'' ဒေါ်အေးသီ အသက် ( ၇၈ )နှစ်''
'' ဦးခွေးနီ အသက် ( ၄၆)နှစ်''
'' မသူဇာ အသက် ( ၂၅)နှစ်''
'' ဟင် ဒါဆို ငါ သင်္ချိုင်းထဲ ရောက်နေတာဘဲ ''
ကြောက်စိတ်သည် ကြောရိုးတစ်လျှောက် စိမ့်တက်လာသည်ဟု ထင်ရလေသည်။ ကိုနောင်နောင်သည် တဲအရှေ့သို့ ခပ်သုတ်သုတ်ပြန်လာကာ ဆိုင်ကယ်ပေါ်တက်ရင်း ရောက်ရာပေါက်ရာသို့ ပြေးရန် ကြံလေသည်။ သည်နေရာနှင့် ဝေးလျှင်တော်ပြီဟု စိတ်ပိုင်းဖြတ်ကာ ဆိုင်ကယ်အား စက်နှိုးလေသည်။ သို့သော် ဆိုင်ကယ်စက်သည် နှိုးမလာဘဲ ကိုနောင်နောင်သာလျှင် ကစ်ရလွန်းသဖြင့် ချွေးဒီးဒီးကျလေသည်။
'' တောက် ဒီ ဆိုင်ကယ်တော့ကွာ အရေးထဲမှာ ပြဿ နာဘဲ
နိုးပါဟ နိုးပါဟ''
ကြာလာတော့ ကိုနောင်နောင်သည် လက်ပန်းကျကာ ခေတ္တမျှနားလေသည်။ မြေပုံများသည် ကြောက်စရာမလိုဟု စိတ်အားတင်းကာ အမောဖြေလေသည်။ ထို အချိန်တွင် တဲအတွင်းမှ နာကျင်ခံစားနေရသည့် ညီးညူသံကြီး ပေါ်လေသည်။ ထို အသံသည် သိပ်မကျယ်သော်လည်း တိတ်ဆိတ်နေသော အချိန်ဖြစ်သည်ကတစ်ကြောင်း ကြောက်စိတ်ကြောင့် ပတ်ဝန်းကျင်အသံကို သေချာစွာ နားစိုက်ထောင်သည်ကတစ်ကြောင်းကြောင့် ကောင်းစွာ ကြားနေရလေသည်။ ကိုနောင်နောင်သည် နားနှစ်ဖက်ကို ပိတ်ကာ
'' ငါ မကြားဘူး ငါ မကြားဖူး ငါ မကြားဖူး''ဟု ရေရွတ်နေလေသည်။ ထို့နောက်တဲအတွင်းမှ ထိုအသံသည် ဆိတ်ဆိတ်သွားပြန်ကာ လူရိပ်တစ်ချို့ကို မြင်ရပြန်လေသည်။ အမျိုးသမီး သဏ္ဍာန်တစ်ခုသည် ကိုနောင်နောင် ထိုင်နေသော တဲအရှေ့ လမ်းပေါ်သို့ ရွှေ့လျားလာကာ ကိုနောင်နောင့် အနားသို့ ကပ်လာလေသည်။ ထိုအချိန်သည် တိမ်မဲများကြောင့် လ၏ အလင်းရောင် အားနည်းသွားသည့် အချိန်ဖြစ်လေသည်။ ထို့နောက် လေအဝှေ့တစ်ချက်တွင် တိမ်များလွင့်သွားကာ ထို အမျိုးသမီးသည် ကိုနောင်နောင့် အနားသို့ ရောက်လာကာ လေသံဖြင့် မေးလေသည်။
'' လယ်ကြွက်ကြော် ယူအုံးမလား''
ကိုနောင်နောင်သည် ထိုအမျိုးသမီးသဏ္ဍာန်ကို အလင်းရောင်ဖြင့် အားယူကာ သေချာကြည့်လိုက်လေသည်။
'' အားးးးးးးးးး''
ကိုနောင်နောင်၏ ကြောက်လန့်တကြားအော်ဟစ်သံသည် ညသန်းခေါင်ယံတွင် အတော်ပင်ကျယ်လောင်လှပေမည်။ ထို့နောက် ဆိုင်ကယ်ပင် မယူနိုင်တော့ဘဲ ခြေဦးတည့်ရာ စွတ်ပြေးလေတော့သည်။
'' မလာနဲ့ ငါ့ဆီ မလာနဲ့ အားးး ကြောက်တယ် ကြောက်တယ်''
ပြေးလည်းပြေး အော်လည်းအော်ရင်း ကိုနောင်နောင်သည် ဆောက်တည်ရာ မရအောင် ခြောက်ခြားနေလေသည်။ ဦးခေါင်းမပါသည့်ဟထို အမျိုးသမီး၏ အနီးကပ်ပြောလိုက်သည့် ပုတ်အံ့အံ့ အနံ့ကြီးသည် ပြေးလွှားနေသည့်တိုင် ကပ်ပါလာဆဲဖြစ်လေသည်။ ကိုနောင်နောင်သည် ပြေးရင်းကနေ သစ်ငုတ်တစ်ခုနှင့်တိုက်မိကာ လဲကျသွားလေသည်။