လူဆိုတာ အလုပ်မလုပ်ဘဲနဲ့လဲ တသက်လုံးရပ်တည်ဖို့ မလွယ်နိုင်ပါဘူး။ အလုပ်ချည်းပဲအချိန်ပြည့် နေရာပေးထားရပြန်ရင်လည်း ဘ၀က ဘယ်လိုမှအဓိပ္ပါယ်မရှိနိုင်ပါဘူး။ ဒါဆို ဘ၀ကိုပျော်ပျော်ရွှင်ရွှင် အဓိပ္ပါယ်ရှိရှိနဲ့ အလုပ်မှာလည်း လစ်ဟင်းမှုမရှိတဲ့သူတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုဟန်ချက်ညီညီ စီမံခန့်ခွဲဖို့ မလိုအပ်ဘူးလား ???
Images Credit - Original Source
အဲ့လိုဘ၀တစ်ခုရဖို့အတွက် ယခုဖေါ်ပြတဲ့ အကြောင်းအရာများက သင့်ကို အထောက်အကူပြုပြီး အကျိုးရှိစေနိုင်ပါလိမ့်မယ်။
သင့်ကိုယ်ပိုင်ဟန်ချက်ထိန်းနည်းကိုသင်ရှာဖွေပါ။ စည်းကမ်းချက်တွေမလိုပါဘူး။ ကိုယ်ဘာကိုဦးစားပေးသင့်တယ်၊ ဘာကိုအချိန်ရွှေ့ဆိုင်းလို့ရတယ်ဆိုတာ ကိုယ်အသိဆုံးပါ။ ကြိုတင်ပြင်ဆင်စရာလိုတာတွေ မလိုတာတွေကိုလည်း သေချာစီစဉ်ဆောင်ရွက်ထားပါ။ အဓိကက "ငါလုပ်ရမှာပါပဲ" "ငါလုပ်ရင်ကောင်းမလား" ဆိုပြီးတော့ မတွေဝေပါနဲ့။ ဘေးလူတွေရဲ့ စကားအတိုင်းလည်း လိုက်ပြီးမစဉ်းစား မဆုံးဖြတ်ပါနဲ့။ ကိုယ့်လိုအပ်ချက်၊ စိတ်ခံစားချက်တွေကို ကိုယ်ကသာအသိဆုံးပါ။ အဲ့တော့ ကိုယ်ဘယ်လိုလုပ်ရင် ဘယ်လိုစီစဉ်ရင်ကိုယ့်အတွက် အကောင်းဆုံးလဲဆိုတာ ကိုယ်ဘာသာပဲ ဆုံးဖြတ်ရှာဖွေပါ။
စိတ်လှုပ်ရှားတက်ကြွမှုကိုလည်းသတိထားပါ။ အလုပ်မှာ တက်တက်ကြွကြွရှိတာ ကောင်းပါတယ်။ တက်ကြွတဲ့စိတ်က ကိုယ့်ကိုခွန်အားတွေ၊ စွမ်းဆောင်ရည်တွေ တိုးမြှင့်ပေးနိုင်တယ်လို့ ထင်ရပေမယ့် အပြည့်တော့မမှန်ပါဘူး။ ဘာလို့လဲဆိုတော့ တက်တက်ကြွကြွဖြစ်နေရာကနေ အချိန်ကြာလာတာနဲ့အမျှ လူရောစိတ်ရောစပင်ပန်းလာပါတယ်။ ပြီးရင် ကိုယ်ကတက်ကြွစိတ်အား ထက်သန်လွန်းတော့ ကိုယ်ပင်ပန်းစပြုလာတဲ့အခါမှာ စိတ်ဖိစီးမှုပါစ၀င်လာပါတယ်။ တက်ကြွလွန်းတဲ့ သူတစ်ယောက်ဖြစ်တော့ စိတ်ဖိစီးမှု မရှိလာရင်တောင်မှ ကိုယ်ကဘယ်လိုမျိုးထပ်ဖြစ်တာ၊ ဘာတွေထပ်လုပ်ချင်တာ စသဖြင့်အတွေးတွေ ပိုများလာပါတယ်။ တကယ်လို့ စိတ်အားတက်ကြွလွန်းတာကိုက သင့်ပင်ကိုယ်စရိုက်ဖြစ်နေရင်တော့ သင်ရေရှည်အဆင်ပြေပြေ ရပ်တည်နိုင်ဖို့အတွက် စိတ်ကို ခဏအနားပေး ငြိမ်နေတာမျိုးလုပ်ဖို့ လိုအပ်ပါတယ်။ ပင်ပန်းပြီး တက်တက်ကြွကြွမရှိတော့မှာကို မကြောက်ပါနဲ့။ ပင်ပန်းစရာရှိရင် ပင်ပန်းလိုက်ပါ။ လေးလံ ထိုင်းမှိုင်းသလိုဖြစ်နေရင်လည်း ဖြစ်ပါစေ။ ဒါမှ အနားရသွားပြီးရင် ပြန်တက်ကြွလန်းဆန်းလာနိုင်မှာပါ။ လူတတ်ကြီးသိပ်လုပ်ပြီး အပြောသိပ်မကြီးပါနဲ့။ အလုပ်ခွင်မှာ "ငါလုပ်စရာတွေအများကြီးရှိသေးတယ်" "ငါပဲဒီကိစ္စတွေအကုန်လုံးကိုလုပ်နိုင်မှာ" ဆိုတာမျိုးတွေပြောဖူးလား ??? ကိုယ်က သိပ်လုပ်ပြချင်တော့ တကယ်ကို ကိုယ့်အတွက် အလုပ်တွေများလာပါပြီ။ အဲ့တော့တဖြည်းဖြည်းနဲ့ လူရော စိတ်ပါ ပင်ပန်းလာရပါတယ်။ ပိုဆိုးတာက အဲ့လိုတွေပြောနေ လုပ်နေတာက ကိုယ့်ကိုလူတော်ကြီးလို့ ထင်မယ်လို့မတွက်ပါနဲ့။ သင့်လုပ်ရပ်တွေက သင့်လုပ်ဖော်ကိုင်ဖက်တွေကို ပိုပြီးစိတ်ရှုပ် အမြင်ကပ်စေပါတယ်။ နောက်ပြီး သင်ကလုပ်နိုင်တယ်လို့ ကြွေးကြော်ထားတော့ တာဝန်တွေက သင့်ဆီပိုပုံကျလာတော့မှာပါ။
Images Credit - Original Source
အကူအညီတောင်းပါ။
အကူအညီယူတာကလည်း စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်ရတာတွေကို လျော့ကျစေပါတယ်။ အခက်အခဲပြသနာတွေကို ကိုယ့်ဘာသာ ကြိတ်ဖြေရှင်းနေတာထက်စာရင် အသိပေးစရာရှိတာကိုပေးပါ။ လုပ်ဖော်ကိုင်ဖက်တွေ မန်နေဂျာတွေကို ပြောဆိုတိုင်ပင်ပါ။ သင်အကူအညီမတောင်းရတဲ့အကြောင်းက (၁) သင့်ကို ကိုယ့်ဘာသာမကိုင်တွယ် မဖြေရှင်းတတ်တဲ့သူလို့ ထင်မှာစိုးတာ။ (၂) တခြားလူတွေကို အနှောင့်အယှက် မပေးချင်တာ၊ သင်ကပြသနာဖြစ်လွန်းသူလို့ ထင်မှာစိုးတာ။ (၃) ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဖြစ်မြောက်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ချက်မရှိတာမျိုးလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ အဓိကကတော့ အကူအညီလိုရင် မေးမြန်းဖို့ကို တုံ့နှေးပြီးမချင့်မရဲနဲ့ အချိန်ဆွဲတာမျိုးမဖြစ်ပါစေနဲ့။
ကိစ္စတစ်ခုခုကို ပြီးမြောက်အောင်လုပ်ရတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ဒီအလုပ်ကပြီးရုံပဲလုပ်လို့ရလား၊ အကုန်လုံး သေသေချာချာ လှလှပပပြီးမြောက်မှ အဆင်ပြေမှာလား၊ ကိုယ်ကိုယ်တိုင်လုပ်မှ ဖြစ်မှာလား၊ လူလွှဲပြီးလုပ်ခိုင်းလို့ရော ရနိုင်လား ဆိုတာကိုသေချာစဉ်းစားပါ။
ဥပမာပြောရရင် Martha က နေ့တိုင်း သူမရဲ့မိသားစုအတွက် အ၀တ်လျှော်ရပါတယ်။ အရင်တုန်းက အဆင်ပြေပေမယ့် သူမအလုပ်ရပြီးတဲ့နောက်ပိုင်းမှာ အ၀တ်လျှော်တဲ့အလုပ်ကို သူမသေချာသီးသန်. အချိန်ပေးလုပ်ဖို့ အခက်အခဲဖြစ်လာပါတယ်။ သူမခင်ပွန်းကို အကူအညီတောင်းပြီး လုပ်ခိုင်းလည်းရပေမယ့် သူမကိုယ်တိုင် လုပ်တာလောက် စိတ်တိုင်းမကျပြန်ပါဘူး။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သူမစိတ်တိုင်းမကျဘူး ဘယ်လောက်ပြောပြော အခုတော့ အ၀တ်လျှော်တဲ့အလုပ်ကို သူမအချိန်ပေးနိုင်တဲ့အချိန်သူမ၊ သူမမအားရင် သူမယောင်္ကျားကပဲ ကူနေရပါတယ်။ သူမယောင်္ကျားလျှော်ဖွပ်တဲ့အခါတွေ သူမသဘောမကျပေမယ့် ဒီအလုပ်က ဘယ်သူလုပ်လို့ပြီးပြီး ပြီးမြောက်ဖို့က အဓိကမို့လို့ ဒီလိုဖြေရှင်းလိုက်တော့လည်း အဆင်ပြေသွားတာပါပဲ။
"မဖြစ်ဘူး " " မလုပ်ဘူး " လို့ပြောပါ။
ဒီစကားကို အမြဲတမ်းပြောခိုင်းတာ မဟုတ်သလို၊ အလုပ်ကိစ္စ တာဝန်ပိုင်းတွေနဲ့ပတ်သက်ပြီး ပြောခိုင်းတာလည်းမဟုတ်ပါဘူး။ ဒီလိုအငြင်းစကားတွေကို အလုပ်နဲ့အိမ်မှာ ယူရမယ့်အပိုတာဝန်တွေနဲ့ ပတ်သက်လာမှ ပြောခိုင်းတာပါ။ တကယ်လို့ သင်က တော်ရုံငြင်းဆိုတတ်တဲ့သူ မဟုတ်ဘဲ " ဟုတ်ကဲ့ " ဆိုတာချည်းပဲ ပြောတတ်တဲ့သူဆိုရင်တော့ သင်တာဝန်တွေ ပိလာတော့မှာသေချာပါတယ်။ အဲ့လိုမဖြစ်ချင်ရင်တော့ သင့်ကို အလုပ်ပိုလုပ်ခိုင်းဖို့ ပြောလာတဲ့အခါ ၅မိနစ်နေရင် ကျွန်တော်ပြန်လာပြောပါ့မယ်ဆိုပြီး အဲ့၅မိနစ်မှာ သူအကူအညီတောင်းတဲ့ကိစ္စကို လက်ခံသင့်လား လက်မခံသင့်လား သေချာစဉ်းစားပါ။ တကယ်လို့ သင့်အဖြေက မလုပ်နိုင်ဘူး လို့သာ ဖြေမယ်ဆိုခဲ့ရင် သူ့ကို ဆောရီးပါ၊ ကျွန်တော်မအားဘူး မလုပ်နိုင်ဘူး လို့ပဲတိုက်ရိုက်ငြင်းပါ။ တခြားဆင်ခြေတွေမပေးပါနဲ့။ ရိုင်းရိုင်းစိုင်းစိုင်း ခါးခါးသီးသီးကြီးလည်း ငြင်းစရာမလိုပါဘူး။ မလုပ်နိုင်တာကို မလုပ်နိုင်ကြောင်းသာငြင်းလိုက်ပါ။
Images Credit - Original Source
လက်ခံလိုက်ရင် ထပ်လက်မခံနဲ.တော့.....
အလုပ်ပိုတစ်ခုကိုကိုယ်လုပ်မယ်လို့ လက်ခံမိသွားတယ်၊ တကယ်တမ်း ကိုယ့်မှာလုပ်စရာအလုပ်တွေကလည်း မပြတ်သေးဘူးဆိုရင် နောက်ထပ်အလုပ်ပိုတွေကို ထပ်တော့လက်မခံပါနဲ.တော့။ အဆင်ပြေမှာ သေချာတဲ့အလုပ်မျိုး ထပ်ဝင်လာရင်တောင် လက်မခံပါနဲ.တော့။ ဘယ်လောက် အဆင်ပြေမယ်ထင်ထင် ပြီးစီးအောင်လုပ်နိုင်ဖို့က အဓိကပါ။
တစ်ပတ်တာအားလပ်ချိန်ထားပါ။
၎ပတ် (သို့) ၆ပတ် တစ်ခါ တစ်ပတ်လုံးအနားယူပါ။ အလုပ်နဲ့ ပတ်သက်တာတွေ၊ အစီအစဉ်တွေ၊ Meeting တွေအကုန်လုံးကို မေ့ထားလိုက်ပါ။ သင့်ချစ်သူ ဒါမှမဟုတ် မိသားစု၊ မဟုတ်ရင်လည်း သင့်ဘာသာပဲ တစ်ယောက်တည်း အိမ်မှာနေပြီးတော့ဖြစ်ဖြစ် အချိန်တွေကုန်ဆုံးလိုက်ပါ။ ဒါသင်ဘာမှမလုပ်တာ မဟုတ်ပါဘူး။ သင်လုပ်စရာရှိတာတွေ ထပ်မလုပ်ခင် ကြိုအားယူတာပါ။
သင့်လုပ်ချင်တာလုပ်ဖို့ ညနေခင်းတစ်ခုစာအချိန်ပေးပါ။
သင့်အတွက်ပျော်ရွှင်မှုရနိုင်မယ့် အရာမျိုးဖြစ်ပါစေ။ သင့်ချစ်သူဖြစ်ချင်တာကို လုပ်ပေးတာမျိုး သင့်ကလေးပူဆာတာကို လိုက်လုပ်ပေးရတာမျိုး မဖြစ်ရပါဘူး။ ဒါသင့်အတွက်သီးသန့်ပါ။ စာအုပ်ဖတ်တာပဲ ဖြစ်ဖြစ်၊ ဆိုဖာပေါ်မှာဝိုင်တစ်ခွက်နဲ့ သက်တောင့်သက်သာ နေလိုက်တာပဲဖြစ်ဖြစ်၊ TV ကြည့်တာပဲဖြစ်ဖြစ် လုပ်ချင်တာလုပ်လိုက်ပါ။ ဖုန်းကိုပိတ်ထားပါ။ အဲ့ဒီ့အချိန်က သင့်အတွက်ပဲ အပြည့်အ၀ရှိပါစေ။
Images Credit - Original Source
အလုပ်နဲ.အိမ်ကြားမှာ စည်းတားထားပါ။
တကယ်လို့ သင်က အိမ်မှာရောအလုပ်မှာရော အလုပ်တွေအရမ်းပိလာပြီ၊ လုပ်စရာတွေတအားများ လာပြီဆိုရင် ဘာဖြစ်လာမလဲ ? ရှင်းပါတယ်။ သင်အလုပ်လုပ်နေတဲ့အချိန်မှာ အိမ်အတွက် နောက်ဆံတင်းနေရပြီး အိမ်ပြန်ရောက်တော့လည်း အလုပ်အတွက် စိတ်တထင့်ထင့်ဖြစ်ရပါတော့မယ်။ အဓိကက သင်အလုပ်မဆင်းခင် (သို့) သင်အိမ်ကမထွက်ခင် သင်ခေါင်းထဲပေါ်လာသမျှကို စာအုပ်ထဲချရေးတာပဲဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာ မှတ်ထားတာပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာမှတ်ထားတာပဲဖြစ်ဖြစ် မှတ်ထားပါ။ သင်ပြန်လာရင် လုပ်ရမယ့်အရာတွေပါ မှတ်ထားပြီး ဒီနေ့အလုပ်ကနေ အိမ်ပြန်သွားရင် အလုပ်ကလုပ်စရာတွေကို ခဏမေ့ထား၊ အိမ်ကိုဝင်၊ နောက်နေ့ အိမ်က ထွက်ကာနီးရင် အိမ်ကလုပ်စရာတွေကို ခဏပြန်မေ့ထားပြီး အလုပ်မှာလုပ်ဖို့ ကျန်တယ်လို့ မှတ်ထားတာတွေကို ဆက်လုပ်ပါ။
ဒီအချက်တွေကတော့ သင့်ဘ၀အတွက် အလုပ်နဲ့ဘ၀ကြားမှာ အခက်အခဲပြသနာတွေ နည်းသွားအောင် ဟန်ချက်ထိန်းဖို. အဓိကနားလည်ထားရမယ့် အချက်တွေဖြစ်လို့ သေချာမှတ်သား နားလည်ထားသင့်ပါတယ်။