ချစ်သူရေ...နှင်းငွေ့တွေ ဝေနေတဲ့ ဆောင်းနံနက်ခင်းလေးကြောင့် ချိုမြိန်တဲ့ ဒီဇင်ဘာတောင် ရောက်တော့မှာပါလားလို့ တွေးလိုက်မိတဲ့ခဏ နင့်ကို အရမ်း လွမ်းမိတယ်ဟာ..မေ့ထားခဲ့တဲ့ အတိတ်ကို ပြန်တူးဆွတာဟာ အုတ်ဂူဟောင်းတစ်ခုကို ပြန်ဖွင့်သလိုဘဲဆိုတာ ငါ နားလည်ပါတယ်။ ဒါပေမဲ့ မေ့ပစ်ဖို့ကြိုးစားတိုင်း ရင်ဘက်တစ်ခုလုံး အောင့်တက်လာခြင်းနဲ့ အမှတ်ရခြင်းတွေသာ ပိုပိုတိုးလာခဲ့ပါတယ်။ ရင်ဘက်ကြီးနဲ့ အမှန်အကန်ချစ်ခဲ့တော့လည်း မေ့ပစ်ဖို့ ခက်တယ် ချစ်သူရေ။ အထူးသဖြင့် နင်နဲ့ ငါရဲ့ အမှတ်တရ ဆောင်းနှင်းတွေရယ် Sweet Decemberရယ် ဧပရယ်နွေရက်တွေရယ်။ ပြီးတော့ နင့်ကို စတွေ့တဲ့ မိုးဖွဲဖွဲလေးကျနေတဲ့ ဇူလိုင် နံနက်ခင်းရယ်။
နင်နဲ့ ပတ်သက်ပြီး အမှတ်တမဲ့တွေကနေ အမှတ်တရဖြစ်ခဲ့ရတာကြည့်ပါဘဲလေ။ အဲ့နေ့က မိုးဖွဲဖွဲလေးကျနေခဲ့တယ်နော်။ စာကျက်ရင်းကနေ ပြတင်းပေါက်ကနေတဆင့် လမ်းဘက်ကို ကြည့်မိတဲ့ ငါ။ မိုးဖွဲဖွဲလေးတွေအောက်မှာ မိုးပြာရောင် ဂျင်းဘောင်းဘီနဲ့ ဒစ်စနေးတီရှပ်လေး ဝတ်ထားတဲ့ နင့်ကို ငါ ငေးကြည့်နေမိတယ်။ ဆံပင်ပေါ်တင်လာတဲ့ မိုးဖွဲလေးတွေကို သပ်ချရင်း ငါ့ဆီ ရောက်လာတဲ့ နင့် မျက်ဝန်း ညိုညိုတွေဟာ ငါ့အတွက် တစ်သက်စာ မေ့မရခဲ့ဘူး ချစ်သူရေ။ အဲ့နေ့ကစလို့ ငါ စာကျက်တိုင်း ပြတင်းပေါက်တံခါးကနေ အပြင်ကို လှမ်းမျှော်ကြည့်တက်လာခဲ့တယ်။ နင် ဘယ်ကလည်း ဘယ်သူလည်းဆိုတာ ငါ အရမ်း သိချင်ခဲ့တာလေ။ ဒါပေမဲ့ ထပ်တွေ့ခွင့်မရခဲ့ပါဘူး။ အဲ့အချိန်တွေထဲက ချစ်သူ မဟုတ်သေးတဲ့ နင့်ကို ငါလွမ်းတက်နေခဲ့တာပါဟာ။
ဒုတိယအကြိမ် ဆုံဖြစ်တုန်းကလည်း အမှတ်တမဲ့လို့ဘဲ နင် ကတော့ ထင်ခဲ့တာနော်။ တကယ်တော့ အမှတ်တရတွေ ဖြစ်လာအောင် ကံကြမ္မာက ဖန်တီးပေးလာခဲ့တာပါဟာ။ သူငယ်ချင်းတစ်ယောက်ကို လေယာဉ်ကွင်းလိုက်ပို့ရင်း လေယာဉ်ကွင်းမှာ နင်နဲ့ ပြန်ဆုံခဲ့တယ်လေ။ နင့် အကြည့်စူးစူးက ဇဝေဇဝါနိုင်ပေမဲ့ ငါက နင့် အရိပ်လေး မြင်တာနဲ့ မှတ်မိနေခဲ့တယ်။ ငါ့ ဘေးက ဖြတ်သွားတော့ နင်တိုးတိုးလေး ပြောသွားတဲ့ sweet babyဆိုတဲ့ စကားလေးကို ငါ အခုထိ ရင်ခုန်တုန်းပါဘဲ။ နောက်တော့ မြို့ငယ်လေးရဲ့ လမ်းမထက်မှာ နင်နဲ့ငါ ခဏ ခဏဆုံဖြစ်ကျတယ်။ ဘယ်သူမှစပြီး မိတ်ဆက်ခြင်းမရှိပေမဲ့ ငါတို့ မျက်ဝန်းခြင်း ရင်းနှီးနေကျပြီ။ နောက်တော့ ဆောင်းနံနက်ခင်းလေးတစ်ခုမှာ နင်နဲ့ငါ စကားတွေ စပြောဖြစ်ကျတယ်။ ငါတို့မြို့ရဲ့ ကန်ပတ်လမ်းလေးမှာ မနက်အစော လမ်းလျှောက်ကျရင်း နင်က ငါ့ကို စ ပြီး မိတ်ဆက်တယ်။
'' ကျနော် ဇာနည်မျိုးဆက်ပါ ခင်ဗျာ ခင်မင်ခွင့်လေးရချင်လို့ပါ''
ငါရဲ့ ရှေ့ကနေ ပိတ်ရပ်ပြီး ပြောင်ချော်ချော်အမူအရာကြောင့် ငါ ဟက်ဟက်ပတ်ပတ် ရီပစ်လိုက်တယ်။ နင်လည်း လိုက်ရီရင်းနဲ့
'' အရမ်း ချစ်ဖို့ကောင်းတယ်ကွာ''လို့ ပြောလိုက်တယ်နော်။
ဆောင်းနံနက်ခင်းလေးတွေက ငါ့ အတွက် ပိုပြီး အဓိပ္ပါယ်ရှိလာတယ်။ နင်နဲ့ငါ မနက်တိုင်း လမ်းအတူလျှောက်ဖြစ်တယ်။ ကော်ဖီဆိုင်အတူတူထိုင်ဖြစ်တယ်။ ဒါပေမဲ့ တခြားအချိန်တွေမှာတော့ မတွေ့ဖြစ်ကျပါဘူး။ နင်က ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီးရဲ့သားဆိုတာရယ် MIT နဲ့ ကျောင်းပြီးထားတယ်ဆိုတာရယ် အကိုတစ်ယောက်နဲ့ မိသားစု အားလုံး ၄ယောက်ဆိုတာရယ် ငါ သိခဲ့ရတယ်။ နင့် အဖေ တာဝန်ကျတဲ့ ငါတို့ မြို့လေးကို ကျောင်းပြီးလို့ အလုပ်မဝင်ခင် လုပ်ငန်းအတွေ့အကြုံလိုချင်လို့ ခဏလိုက်လာတာလို့ နင့် အကြောင်းတွေ ပြောပြတက်တယ်။ ဒါပေမဲ့ ချစ်သူရှိလားလို့ နင်လည်း ငါ့ကို မမေးသလို ငါလည်း နင့်ကို မမေးခဲ့ပါဘူး။
source
ဆက်ရန်...