မနေ့ညက သြစတေးလျရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ညပိုင်း နာရီအတော်ကြာအောင် စကားပြောဖြစ်ပါတယ်။ ဒီသူငယ်ချင်းက မြန်မာပြည်ကနေ ထွက်ခွါသွားတာ ၁၀ နှစ်ကျော်ခဲ့ပါပြီ။ အခြေခံပညာ အထက်တန်းအောင်စာရင်းတွေထွက်တော့ သူ မအောင်လို့ ဝမ်းနည်းရမဲ့အစား ကျမတို့အောင်တာကို လိုက်ပျော်ပေးခဲ့သူပါ။ ဒီသူငယ်ချင်းက အတန်းထဲမှာ အေးအေးဆေးဆေးနေတက်ပြီး ခင်မင်သူလည်း နည်းပါတယ်။ စာသင်ခုံထောင့်ဆုံးလေးမှာ ထိုင်ပြီး အမြဲ ငြိမ်သက်နေတက်သူပါ။ ကျမတို့က ဝိုင်းစရင် မျက်နှာကြီးနီပြီး အလွန်ရှက်တက်တဲ့ ကချင် အမျိုးသားတစ်ယောက်ပါဘဲ။ ဒါနဲ့ ၁၀တန်းတွေ အောင်ကျတော့ သူငယ်ချင်းတွေလည်း ပုံစံသတ်မှတ် ခွဲခြားလိုက်တဲ့ အတိုင်းပါဘဲ။ တစ်ချို့ဆေးကျောင်း တစ်ချို့ စက်မှုကျောင်း တစ်ချို့ TTC တစ်ချို့ သူနာပြု တစ်ချို့ ရဲ ဘက် တစ်ချို့ DSAစသည်ဖြင့် အမှတ်အလိုက် ဆိုင်ရာဆိုင်ရာ တက္ကသိုလ်တွေကို တက်လှမ်းခဲ့ကျရပါတယ်။ ၁၀တန်းမအောင်မြင်သူတွေကလည်း နောက်နှစ်ဆက်ဖြေကျတာတွေလည်း ရှိသလို မိဘ လက်ကုတ်လက်ရင်း ဝင်တဲ့သူတွေလည်း ရှိပါတယ်။
ကျမ အခုပြောပြတဲ့ သူငယ်ချင်းလေးကတော့ ၁၀တန်းကို ပြန်မထြေတော့ဘဲ သူ့ဆွေမျိုးများရှိတာ မြစ်ကြီးနားဘက်က နောင်မွန်းမြို့ကို ထွက်သွားပါတယ်။ ဘာလုပ်တယ်ဆိုတာ ရေရေရာရာမသိဘဲ ကျမ မြစ်ကြီးနား တက္ကသိုလ်မှာ ပထမနှစ် တက်စဉ်က လမ်းမှာ အမှတ်မထင်ဆုံလိုက်ရပါတယ်။ လမ်းလယ်ကြီးမှာ အော်ဟစ်နှုတ်ဆက်ကျရင်း လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကျတော့ သူက နောက်တစ်ပတ် ရန်ကုန်ဆင်းမဲ့အကြောင်း အင်္ဂလိပ်စပီကင်နဲ့ ဟော်တယ် သင်တန်းတက်မဲ့အကြောင်း ပြီးတာနဲ့ သူ့ ဦးလေးရှိတဲ့ မလေးရှားနိုင်ငံကို သွားမဲ့ အကြောင်း ပြောပြပါတယ်။ အဲ့ဒီတစ်ကြိမ်ဆုံပြီးထဲက နောက်တစ်ခါ သူနဲ့ မဆုံဖြစ်တော့ပါဘူး။ နောက်တော့သူငယ်ချင်းတွေ ဆုံကျတိုင်း အဒီးကြီး( သူ့နာမည်က ဘရန်ဒီးပါ) ဘယ်ရောက်နေတုန်း မေးလိုက်တိုင်း ဘယ်သူမှ မသိကျပါဘူး။ တစ်မြို့ထဲပေမဲ့ သူ့အိမ်သွားမေးဖို့လောက်အထိလည်း အရေးကြီးကိစ္စမရှိတာကြောင့် မမေးဖြစ်ခဲ့ပါဘူး။
တစ်ရက်တော့ အဒီးကြီးတို့ ရပ်ကွက်ထဲက ရုံးက မိတ်ဆွေတစ်ယောက်အိမ်က ဆုတောင်းပွဲ ဖိတ်ပါတယ်။ ဆုတောင်းပွဲသွားရင်းနဲ့ အဒီးကြီးရဲ့ ညီမတစ်ယောက်နဲ့ တွေ့လို့ မေးလိုက်တော့ အဒီး မလေးမှာလို့ သိရပါတယ်။ ၂၀၀၁လောက်က ဖြစ်တာကြောင့် အခုလို FBတွေ မိုဘိုင်ဖုန်းတွေ ခေတ်မစားသေးပါဘူး။ ဒါကြောင့် အဆက်အသွယ်မရဖြစ်ခဲ့ပါတယ်။ အဲ့ထဲက အဒီးရဲ့ သတင်းကို မကြားခဲ့ရတော့ပါဘူး။ သိပ်မကြာခင် လပိုင်းလောက်က မိသားစု ၃ယောက် ပရိုဖိုင်လေးနဲ့ Dee Gyi ဆိုပြီး လာအပ်ထားတာ တွေ့ရပါတယ်။ Fbမှာ လူစီစစ်လက်ခံလေ့ရှိတဲ့ ကျမက သတိမထားမိခဲ့ပါဘူး။ MLMက လူတွေလား။ ငွေရှာ ဆိုက်က လူတွေလားပေါ့။ ဒါနဲ့ တလကျော်ကြာသွားခဲ့ပါတယ်။ တစ်ရက်တော့ Fb Fri Listကို ကြည့်ရင်း သူငယ်ချင်းက ၂၀၀ကျော်လေးဘဲ ရှိတာကြောင့် ကွန်ဖန်းပေးဖို့ လူရွေးလိုက်ပါတယ်။အဲ့မှာ ဒီအကောင့်ထဲ ဝင်ကြည့်မိတာပါ။ အဒီးကြီးနဲ့ တူလိုက်တာ တူလိုက်တာနဲ့ နောက်တော့မှ ကျမရဲ့ ချစ်သူငယ်ချင်းကြီး ဘရန်ဒီး ဖြစ်လို့ နေပါတယ်။ ကိုယ့်သူငယ်ချင်းကြီးမှန်းလည်း သိရော စာတွေပို့ စကားတွေပြောဖြစ်ကျပါတယ်။ မိသားစု အကြောင်း သူငယ်ချင်းတွေ အကြောင်း အလုပ်အကြောင်းနဲ့ စုံလို့ပါဘဲ။ အဒီးကြီးနဲ့ ပြောဖြစ်လိုက်တဲ့ ၅နာရီကြာ စကားတွေဟာ အင်မတန် ဗဟုသုတလည်း ဖြစ်စေသလို မှတ်သားသင့်တဲ့ စကားတွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်နဲ့ ပတ်သက်တဲ့ ခံယူချက်တွေဟာ ကျမတို့ မြန်မာတွေနဲ့ ခံယူချက်ချင်းအတော်လေးကွာခြားနေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ပိုင်းမှာ အဒီးကြီးရဲ့ အလုပ်အကိုင် အယူအဆနဲ့ သူတို့နိုင်ငံသားတွေရဲ့ အလုပ်အပေါ်ထားတဲ့ သဘောထားတွေကို ပြန်လည်မျှဝေပေးသွားချင်ပါတယ်။ စောင့်မျှော်အားပေးကျပါအုံးနော်။