သာယာလှပသော ထိုကျောက်စခန်း ရေတံခွန်လေးသည် သင်္ကြန်ရက်များတွင် အထူးစည်ကားလှပါသည်။ အေးမြသော ရေတံခွန်မှ စီးထွက်လာသည့် စမ်းချောင်းလေးထဲတွင် ရေပတ်ကစားကျသူများနှင့် ပျော်စရာကောင်းလှပါသည်။ သဘာဝကျောက်တုံးကြီးများမှာ ကြီးမားလှပြီး ရေတံခွန် အောက်ဘက် တစ်မိုင်ခန့်အကွာတွင် ကျောက်ခွဲစက်တည်ရှိလေသည်။ စမ်းချောင်းရေသည် ကြည်လင်အေးမြနေကာ ရေအောက်ရှိ ငါးများ ကူးခတ်နေသည်ကိုပင် မြင်တွေ့နိုင်ပေသည်။ ရေတံခွန် ပတ်ဝန်းကျင်တွင် လူအများ နားနေကျရန် ဘန်ဂရိုငယ်များကို ဆောက်လုပ်ထားလေသည်။ သစ်ပင်အနွယ်ကြီးများကို အခွေလိုက်တွေ့ရကာ ဓာတ်ပုံရိုက်လျှင် ထိုနေရာများသည် အင်မတန်လှပလေသည်။
ကျောက်စခန်းကျေးရွာတွင် ယခင်က ကျောက်ငရုတ်ဆုံ ကျောက်ပြင်များပြုလုပ်ရောင်းချသည်ကို တွေ့ရပြီး ယခုမှု ပြုလုပ်မှု နည်းသွားပေပြီ။ တောင်ခြေရွာလေးဖြစ်ကာ ဖရဲသီး မြေပဲနှင့် ရာသီပေါ်သီးနှံများကိုလည်း စိုက်ပျိုးကျကြောင့်တွေ့ရလေသည်။ လှပအေးချမ်းသည် ထိုရွာကလေးတွင် ကချင်မျိုးနွယ်စုများနှင့် ရှမ်းမျိုးနွယ်စုများ စုပေါင်းနေထိုင်ကျလေသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများကိုလည်း တွေ့ရလေသည်။ အေးချမ်းစွာနေထိုင်ကျကာ ဘာသာတရားလည်း အလွန်ကိုင်းရှိုင်းကျလေသည်။
မိမိတို့လူစုသည် ပါလာသမျှကို ချကာ အကုန်စားသောက်ပြီးသကာလ ရေကစားကျပါသည်။ ကျောက်ဆောင်ကြီးများပေါ်တက်ကာ ရေထဲသို့ ဒိုင်ဗင်ထိုးချကျသည်။ ရေကူးမတက်သူများကတော့ ရေတိမ်သည့် နေရာတွင် ရေကူးသင်ကာ အချင်းချင်း စ နောက်နေကျလေသည်။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ရေပတ်ကျပြီးလျှင် ရေထဲရှိ ငါးကလေးများကို လိုက်ဖမ်းကျပါသည်။ ကလေးများသည် ရေငုတ်တမ်းကစားကျသည်။ အထူးသတိထားရသည်ကား ချောင်းအလယ်လောက်တွင် ရေစီးအနည်းငယ် ကြမ်းခြင်းဖြစ်လေသည်။ ရေကူးတက်သူများပင် သတိထားရလေသည်။ ရေမနက်သော်လည်း ထိုရေထဲရှိ ကျောက်တုံးကြီးများသည် ရေညှိကြောင့် အင်မတန်ချောပေသည်။ ရေစီးထဲမျောလျှင် ကျောက်တုံးကို ဖက်ထားသော်လည်း ချောထွက်နေသဖြင့် ထိခိုက်ဒဏ်ရာ ရနိုင်ပေသည်။ ကလေးများကို ထိုနေရာသို့ မဆင်းစေရန် သတိထားရလေသည်။ မိမိတို့လူစုသည် ပျော်ရွှင်စွာရေကစားကျပြီးနောက် ညနေစောင်းသော အခါ အိမ်ပြန်ရန် ပြင်ကျလေသည်။ မိုးကာလလွန်မြောက်ပြီး ရေနည်းချိန်တွင် တစ်ဖန် ပြန်လာအုံးမည်ဟု တိုင်ပင်ကျရာ ကျောက်စခန်းရေတံခွန်ရောက် ခရီးစဉ်လေးကို မှတ်တမ်းတင်အပ်ပေသည်။
photo by me