အငြိုးနဲ့ ရွာနေတဲ့မိုးက ညနေပိုင်းလောက်မှာ တိတ်သွားပြီး နေရောင်လေး မြင်လာပါတယ်။ ဒါနဲ့ဘဲ မတ်မတ်စုတစ်ယောက် ရွာထဲ လမ်းသလားဖို့ စိတ်ကူးရလိုက်ပါတယ်။ အလည်မသွားဖြစ်တာလည်း ကြာပြီမို့ နေလေးသာတုန်း ရွာထဲဘက် ထွက်ခဲ့ပါတော့တယ်။ နေဝင်ချိန်လေးမှာ လက်ဆက်တဲ့ မိုးရနံ့နဲ့အတူ msc ရွာလေးဟာလည်း သာယာလှပလျှက် ရှိပါတယ်။ အိမ်ရှေ့ အဝင်လမ်းလေးတွေမှာ အိမ်တိုင်းလိုလို ပန်းရုံလေးများကို စိုက်ပျိုးထားပါတယ်။ မိုးရနံ့ပါတဲ့ လေနုအေးလေးက ပန်းရနံ့များကို သယ်ဆောင်ပြီး ရွာလယ်လမ်းအတိုင်း တိုက်ခတ်သွားတာကြောင့် တလမ်းလုံး သင်းကြိုင်နေပါတော့တယ်။
'' မတ်မတ်စု ဗျို့ မတ်မတ်စု'' မတ်မတ်စုတစ်ယောက် အနောက်ဘက်ဆီမှ ခေါ်သံကြောင့် နောက်လှမ်းကြည့်လိုက်တော့ အောင်ကြီး ၁၀၀ဖြစ်နေပါတယ်။ အောင်ကြီး ၁၀၀၏ ပုံသဏ္ဍန်မှာ ပုဆိုးကို စလွယ်သိုင်းခြုံထားပြီး စွတ်ကျယ် အဖြူ ရောင်ကို ဝတ်ဆင်ထားကာ အားကစား ဘောင်းဘီ အတိုနှင့် ကွမ်းဝါးထားသောသွားများမှာ ချိုးကပ်နေလေသည်။ ၄င်း၏ အနက်ရောင် အသားအရေနှင့် အဖြူ ရောင် စွတ်ကျယ်မှာ သဟဇာတ ဖြစ်လွန်းလှစွာ အဝေးမှ ကြည့်လျှင် စွတ်ကျယ် အဖြူ လေး လေပေါ်ဝဲနေသကဲ့သို့ မြင်သူတိုင်းကို အထင်မှားစေပါသည်။ ၄င်း၏ နာမည်အရင်းမှာ အောင်ကြီး သာလျှင် ဖြစ်ပြီး အနောက်က ၁၀၀က mscရွာသားများ ဝိုင်းဝန်း ချီးမြှင့် ထားခြင်းဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် လူမြင်တိုင်း ဆေးလိပ်ဖိုး ၁၀၀တောင်းတက်လွန်း၍ ဖြစ်ပါသည်။
credit image source
ယခုလည်း မြင်သည်နှင့် တောင်းပေတော့မည်။ steemဈေးက ကျရသည့် အထဲ ဝင်ငွေမကောင်းလှသဖြင့် ခုတလော ချွေတာစားသောက်နေသည့် အထဲ ဒင်းနဲ့တော့လေ။ ကွမ်းချိုးတက်နေသော သွား ၃၂ချောင်းကိုဖြဲရင်း အစွမ်းကုန် ငါးခူပြုံးလေးနှင့် ချဉ်းကပ်လာသော အောင်ကြီး ၁၀၀အား မတ်မတ်စုက
'' ဘာတုန်းအေ့ လူမြင်တာနဲ့ ဆေးလိပ်ဖိုး ၁၀၀ တောင်းတော့မယ် မဟုတ်လား အောင်ကြီး ၁၀၀ ခုတလော ဈေးက အရောင်းပါးတာနဲ့ ဝင်လာတဲ့ ၀င်ငွေလေးနဲ့ လောက်ငအောင်စားနေရတဲ့ အပြင် ဆန်ဈေးတွေကလည်းတက်လာတော့ လောက်ငတယ်ကို မရှိပါဘူး အောင်ကြီးရယ်။ ဒါအပြင် ကလေးကျောင်းစရိတ်ကတစ်ဖက်နဲ့ ဈေးရောင်းကလည်းပါး။ အတိုးတွေကလည်းတောင်းမရ စိတ်ဓာတ်ကို ကျရော။ ပြောပြရအုံးမယ် အောင်ကြီး ၁၀၀ရေ..''
'' တော်ပါပြီ မတ်မတ်စုရယ် ၁၀၀လည်း မတောင်းတော့ပါဘူး မတ်မတ်စု ငြီးချင်းကြီး ရပ်ပါတော့ဗျ'' ဟုဆိုကာ တစ်ချိုးတည်း ပြေးလေတော့သည်။ မတ်မတ်စုလည်း ကျေနပ်ပြုံးလေးပြုံးရင်း ဒီတစ်ခေါက် အောင်ကြီးနဲ့ တွေ့ရတာ ၁၀၀သက်သာလေပြီဟု အကျေနပ်ကြီးကျေနပ်ကာ ရွာလည်လမ်းအတိုင်း သုဓမ္မသိဂီင်္၏ အိမ်သို့ အလည်သွားရန် လိမ်ဖယ်လိမ်ဖယ်နှင့် ချီတက်လာလေတော့သတည်း။