လင်မယားရန်ဖြစ် ၂၈လို့ ကြားဖူးပါတယ်။ လကုန်ရက်နီးလာလေ လက်ထဲ ပိုက်ဆံပျက်လေ ဖြစ်ရတဲ့ ဝန်ထမ်းဘဝပါ။ ၂၃ရက်နေ့ကတည်းက ဟိုပြေးဒီပြေး ဖြစ်ရပြီပေါ့။ ဟိုလူ့ ချေးပါ ဌားပါနဲ့ တကယ်တော့ ဝန်ထမ်းလစာ တစ်ခုထဲနဲ့မှီခိုနေရပြီး မိသားစုများတဲ့ သူတွေအဖို့ အဆင်မပြေနိုင်ပါဘူး။ ဒီကြားထဲ သားသမီးတွေက အတန်းကြီးပြီး အကုန်အကျများသူတွေအဖို့ အကြွေးသံသရာထဲမှာ နစ်ပြီးရင်းနစ်နိုင်ပါတယ်။ ဒါနဲ့ဘဲ စီးပွားရေး အဆင်မပြေလို့ ရရာအလုပ်လေးထွက်လုပ်ကျရတဲ့ ဝန်ထမ်းသားသမီးတွေ ဒုနဲ့ဒေးပါ။
တနေ့က သတင်းတပုဒ်ဖတ်လိုက်ရပါတယ်။ တောင်ကိုးရီးယား သမ္မတနိုင်ငံရဲ့ ဝန်ထမ်းတွေကို လစာထပ်တိုးပေးမယ်ဆိုတဲ့သတင်းပါ။ ယခုလက်ရှိ ကိုးရီးယား ဝန်ထမ်းတစ်ဦးရဲ့အခြေခံ လစာဟာ မြန်မာငွေ ၂၃သိန်းရှိပါတယ်။ ဒါတောင် overtimeကြေးမပါသေးပါဘူး။ မြန်မာပြည်မှာ အခြေခံဝန်ထမ်းတစ်ယောက်ရဲ့လစာဟာ ၁၅၀၀၀၀ပါ။ ဒီငွေနဲ့ တလလုံးကို ဒီဝန်ထမ်းဟာ ဘယ်လို ရပ်တည်မလဲ။ တစ်ယောက်တည်းသမားတွေတော့ လောက်ငအောင် စီမံနိုင်ပေမဲ့ လူတန်းစေ့ဆိုတဲ့ အနေအထား မရောက်နိုင်ပါဘူး။ မိသားစုနဲ့ဝန်ထမ်းဆိုရင်တော့ ပြောဖွယ်ရာမရှိပါ။
လစာနည်းပြီး လူတန်းစေ့မနေနိုင်တဲ့ ဝန်ထမ်းဘဝကို ဘာကြောင့်ဆက်လုပ်ချင်ပါသလဲ။ ဟုတ်ကဲ့ အဖြေကတော့ ရှင်းပါတယ်။ ကိုယ်တက်တဲ့ပညာလေးနဲ့ ဘဝကို ရပ်တည်ချင်လို့ပါ။ မိမိကိုယ်တိုင်ရွေးချယ်ခဲ့တယ်ဆိုပေမဲ့လည်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဝါသနာပါတာ မပါတာ နောက်ထား။ အလုပ်ကလေးတစ်ခုရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ရတဲ့အလုပ်ကလေးကိုလည်း အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ဖက်တွယ်ထားရတော့တာပါဘဲ။
ပင်စင်သွားချိန် နေထိုင်စရာ အိမ်ကလေးတစ်လုံး အပြောနဲ့ မတ်တပ်စာတောင် အတော်ခက်ပါတယ်။ အိမ်ပိုင်မြေပိုင်ဖြစ်ဖို့ အခြေခံဝန်ထမ်းတစ်ယောက်ဟာ အိမ်မက်တောင်မမက်နိုင်ပါဘူး။ ကားစီးနိုင်ဖို့ဆိုတာ ဝေးစွပါ။ ဘွဲ့ရပြီးချိန် အလုပ်ရှာဖွေနေဆဲကာလ သစ်တောဌာနကနေ အငြိမ်းစားယူထားတဲ့ သူငယ်ချင်းတစ်ဦးရဲ့ အဖိုး ပြောတဲ့ စကားလေးဟာ ကြာလေမှန်လေဆိုတာ သိခဲ့ရပါပြီ။ '' ဝန်ထမ်းဆိုတာ ကြံပင်နဲ့တူသတဲ့ အရည်လေးရှိတုန်းတော့ ကြိတ်စက်နဲ့ ကြိတ်ပြီး အရည် တစက်မှ မကျန်အောင် ကြိတ်ယူပါသတဲ့။ အရသာလည်းကုန် စက္ကူ ဖက်သဖွယ်လည်း ဖြစ်ရော အရသာကုန်နေတဲ့ ကြံဖက်ကြီးကို ပစ်လိုက်ကျသလိုပါဘဲ အချိန်တွေ အရည်အချင်းတွေ ရင်းနှီးပြီးမှ အသက်အရွယ်ကြီးရင့်လာတော့ ပင်စင်ပေးလိုက်ပါတယ်'' သံဝေဂရစရာ ဝန်ထမ်းအိုကြီးရဲ့ ဘဝကပေးလိုက်တဲ့ သင်္ကန်းစာပါဘဲ။
ဒါကြောင့် အချုပ်အားဖြင့် ပြောချင်တာက ဝန်ထမ်းဖြစ်သော်လည်း အလုပ်အကိုင်အခွင့်အလမ်း တစ်ခုတည်းနဲ့ ရပ်တည်လို့ မဖြစ်ဘူးဆိုတာရယ် လစာတိုးမဲ့ရက်ကို ထိုင်မျှော်နေမဲ့အစား ကိုယ်ဘာလုပ်နိုင်လည်းဆိုတာနဲ့ ကိုယ့်ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများကို မျက်ခြေမပျက် ရှာဖွေတက်ပါစေလို့ ဆန္ဒပြုရင်း နောက်ရက်မှာ ပြန်လာခဲ့ပါအုံးမယ်။
ဘဝပေး အခြေအနေရယ်ကြောင့်
ဖြစ်တည်ရ ဝန်ထမ်းငယ်
လကုန်ရက်နီးကာ လာမှဖြင့်
လမ်းတုန်အောင် ကုန်းကာဟစ်လိုက်ချင်တယ်
ဝက်ဝက်ကိုကွဲ။