'' အမေ ဆုံးပြီ'' လို့ ကြားကြားခြင်း ကိုယ့်နားကိုယ်တောင်မယုံနိုင်ခဲ့ဘူး။ ဟုတ်ရဲ့လား ခဏများ အိပ်ပျော်သွားတာလား။ တကယ်ဆို ၅၃နှစ်ဆိုတဲ့ ဒီအရွယ်ဟာ သေသင့်တဲ့ အသက်အရွယ်လည်း မရောက်သေးဘူး။ ဆေးစစ်ချက်တွေအရ အဆုတ်ကင်ဆာလို့ သိရပေမဲ့ ဆေးတွေသောက်လိုက်ရင် ဓာတ်ကင်လိုက်ရင် ပြန်သက်သာလာမယ်လို့ဘဲ ထင်ထားတာ။ ၁၉၉၈ ခုနှစ်ဆိုတော့ လမ်းပန်းဆက်သွယ်ရေးကလည်း အတော်ခက်ခဲပါတယ်။ ဗန်းမော်မြို့ကနေ ပြင်ဦးလွင် စစ်ဆေးရုံကြီးကို ဓာတ်သွားကင်ဖို့အတွက် ရေလမ်းကလွဲရင် တခြားမရှိခဲ့ဘူး။ လေယာဉ်ရှိပေမဲ့ မထနိုင်တော့တဲ့ လူနာတွေကို မတင်ဘူးလေ။ ဓာတ်ကင်ဖို့အတွက် သင်္ဘောပတ်စောင့်နေတဲ့အချိန်။ အမေကော ကျမတို့ကော ထင်ခဲ့ကျတာ။ ဓာတ်ကင်ပြီးရင် အမေ အရင်အတိုင်း ပြန်ကျန်းမာလာမယ်ပေါ့။ အခုတော့ အမေ တောင့်မခံထားနိုင်တော့ဘူးနော်။ အမေ သံယောဇဉ်ကြီးလှတဲ့ သားသမီး ခင်ပွန်းအားလုံးကို ထားခဲ့ပြီး အမေ အိမ်ပြန်သွားပြီပေါ့။ အမေရယ်...အိမ်ပြန်ချိန်ဟာ စောလွန်းလှပါတယ်။
အမေမှာ ဒီရောဂါကြီးစွဲကပ်နေတာကို မိသားစုတစ်စုလုံး သတိမထားမိခဲ့ကျဘူး။ လက်ပြင်ကျောငုတ်လို့ လက်က မ မရဘူးလို့ ထင်နေတာလေ။ လက်တစ်ဖက်မြှောက်မရဘူး ရင်ဘက်ထဲကလည်း စူးကနဲ အောင့်အောင့်နေတယ်လို့ အမေ အမြဲပြောပေမဲ့ အလုပ်နဲ့လက် မပျက်လုပ်တက်တဲ့ အမေက ပြောတုန်းခဏဘဲ သက်သာတာနဲ့ အလုပ်တွေ ပုံမှန်အတိုင်းထလုပ်နေတော့ သမီးတို့လည်း ပေါ့ဆခဲ့မိတယ် အမေ။ အမှန်ဆို အဲ့အချိန်ထဲက ဆေးရုံ ဆေးခန်းပြခဲ့သင့်တာ။ နောက်တော့ တဖြည်းဖြည်းနဲ့ အမေ မကျန်းမာလာတော့ဘူး။ အစာစားရင် ချွဲတွေနဲ့ မြိုမချနိုင်တော့ဘူး။ အဲ့အချိန်အထိ အမေက ဆေးရုံသွားဖို့ကို ငြင်းဆန်နေသေးတယ်။ တိုင်းရင်းဆေးနဲ့ ပြချင်တယ်ဆိုလို့ တိုင်းရင်းဆေးခန်းမှာ အရင် ပြရတယ်။ ဆေးမြစ် ဆေးဥတွေပေးလိုက်ပေမဲ့ တိုင်းရင်းဆေး ဆရာမလေးရဲ့ ၆လလောက်ဘဲ ခံတော့မယ်ဆိုတဲ့ စကားကို အမေကွယ်တာနဲ့ သတိပေးပြောခဲ့ပေမဲ့ သမီးမှ မယုံတာ။ အိမ်ရောက်တော့ အဖေ့ကို ပြောပြခဲ့တယ်။ အဖေက ဆေးရုံတင်ဖို့ လုပ်ပါတယ်။
photo by me
ဆေးရုံမှာ ဆေးတွေသွင်းလိုက် သောက်ဆေးပေးလိုက် ချွဲတွေ ခြစ်ထုတ်လိုက်နဲ့ တစ်ချို့ရက်တွေ သက်သာလိုက် တစ်ချို့ရက်တွေ ဝေဒနာပြင်းထန်လိုက်နဲ့ အမေ တော်တော်လေး ပင်ပန်းမှာဘဲနော်။ ညရော နေ့ပါ လူနာစောင့် လုပ်ပေးရတဲ့ သမီးကလည်း တစ်ခါတစ်လေ အမေ့ကို စိတ်မရှည်ခဲ့ဘူးလေ။ ပြန်တွေးလိုက်ရင် အမြဲကျခဲ့ရတဲ့နောင်တမျက်ရည်တွေနဲ့ အခုထိ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ခဲ့ဘူး အမေ။ ဝေဒနာတွေကို ပြင်းထန်စွာခံစားနေရတဲ့အချိန် အမေဆုံးဖို့ တစ်ပတ်အလိုလောက်မှာမှ ဓာတ်မှန် အဖြေက ကင်ဆာတဲ့လား။ ၆ လခံမယ်ဆိုပေမဲ့ အမေက ၃ လလောာက်လဲခံခဲ့တယ်။ ဆရာဝန်တွေက ပြောတယ်။ အမေ စားချင်တာ ကျွေးလို့ရပြီဆိုတော့ အမေက ရေခဲမုန့်တောင်းတယ်နော်။ အကောင်းဆုံးရေခဲမုန့်ကို အဖေက ဝယ်ကျွေးခဲ့ပါတယ်။
အမေဆုံးမဲ့နေ့က သမီး ဖျားလို့ အိမ်ပြန်အိပ်တဲ့ ည။ အဖေနဲ့ လူစားလဲစောင့်တဲ့ညပါဘဲ။ အမေ အသက်ထွက်တာကို အဖေလည်း မသိလိုက်သလို။ ဘယ်သူမှလည်း မသိလိုက်ပါဘူး။ မနက် ၄နာရီဝန်းကျင်လို့ အမေ့ ခန္ဓာကို ကြည့်ပြီး ဆရာဝန်တွေက မှတ်ချက်ချခဲ့ကျပါတယ်။ အိပ်ယာလေးတောင် မတွန့်ကျေသွားဘဲ ပကတိ အိပ်နေတဲ့ အမေက ဝေဒနာတွေ သက်သာသွားပုံပါဘဲ။ အသက်ထွက်တာ ညှင်သာလိုက်တာ အမေ။ အမေ ဘယ်ချိန် ပြန်သွားတာလည်း။ ပြန်ခါနီး အချိန် ဘာတွေတွေးနေမလဲ။ အမေ ဘာတွေ မှာခဲ့ချင်တာလည်း။ ဘာတွေကို စိတ်မချဘူးလည်း။ သိချင်မိပါတယ် အမေ။ တစ်အိမ်လုံး အလုပ်တွေ သိမ်းလုပ်တက်တဲ့ အမေ။ သားသမီးလေးတွေကို ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားခဲ့တဲ့ အမေ။ ကိုယ့်အဝတ်အစားကအစ ကိုယ်တိုင် မလျှော်စေခဲ့တဲ့ အမေ။ မီးဖိုချောင်ဆိုတာ ဝေး။ ကြက်ဥတောင် မကြော်စေခဲ့တဲ့ အမေ။ မနက်ကျောင်းသွားဖို့ အတွက် စားစရာတွေ အသင့် ပြင်ပေးထားတဲ့ အမေ။ အမေ စိတ်ချ သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး။
photo by me
အမေ့ ခန္ဓာ မြေချတော့ မငိုဘူးလို့ တင်းထားပေမဲ့ မျက်ရည်ကျခဲ့ရတယ်။ ဘာလို့ ငိုမှာလည်း အမေ။ အမေ့ အပေါ်တာဝန် မကျေခဲ့တဲ့ သမီးက ဘာကို ခံစားပြီး ငိုမှာလည်း။ မျက်ရည်ကျရုံက လွဲပြီး သမီး မငိုခဲ့ပါဘူး။ မောင်နှမတွေရဲ့ မျက်ရည်။ ယောက်ျားကြီးတန်မဲ့ ကျခဲ့တဲ့ အဖေ့ရဲ့ မျက်ရည်။ အေးမြခြင်း စည်းလုံးခြင်းတွေပေးတဲ့ အမေ့ရဲ့ အေးရိပ်။ ပြန်မရနိုင်တော့ဘူးဆိုတဲ့ အသိ။ ခု နှစ်ပေါင်း ၂၀ ကြာသွားပေမဲ့ မေ့ပျောက်မသွားဘဲ တဖြည်းဖြည်းချင်း နာလာတဲ့ အနာနဲ့ သေသည်အထိ သမီးရင်ထဲ တစစ်စစ် ကိုက်ခဲနေတော့မှာပါ အမေရယ်...
နှစ် ၂၀ ပြည့် အမေ့နေ့ အမှတ်တရ