ယနေ့ နံနက်စာအတွက် ပြင်ဆင်ရန် တွေးတော နေစဉ်မှာပင် ကောက်ညှင်းပေါင်း ပဲပြုတ်ဟူသော အသံကို ကြားလိုက်ရပါတော့သည်။ အတော်ပါဘဲ စားချင်နေတာနဲ့။ အမြဲလိုလို စားနေကျ ရှမ်းခေါက်ဆွဲ ကော်ဖီ အီကြာကွေးက ရိုးအီလှပါပြီ။ ကျမလည်း ပဲပြုတ်နဲ့ ကောက်ညှင်းပေါင်းဝယ်ရန် ဈေးသည် အဒေါ်ကြီးအား အော်ခေါ်လိုက်ပါသည်။ တဖက်နွမ်းလေး မီးကင်ထားသော ဌက်ပျောဖက်ထဲတွင် တင်းတင်းကော့ကော့ ကောက်ညှင်းငချိတ်ပေါင်းလေးအား အုန်းသီးအဖွေးသားနှင့် စားချင်စဖွယ်တွေ့ရပါသည်။ ကိုင်ကြည့်လိုက်တော့ ပူပူနွေးနွေးလေးရှိတုန်းပင်။ စားတော်ပဲကို အညှောင့်ပေါက်သည်အထိ ထားပြီးမှ ပြန်ပေါင်းထားသဖြင့် ပဲပြုတ်(ပဲပေါင်း) ကလေးမှာလည်း နှုးအိချိုမြနေသည်။
ကျမလည်း ကောက်ညှင်းပေါင်း ၂ထုပ်နှင့် ပဲပြုတ်တစ်ထုတ်ဝယ်ကာ ကျသင့်ငွေပေးချေပြီး နံနက်စာ အတွက် စတင်ပြင်ဆင်လိုက်ပါတယ်။ တွဲဖက်စားသောက်ရန် ပြင်ဦးလွင်ထွက် ကော်ဖီအစစ်မှုန့်အား သကြား နှို့ဆီတို့ထည့်ကာ ဖျော်လိုက်ပါတယ်။ ကော်ဖီနံ့သင်းသင်းလေးနဲ့ ကောက်ညှင်းပေါင်းနံ့မွှေးမွှေးလေးကြောင့် ဗိုက်တောင် ချက်ခြင်း ဆာလာမိပါတယ်။ ကောက်ညှင်းပေါင်းနှင့် ပဲပြု တ်ကို ပန်းကန်ထဲထည့်နေစဉ် သကာလ အတွေးထဲမှာ ပုံရိပ်အချို့ မြင်ယောင်လိုက်မိပါတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိခင်ကြီးကိုပါ။ ထို့အတူ ငယ်စဉ်အချိန်က မိသားစု မနက်စာ သရေစာ ဝိုင်းလေးကိုလည်း မြင်ယောင်လာမိပါတယ်။
ကျမတို့ မိသားစု ၅ယောက်နှင့် စားပွဲဝိုင်းလေးမှာ မကျပ်သော်လည်း ကျယ်ဝန်းမှုတော့မရှိပါ။ မောင်နှမတွေ တိုးဝှေ့ထိုင်ကျရင်း အမေလာချပေးမဲ့ ကောက်ညှင်းပေါင်းပန်းကန်နှင့် ကော်ဖီခွက်အား မျှော်လင့်နေကျပါသည်။ အမေသည် မနက်စာအဖြစ် ထမင်းကြော်ကို ပဲပေါင်းလေးများထည့်ကြော်ကာတစ်မျိုး ခေါက်ဆွဲကိုပြုတ်ကာ ကြက်သွန်ဖြူ ဆီချက်လေးဖြင့် သုတ်ကာ ငါးဟင်းရည် အကြည်လေးဖြင့်တဖုံ တနေ့တမျိုး မရိုးရအောင် စီမံလေ့ရှိပါသည်။ အမေ့လက်ရာသည် ကျမတို့အတွက်တော့ မီသူရှိအံ့မထင်။
အမေ လာချပေးသော ကောက်ညှင်းပေါင်းနှင့် ကော်ဖီ၏ အရသာသည်လည်း ထူးကဲလှပါသည်။ အထူးသဖြင့် ကောက်ညှင်းပေါင်းပါ။ ကောက်ညှင်းပေါင်းအား ပဲဆီ စစ်စစ်စမ်းကာ ပဲပြုတ်စိများကြေသည်အထိ ရောနှယ်ထားသည်မှာ အင်မတန်စားကောင်းလှပါသည်။ အမေကိုယ်တိုင် လက်နှင့် အဆုပ်အလုံးလေးများလုံးကာ ခွံ့ကျွေးတက်ပါသည်။ ဆီရွှဲရွှဲဆမ်းထားသော ကောက်ညှင်းပေါင်း ပဲပြုတ် ငချိတ်လုံးကလေးတွေအား မောင်နှမတွေ အလုအယက် စားခဲ့ကျပါသည်။ အမေကွယ်လွန်ခဲ့သည့် အချိန်မှစ၍ မစားဖြစ်ခဲ့တာ ကြာပါပေါ့လား။ စိတ်မကောင်းခြင်း သတိရခြင်းတွေနဲ့ ဝဲလာတဲ့မျက်ရည်က ကြာကြာတော့မခံခဲ့ပါ။ မေမေ သားဗိုက်ဆာတယ်ဆိုတဲ့ သားသားရဲ့အသံကြောင့် အတွေးစ ဖြတ်သွားပါတယ်။
ကျမလည်း မိခင်ကြီးအားသတိရစိတ်နဲ့ ပဲပြုတ်နဲ့ ကောက်ညှငပေါင်းကို ပန်းကန်ထဲထည့်။ အညာက ဆွေမျိုးများလက်ဆောင်ထည့်ပေးလိုက်သော ပဲဆီ စစ်စစ်ကို ဆမ်း။ လက်နဲ့ အားရပါးရနယ်နေတာမြင်တော့ သားသားက အမေ ဘာလုပ်တာလည်းတဲ့။ ကျမက ဘွားဘွားက မေမေတို့ကို အမြဲအဲ့လိုနယ်ကျွေးတာ သားလေးရဲ့ သိပ်ကောင်းတယ် စားကြည့်လို့ ပြောတော့ သားသားက နှာခေါင်းရှုံ့ပြပါတယ်။ ကျမလည်း စားပွဲပေါ် ကောက်ညှင်းပေါင်း ပန်းကန်နဲ့ ကော်ဖီခွက်ကိုတင်ပြီး သားသားကို စားဖို့ လှမ်းခေါ်လိုက်ပါတယ်။ သားသားက ကော်ဖီဘဲသောက်တော့မယ် မေမေတဲ့။ ကျမလည်း ဘာမှ မပြောဘဲ ကောက်ညှင်းပေါင်းကို တိတ်ဆိတ်စွာစားနေလိုက်ပါတယ်။ ကျမ စားတာမြင်တော့ သားသားလည်း စားချင်လာသည်ထင့်။ မေမေသားသားနည်းနည်း စားကြည့်မယ်တဲ့။ ကျမလည်း ပြုံးပြီး စီးပိုင်နေတဲ့ ကောက်ညှင်းပေါင်းငချိတ်လုံးလေးကို သားသားကို ခွံ့ကျွေးလိုက်ပါတယ်။ ကောင်းတယ်နော် မေမေတဲ့။ သားသား အကြိုက်တွေ့စေတဲ့အတွက် ကျမ ကျေနပ်မိပါသည်။
ကလေးများအတွက် မြန်မာ့ရိုးရာ နံနက်ပိုင်း အစားအစာလေးများသည် ဘေးဥပါဒ်လည်း ကင်းသလို ကျန်းမာရေးအတွက်လည်း လွန်စွာ အထောက်အကူပြုပါသည်။ ကျမတို့ ငယ်ငယ်က ကျောင်းမုန့်ဈေးတန်းတွင် ယခုကဲ့သို့ အသင့်ထုတ်ပိုးထားသော မုန့်ပဲ သွားရည်စာများ မရှိသလောက်ပါ။ ခေါက်ဆွဲသုတ် ကြာဇံသုတ် မုန့်တီသုတ် မုန့်လက်ဆောင်း ရခိုင်မုန့်တီ သင်္ဘောသီး အစိမ်းသုတ် အိမ်လှော်နေကြာစေ့ ပဲစိမ်းလှော် ပြောင်းဖူးပြုတ် ပဲမြစ်စသည့် သားရည်စာများသာ ရောင်းချကြပါသည်။ ထို သွားရည်စာများသည် ကင်ဆာဖြစ်ရန် အခွင့်အလမ်း အလွန်နည်းပါးပါသည်။ ယနေ့ခေတ် မြန်မာနိုင်ငံသည် ကင်ဆာရောဂါ အဖြစ်အများဆုံးနိုင်ငံအဖြစ် ပါဝင်နေပါသည်။ အစာလည်းဆေး ဆေးလည်း အစာဆိုသကဲ့သို့ အစားအစာများကို သတိပြု ဆင်ခြင်စားသင့်ပါကြောင်း ဆောင်းပါးတစ်ပုဒ်တော့ ရေးတင်မှပါလေဟု စိတ်ကူးရင်း နောက်ဆုံးလက်ကျန် ကောက်ညှင်းပေါင်းလုံးလေးအား ပါးစပ်ထဲထည့် လက်ကျန် ကော်ဖီလေးအား မြိန်ယှက်စွာ သောက်လိုက်ပါတော့သည်။