ည ၁၂နာရီ ကျော်သည် အထိ အိပ်စက်မရဘဲ ရှိနေခဲ့တာကြောင့် Steemထဲ ဝင်လိုက် Fbကြည့်လိုက်နဲ့ အိပ်မပျော်ခြင်းကို ကုစားကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ မအိပ်ချင်တဲ့အပြင် မျက်လုံးပိုပြီးကျယ်လာပါတော့တယ်။ ကျယ်ချင်အုံးဟ ဒီမျက်လုံးဆိုပြီး စာအုပ်တစ်အုပ်ဒေါင်းကာ ဖတ်မယ်ဟန်ပြင်လိုက်ပြီး ဘယ်စာအုပ်ဒေါင်းရမလဲလို့ FBပေါ်ဟိုရှာ ဒီရှာပွတ်ကြည့်လိုက်တော့ စာအုပ်မတွေ့သေးခင် စိတ်ဝင်စားစရာ Liveအစီအစဉ်လေးတစ်ခုတွေ့လိုက်ရပါတယ်။ တက်သစ်စ အဆိုတော်မလေးတစ်ဦးရဲ့ အင်တာဗြူးတစ်ခုလည်း ဖြစ်ပါတယ်။ ထူးခြားတာက အဆိုတော်မလေးဟာ တခြားအဆိုတော်တွေလို ကြွားဝါခြင်းကင်းပြီး မိမိဘဝအခြေအနေကို အရှိကို အရှိအတိုင်း ပြောသွားတယ်ဆိုတာ ရိုးသားတဲ့ မျက်နှာမှာ ပေါ်လွင်နေပါတယ်။
ဒီလို ဆယ်လီတွေရဲ့ Liveတွေဆို ကြည့်လေ့သိပ်မရှိပါဘူး။ ဘာကြောင့်လည်းဆိုရင် ဘေကုန်ပြီး သူများကြွားတာ ခံရသလိုဖြစ်လို့ပါဘဲ။ '' ဒါကတော့ စမီး ဘယ်နိုင်ငံကို ရှော့ပင်းထွက်တုန်းက ဝယ်လာတာ စီးနေတဲ့ကားက ချစ်လေးဝယ်ထားပေးတာ'' ''ကြည့်နေကျလား ချစ်လေးတို့ အသည်းလေးပေးပါအုံး'' စသည်ဖြင့် အကျိုးမရှိဟု ယူဆသောကြောင့် မကြည့်ခြင်းလည်း ပါပါသည်။ အခုလည်း ဒီ Liveလေးကို တကူးတက ဖွင့်ကြည့်သည်တော့မဟုတ်။ စာအုပ်ရှာရင်း သူငယ်ချင်းတစ်ယောက်ရှယ်ထားတာ မြင်တာနဲ့ ကြည့်ဖြစ်လိုက်ခြင်း ဖြစ်ပါသည်။ ပြီးတော့ ထို အဆိုတော်မလေးသည်လည်း မိမိနှစ်သက်သောအဆိုတော် ဖြစ်ကာ သူ၏ ဖခင်သည် တစ်ချိန်က ကော်ဖီအလွန်ကြိုက်သော အဆိုတော်တစ်ဦးဖြစ်ပါသည်။
သူမက ဆယ်ကျော်သက်တို့၏ ဟန်ပန်အမူအရာများပျောက်ကာ တည်ငြိမ်ရင့်ကျက်ဟန်ဖြင့် သူမ ဘဝအကြောင်းကို ပြောပြခဲ့ပါသည်။ သူမတို့ မိသားစု စုံစုံလင်လင်နေခဲ့ရချိန်က အခြေအနေတစ်ခုအထိ ပြည့်စုံခဲ့သော်လည်း မိဘများ အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် လမ်းခွဲကျချိန်တွင် စီးပွားရေးပါ ကျဆင်းသွားခဲ့ရသဖြင့် မိခင်နှင့် မိမိတို့ ဘဝကို တော်တော်လေး ရုန်းကန်ခဲ့ရကြောင်း သူမ ဒီလို အောင်မြင်လာခဲ့ခြင်း၏ နောက်ကွယ်တွင် အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရကြောင်း ပတ်ဝန်းကျင်ရဲ့ နှိမ်ချဆက်ဆံခြင်း မတူသလို မတန်သလို အပြောခံရခြင်း ဝေဖန်ပြစ်တင်သံများကြောင့် မျက်ရည်ပေါက်ကြီးငယ်ကျရခြင်း စသည့် နေ့ရက်များကို ဖြတ်ကျော်လာခဲ့ရကြောင်းနဲ့ အခက်အခဲအားလုံးကို ယနေ့အချိန်တွင် ကျော်လွန်နိုင်ပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။
သူမ ပြောခဲ့တဲ့ စကားတွေဟာ တကယ်ကို မှတ်သားထိုက်ပြီး အတုယူလေးစားဖွယ်လည်း ကောင်းလှပါတယ်။ မိသားစုအခက်အခဲကို အရွယ်လေးနဲ့မမျှတဲ့ အသိဥာဏ်တွေနဲ့ တာဝန်ယူတက်သူ မိခင်နဲ့ မိသားစုကို လုပ်ကျွေးပြုစုနေသူလေးအဖြစ် တကယ့်ကို ချီးကျူးထိုက်ပါတယ်။ သူမ ပြောသွားတဲ့ စကားတွေထဲက တကယ့်ကို မှတ်သားထိုက်တဲ့ စကားတွေကတော့ သူမ ကြိုးစားနေတာဟာ မိသားစု အတွက်ပါတဲ့။ နောက်တစ်ချက်မှတ်သားသင့်တဲ့စကားကတော့ '' အရင်အခြေအနေကပေါ့နော် ထိုင်ခုံ ၃ခုရှိတယ်ဆိုပါတော့ မသိနားမလည်သေးတော့ နံပါတ် ၁ထိုင်ခုံမှာသွားထိုင်မိတယ် အဲ့အခါ ဒါ နင့်နေရာ မဟုတ်ဘူး နံပါတ် ၃မှာ သွားထိုင်လို့ အပြောခံရတယ်'' '' အခု အခြေအနေပေါ့နော် နံပါတ် ၃မှာ သွားထိုင်လိုက်ရင် နံပါတ် ၁မှာထိုင်ပါ လာပါလာပါနဲ့ ချိုပြကျတယ်'' '' နိမ့်ကျစဉ်တုန်းကလည်း ဘယ်လိုအခက်အခဲဘဲရှိရှိ စိတ်ဓာတ်မကျသလို အခု ချိုပြကျလို့လည်း မသာယာပါဘူး''လို့ လောကဓံတရားကို သေချာနားလည်သွားတဲ့သူမက ပြောသွားခဲ့ပါတယ်။
သူမရဲ့ အားမာန်အပြည့်နဲ့ ဘဝကို အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ အောင်မြင်တဲ့ဘဝတစ်ခုကို တက်လှမ်းခဲ့ရတဲ့ဘဝဟာ ဆူးခင်းလမ်းပမာ ကြမ်းတမ်းပါလိမ့်မယ်။ ဒါပေမဲ့ သူမဟာ လေလွင့်ပျက်စီးမသွားခဲ့ဘဲ ဖြစ်ချင်တဲ့ လမ်းကို မျက်ရည်စတွေနဲ့ ရောက်အောင်လျှောက်ခဲ့သူပါ။ သူမ ပြောသွားတဲ့ နောက်ဆုံးစကားလေးကို သူမ လက်ကိုင်ထားပါတယ်တဲ့။ အဲ့စကားလေးကတော့ '' မဖြစ်နိုင်တာ မရှိဘူး မဖြစ်သေးတာဘဲ ရှိတယ်''တဲ့။ ကောင်းလိုက်တဲ့ စကားလေးနော်။ ဒီစကားလေးကို လိုက်နာပြီး Steemit လမ်းပေါ်လျှောက်လှမ်းနေကျတဲ့ ကျမတို့တွေလည်း Steemဈေးတွေ ဘယ်လောက်ကျကျ စိတ်ဓာတ်တွေ ကျမသွားဘဲ သူမလို စိတ်ဓာတ်နဲ့ ဆက်ကြိုးစားကျမယ်ဆိုရင် တစ်နေ့တော့ ပန်းတိုင်တစ်ခုကို တက်လှမ်းနိုင်မှာဖြစ်သလို လူငယ်လူရွယ်တွေ အနေနဲ့လည်း သူမလို စိတ်ဓာတ်မျိုး မွေးမြူ သင့်လှပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။