ဒေါ်ကြည်အေးတစ်ယောက် မျက်ရည်တွေတွေ စီးကျရင်း ခိုလှုံခဲ့ဖူးသော မိသားစုအိမ်လေးကို ငေးကြည့်နေမိသည်။ သစ်သားမပါ ဝါးထရံကာ ကျူ ထည်မိုး အိမ်လေးထဲတွင် မိသားစု ကျပ်တည်းစွာနေခဲ့ရသော်လည်း မိသားစု ကျောတခင်းစာ ချစရာရှိ၍ တော်သေးသည်။ မြင့်မားလှသော မြေဈေးများ အိမ်ခန်းဌားခများထဲတွင် မော်မကြည့်နိုင်အားဘဲ စားဖို့ပင် အနိုင်နိုင် ကုန်းရုန်းရှာဖွေစားနေရသည့် သူမတို့မိသားစု ဘဝ။ မိမိအပျိုဘဝတုန်းကတော့ ဖခင်သည် ဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ဝန်ထမ်းအိမ်ယာတွင် နေထိုင်ကျသည်။ ဖခင်ဆုံးတော့ အိမ်ပိုင်မရှိသည့် ဘဝတွင် အိမ်ဌားနေကျသည်။ မိမိအိမ်ထောင်ကျတော့လည်း လင်ကုန်မယား နှစ်ယောက်စလုံး ရှာဖွေခဲ့သော်လည်း အိမ်ကလေးတစ်လုံးမှ မပိုင်။ နောက်ပိုင်း အိမ်ဌားခများလည်း ဈေးမြင့်သွားသည်ကတစ်ကြောင်း အိမ်ဌားရာတွင် ၆လစာ တစ်နှစ်စာပေးရသည့် အပြင် စဘော်ပါတင်ရသောကြောင့် များလာသည့်မိသားစု ဦးရေနှင့် အိမ်ဌားနိုင်ဖို့ပင် ဝေးခဲ့သည်။
သည်တော့ ကျူးကျော်ဟုခေါ်သည့် အစိုးရပိုင်မြေလွတ်များ ကုမ္ပဏီပိုင်မြေလွတ်များတွင် ကပ်ရပ်ကာ တဲအိမ်လေးတွေဆောက်ကာ နေကျသည်။ သည်က မောင်းထုတ်တော့ ဟိုပြေး ဟိုကမောင်းထုတ်တော့သည်ပြေး။ သည်လိုနှင့် နေလာလိုက်တာ တစ်နှစ်နေခွင့်ရလျှင်ပင် အိမ်လခတစ်နှစ်စာ သက်သာသည်လေ။ ယခုအိမ်လေးကတော့ဖြင့် အနေကြာပြီ ဖြစ်သလို သေသေသပ်သပ်ဆောက်လုပ်ထားခြင်းဖြစ်သည်။ အစိုးရပိုင် စီမံကိန်းလုပ်ကွက်အတွင်း ဆောက်လုပ်နေထိုင်ကျခြင်းလည်း ဖြစ်သည်။ ဒေါ်ကြည်အေးတို့ မိသားစု အပြင် နောက်ထပ် မိသားစု ၇စုခန့် စုပေါင်းနေထိုင်ကျသည်။ တဲစုစုလေးဖြင့် ထိုနေရာလေးတွင် နေထိုင်ခဲ့ကျသည်မှာ ၃နှစ် သုံးမိုးပင် ပြည့်ခဲ့ပေပြီ။ အစိုးရမှ စီမံကိန်းဆောက်ရန် မြေနေရာများရှင်းလင်းခြင်းကြောင့် လက်ရှိအိမ်လေးအားဖျက်ကာ လွတ်သည့်နေရာကို ပြောင်းရွှေ့ပေးရမည် ဖြစ်လေသည်။
ဒေါ်ကြည်အေးသည် ပစ္စည်းများကို အထုတ်ထဲတွင်သေချာပြန်ပြင်ထည့်ကာ မရေရာလှသည့် မိမိတို့ ဘဝရှေ့ရေးကို တွေးတောရင်မောနေလေသည်။ ဘယ်နေရာ ဘယ်ဒေသတွင် ခရီးဆက် စတည်းချရမည်ကို မသိဖြစ်နေလေသည်။ သားနှင့် ချွေးမသည်လည်း မနက်ကတည်းက နေစရာရှာဖွေရန် ထွက်သွားခဲ့လေသည်။ ယခု နေမွန်းတည့်သသည့်တိုင် ပြန်မလာသေး။ မြေးကလေး ၄ယောက်မှာလည်း ဆာလောင်နေကျပေပြီ။ မြေးမ အကြီးဆုံးကြီးမှာလည်း ကျောင်းခဏခဏပြောင်းရ၍ စိတ်ပျက်အားငယ်နေလေသည်။ ထိုစဉ် သားနှင့် ချွေးမသည် ခြေလှမ်းသုတ်သုတ်လှမ်းကာ ပြန်လာနေသည်ကိုတွေ့လိုက်ရသောကြောင့် ကလေးများမှာ ပျော်ရွှင်စွာဖြင့် ပြေးသွားကိလေသည်။ သားမျက်နှာမှာ သာသာယာယာသိပ်မရှိလှဘဲ စိတ်ရှုပ်ထွေးဟန် ပြနေလေသည်။ ချွေးမကတော့ လက်ထဲမှ မုန့်ပြားသလက်များကို ကလေးများအား ခွဲဝေကျွေးနေလေသည်။