တန်းကို HOPE လို့ အမည်ပေးဖြစ်သွားပါတယ်။
သင်ကြားနေရင်း သူတို့ဆီကနေ အတွေ့အကြုံတွေ အများကြီးရရှိခဲ့တယ်။ ကိုယ့်အနေအထိုင် အပြောအဆိုပါ သူတို့ကြောင့် ပြောင်းလဲခဲ့တယ်။ ပတ်ဝန်းကျင်မှာလည်း ဆရာတစ်ဦးနဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရရှိခဲ့တယ်။ ဒါဟာ စေတနာရောင်ပြန်ဟပ်တာပါ။ သင်ကြားတဲ့အခါ သင်ရိုးကို သေချာဆွဲမယ်လို့ ပထမက စိတ်ကူးခဲ့ပေမယ့် တကယ်သင်ကြားဖြစ်ခဲ့တော့ သင်ရိုးဆိုတာ မရှိတော့ဘူး ဖြစ်လာတယ်။ အစတုန်းက သူတို့ကို စာရအောင် သင်မယ် စိတ်ကူးခဲ့ပေမယ့် တကယ်တမ်း စာထက် ပိုပြီး အရေးကြီးတာတွေ ရှိတာကို တွေ့မိတယ်။
စဉ်းစားကြည့်ရအောင်ဗျာ ... စာဆိုတာက တစ်ဘ၀လုံးသင်လို့ ရပါတယ်။ ခံယူချက်အမြင်မှန်နဲ့ ကိုယ်ကျင့်တရားကတော့ တစ်ဘ၀လုံးသင်ရမယ့်အရာ မဖြစ်သင့်ပါဘူး။ ငယ်စဉ်ကတည်းက အခြေခိုင်ရင် ... သူတို့လေးတွေ ကြီးလာတဲ့အခါ ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်ပါပြီ။ ကိုယ်ပိုင်ခံယူချက်ရှိတဲ့သူအတွက် လမ်းမှန်ကို ရွေးနိုင်ပါပြီ။ မဟုတ်ရင် သွားတော့ သွားနေတယ် ... ဘယ်လမ်းကို ရောက်မှန်း ... ဘယ်ကိုသွားမှန်း မသိတဲ့ ဘ၀ကို ရောက်ပါမယ်။ ဘ၀က ပုံဖော်တဲ့လမ်းကိုပဲ လိုက်ပါလျှောက်လှမ်းပြီး ကိုယ့်ရည်မှန်းချက်ဆိုတာကေ၀၀ါးနေမယ်။
အဲဒီလို မိမိဘာလုပ်မှန်း မသိဘဲ မိဘတွေလုပ်ခိုင်းသလို ပတ်ဝန်းကျင်ကပုံဖော်သလို ဘ၀ကို လျှောက်လှမ်းနေမယ်ဆိုရင် ဟိုက်ပါက ကလေးတွေနဲ့ တူနေပါပြီ။ compare ဆိုတဲ့ စကားတစ်လုံးကြောင့် different နဲ့ same ဆိုတဲ့ situation က ဖြစ်လာပါပြီ။ ချိန်တဲ့ချိန်ခွင်နဲ့ သုံးတဲ့အလေးအပေါ်မူတည်ပြီး ဘယ်သူသာတယ် ဘယ်သူနာတယ်ဆိုတာ ဖြစ်လာပါပြီ။ လက်ငင်းအခြေအနေအရ ... ဘယ်သူ့ဘ၀က ပိုသာလွန်သလဲဆိုတာ ချက်ချင်းပြောနိုင်ပေမယ့် မိဘတွေရဲ့နှင်တံတို့မှုအောက်မှာ မျက်စိမှိတ်ပြီး လှမ်းနေပုံခြင်းကတော့ အတူတူပါပဲ။
ဟိုက်ပါက ကလေးတွေက အခုအရွယ်ရောက်ပြီး တောင်ယာဝင်လုပ်နေတဲ့ ... ထိုင်းမှာ သွားပြီး အလုပ်လုပ်နေတဲ့ သူတို့နောင်တော်တွေရဲ့နေရာကို ၀င်ယူကြတာပဲ ဖြစ်နိုင်ပါတယ်။
ရန်ကုန်က မိမိစာသင်နေတဲ့ကလေးတွေကရော ... ဘယ်သူ့နေရာကို ၀င်ယူကြတာလဲ ... သူတို့အခြေအနေကို လေ့လာကြည့်မိသလောက်တော့ ...
- ကလေးတွေက တကယ်တမ်း ပါးစပ်ကနေသာ စာကို ဆိုပေမယ့် စိတ်ထဲမှာ စာကို မဖော်တတ်ကြတာ များနေတယ်။
- A ကနေ Z အထိ အော်ဆိုနိုင်ပေမယ့် ဘယ်ဟာက ဘယ်စာလုံးဆိုတာ ဝေခွဲမရတဲ့ ကလေးတွေလည်း ပါလာတယ်။
- စာကို ဤ သည် မလွဲအောင် ဆိုပြနိုင်ပေမယ့် အဓိပ္ပာယ်မသိတဲ့ ကလေးတွေ ရှိတယ်။
- ဆရာ/ မ ရေးတာကိုပဲ ကူးတတ်ပြီး ပါးစပ်က ခေါ်ပေးတဲ့ စကားလုံးကို မသိတဲ့ ကလေးတွေ ရှိတယ်။
- စာရေးတဲ့အခါ ၀စ္စနှစ်လုံးပေါက်တွေ အောက်ကမြစ်တွေ ကျန်ခဲ့တဲ့ ကလေးတွေရှိတယ်။
- စာဆိုတုန်းကတော့ ဖြောင့်ဖြူးပေမယ့် ရေးချတဲ့အခါ သတ်ပုံအမှားတွေကိုပဲ ပေါင်းတတ်တဲ့ ကလေးတွေ ရှိတယ်။
- b, p နဲ့ d ကို မခွဲတတ်ဘဲ d နဲ့ပေါင်းထားတဲ့ စာလုံးကို ဆရာက မတိုင်ဘဲ ဆိုခိုင်းတဲ့အခါ p လို့ အသံထွက်နေတာပါ ရှိတယ်။
- စာကို ရတယ်ဆိုပေမယ့် တကယ်တမ်းဆိုတဲ့အခါ ရေးတဲ့အခါ နှစ်ခါ သုံးခါ အမှားပြင်ခိုင်း ကျက်ခိုင်းနေရတတ်တဲ့ ကလေးတွေလည်း ရှိတယ်။
- ကစားမက်ပြီး စာမကျက်၊ စာမလုပ်တဲ့ ကလေးလည်းရှိတယ်။
- မိဘကို ကူညီနေရတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်က ကျောင်းသားဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်ကို ကဏ္ဍမခွဲတတ်တဲ့ ကလေးတွေလည်း ရှိတယ်။
- သူတစ်ပါးကို လျှောက်စနေတဲ့ ကလေးလည်း ရှိတယ်။
- စာသင်တုန်း စကားလျှောက်ပြောနေတဲ့ ကလေးလည်း ရှိတယ်။
- စာတော့ လုပ်ပါတယ် ... စာမေးတဲ့အခါ မရတဲ့ ကလေးလည်း ရှိတယ်။
- စာကူးရေးတာကိုတောင် မှားအောင် ရေးတဲ့ကလေးလည်း ရှိတယ်။
- သူငယ်ချင်းကို အဖော်မက်ပြီး သူ မတက်ရင် လိုက်မတက်တဲ့ ကလေးလည်း ရှိတယ်။
- ဘာပြောပြော တဟဲဟဲလုပ်နေပြီး လုပ်ချင်တာ လုပ်တတ်တဲ့ကလေးတို့ ... ဆူလိုက်တဲ့အခါ မျက်ရည်လွယ်တဲ့ ကလေးတို့လည်း ရှိတယ်။
- မိမိလုပ်ချင်တာကို လုပ်တတ်ပြီး ကိုယ့်ကြောင့် သူတစ်ပါးအနှောင့်အယှက်ဖြစ်ရတာကို မသိတဲ့ ကလေးတွေ ရှိတယ်။
ဒါဟာ သူတို့ရဲ့ပတ်ဝန်းကျင် ဗီဇအရ သူတို့နောင်တော်တွေရဲ့ခြေရာကို လိုက်တယ်လို့လည်း ဆိုရပါမယ်။
ပြီးတော့ မိဘတက်ခိုင်းတဲ့ သင်တန်းတွေ ကျူရှင်တွေ တစ်ပုံတစ်ပင်ကို အချိန်မလောက်မငနဲ့ လိုက်တက်ရတဲ့ ကလေးတွေလည်း မြို့နေလူထုကြားမှာ ရှိပါတယ် ... ဒါဟာ ကားလမ်းမနံဘေးမှာ မိဘစေခိုင်းတဲ့အတိုင်း လက်ဖြန့်ပြီး မလှုပ်မယှက်ရပ်နေတဲ့ကလေးတွေနဲ့ အလားသဏ္ဍန်တူနေပါပြီ ...
မိဘတွေရဲ့အတ္တ၊ ပတ်ဝန်းကျင်ရဲ့ပြိုင်ဆိုင်မှု ... တစ်ခါတလေ မသိနားမလည်မှုတို့ကြောင့် ပုံစံခွက်ထဲရောက်နေတဲ့ ကလေးတွေအများကြီးပါ။ မိမိကရော သူတို့ဘာသာ သူတို့ပုံစံခွက်ထဲ ရောက်နေတာကိုဆွဲထုတ်ပြီး မိမိပုံစံခွက်ထဲ ထည့်ရမှာလား ... အရှိန်နဲ့ လည်နေတဲ့ဘီးကို တုတ်ကလန့်ခံပြီး အတင်းရပ်အောင် လုပ်မှာလား ... သုံးလတာ အချိန်အတွင်းမှာ သူတို့ကို အများကြီးရည်မှန်းထားရမှာလား ...
စဉ်းစားကြည့်ရအောင်ပါ ... ကလေးတွေဟာ မွေးလာတုန်းက တစ်ပုံစံတည်းပါပဲ ... ဘာကြောင့် အဲဒီလိုအမျိုးအစားကွဲနေရတာလဲ ...
ဒီလိုအမျိုးအစားစုံရှိတဲ့ ကလေးတွေကို တစ်ပုံစံတည်းဖြစ်အောင် ဘာကြောင့် လုပ်ရမှာလဲ ...
သူတို့ကို စာသင်နေတဲ့အခါ တစ်သွေး တစ်သံ တစ်မိန့်နဲ့ " တိတ်" ဆိုတဲ့ စကားတစ်ခွန်းကို ပြောဖို့တောင် အတော်လေးစဉ်းစားရပါတယ် ...
အဲဒီအတွေးဟာ ဟိုက်ပါခရီးက ကလေးတွေကို တွေ့တဲ့အခါ ပိုပြီးခိုင်မာလာစေပါတယ်။
သူတို့လေးတွေ စကားမပြောတာက သူတို့ကို စကားပြောတဲ့လူ မရှိလို့ပါ။
သူတို့လေးတွေ အားငယ်တာက အားပေးတဲ့လူ မရှိလို့ပါ။
ဒါပေမယ့် လက်ဖြန့်ထားတဲ့ သူတို့လက်တွေကတော့ မျှော်လင့်ချက်ဆိုတာကို ကမ်းလင့်နေတယ်။
ဘယ်လိုမျှော်လင့်ချက်များလဲ?
သူတို့ တစ်နေ့စာ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးမှုကို မျှော်လင့်နေတာ ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ် ဘာကို မျှော်လင့်ရမှန်း မသိတာလည်း ဖြစ်နိုင်ပါတယ်။
လှေကြီးထိုး ရိုးရိုးလေးသွားတဲ့ လမ်းစဉ်နောက်ကို လိုက်ဖို့ အချိန်စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ...
သူတို့ရဲ့ကမ်းလက်တွေထဲကို ပိုက်ဆံအသပြာအပြင် မျှော်လင့်ချက်တွေပါ ထည့်ပေးနိုင်မယ်ဆိုရင် ...
သူတို့အတွက် လျှောက်လှမ်းရမယ့် လမ်းစတွေပါ ဖော်ပေးနိုင်မယ်ဆိုရင် ...
သူတို့အတွက် လက်ဆုပ်လက်ကိုင်ပြစရာ ရှိလာမယ်ဆိုရင် ...
အဲဒီလက်တွေကို ဆက်လက်ဖြန့်ပါဦးမလား ...
သူတို့သားသမီးတွေကိုရော အဲဒီလက်တွေ ဆင့်ကဲ လက်ဖြန့်ခိုင်းပါဦးမလား ...
အဖြေကတော့ သူတို့ပတ်ဝန်းကျင်ရဲ့လုပ်ဆောင်မှုကနေသာ သီးပွင့်လာပါလိမ့်မယ် ...
မိမိကတော့ အမြဲစီးဆင်းတဲ့ရေအလျဉ်သာ ဖြစ်ဖို့ ကြိုးစားနေပါတယ် ...
အချိန်တစ်ခုရောက်ရင် သူတို့အတွက် ရေကြည်တစ်ပေါက်လောက် ပေးနိုင်သူလည်း ဖြစ်ချင်ဖြစ်မယ် ...
ယခုစာနဲ့လည်း သူတို့တွေဆီ ရေကြည် တိုက်ကျွေးမယ့်လူတွေကို တွန်းပို့ပေးတဲ့သူ ဖြစ်ချင်ဖြစ်မယ် ...
အားလုံးကို အသိပေးချင်တာကတော့ မိမိကိုယ်တိုင်ဟာ တစ်လောကလုံးကို မပြောင်းလဲစေနိုင်ဘူးဆိုတာပါ ... ဒါကြောင့် မိမိကိုယ်ကိုနဲ့ မိမိပတ်ဝန်းကျင်ကို အရင်ဆုံး ပြောင်းလဲအောင် ကြိုးစားပေးပါ ... တဖြည်းဖြည်းနဲ့ ဆင်သွားရာ လမ်းဖြစ်သွားပါလိမ့်မယ် ...