Images Credit - Original Source
ကံတရား၏ကျေးဇူးပေါင်းများစွာနဲ့
မင်းနဲ့ငါ
တထပ်တည်းကျဖူးတယ်…။
ဘယ်တော့မှ ခွဲမသွားပါဘူးလို့
ငါချစ်တဲ့ နှုတ်ခမ်းအစုံက
ပြီးစလွယ် ပြောခဲ့သမျှ
ဒီကောင် အရူးချော့ခံရသလို
အတ္တလက်ကျန် မရှိလောက်အောင်
အရည်ပျော်ဆင်းလို့
အငွေ့ပျံသန်းလို့ …။
လက်ဆုပ်လက်ကိုင်မရနိုင်တဲ့
မင်းထုဆစ်ပုံဖော်ခဲ့တဲ့ အိမ်မက်တွေကြားမှာ
ခဏခဏ မင်းပြောဖူးတဲ့
ပုံပြင်တုလေးတွေကြောင့်
သတ္တိအစစ်တွေကို မွေးဖွား
ငါ့ကိုငါ ရှင်သန်အောင်တည့်မတ်ယင်း
မင်းတတွတ်တွတ်ပြောဖူးခဲ့တဲ့
မနက်ဖန်တွေအတွက်
တလောကလုံးကို ကျောခိုင်း
ငါ့နေ့တွေ မြုံဆိုင်းနေတာတောင်
မင်းကမ်းလာမဲ့ လက်တဖက်ကို
အခုထက်ထိ ငါ
ငတ်မွတ်နေတုန်းပါ ….။
