အပါတနီမျိုးနွယ်စု ဆိုတာ ကျွန်တော်တို့ ချင်းပြည်နယ်နဲ့ သိပ်ပြီးမဝေးလှတဲ့ အိန္ဒိယရဲ့ တောင်တန်းဒေသ Ziro မှာနေထိုင်ကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ သူတို့ဟာ ယဉ်ကျေးမှုရော ကိုးကွယ်ယုံကြည်မှုကော တစ်မူထားခြားကြပါတယ်။ ကျွန်တော့်အတွက်တော့ အရင်ဆုံး ပါတနီအမျိုးသမီးကြီးတွေရဲ့ပုံကိုကြည့်တာနဲ့ကို စိတ်ဝင်စားနေတာပါပဲ။ ကြည့်ပါဦး နဲနဲနောနော နှာခေါင်းကွင်းကြီးတွေလားနော။
သူတို့ပုံကိုကြည့်ပီး ခေါင်းထဲမှာ မေးခွန်းတွေ တန်းစီပီး ပေါ်လာတာပဲ ။ ဘာကြောင့် ဒီလို နှာခေါင်းကွင်းကြီးတွေ တပ်ရတာလဲ ၊ သူတို့ ယဉ်ကျေးမှု က ဘယ်လိုရှိလဲ ၊ သူတို့ အသက်မွေးဝမ်းကြောင်းကကော ဘယ်လိုတွေ လုပ်ကိုင်စားသောက်ကြသလဲ စသဖြင့်ပေါ့လေ ။ စပ်စုတယ်ပြောပါတော့ ။
နှာခေါင်းပေါက်ကြီးတွေရဲ့အကြောင်းကတော့ ကိုယ်တို့ ဆီက ချင်းလူမျိုးအချို့နဲ့ သဘောတရားခြင်းတော့ တူသား ။ဒါကတော့ ပါးစပ်ရာဇ၀င်အရပေါ့ ။ ရှေးရှေးတုန်းက အပါတနီ အမျိုးသမီးတွေဟာ သိပ်ကို ချောမောလှပကြတယ် အဲ့လို ချောမောလှပ တာကြောင့် အနီးအနား က လူမျိုးစုတွေယောက်ျားတွေရဲ့ ခိုးယူပေါင်းသင်းခြင်း ခံရတယ် ။ အဲ့ဒါကြောင့် သူတို့ရဲ့ မျက်နှာကို ရုပ်ဆိုးအကျည်းတန်အောင် ဒီလောက်ကြီးတဲ့ နှာခေါင်းပေါက်ကြီးတွေ ဖောက်ထားခြင်းဖြစ်တယ်တဲ့ ။ အမျိုးသမီးဖြစ်ရတာလည်း ဘယ်ခေတ်မှ မလွယ်ပါလားနော် လို့ တောင် ကျွန်တော် တွေးမိတယ် ။ ဟုတ်တော့ဟုတ်တယ် အခုကို နှာခေါင်းပေါက်ကြီးကြီးတွေနဲ့တင်ကို သေချာ ရုပ်ဖမ်းကြည့်လိုက်ရင် သူတို့ဟာ မိန်းမလှတွေဖြစ်ခဲ့ကြမှာ အသေချာပဲ ။
ဒီပုံထဲက အမျိုးသမီးလေးဆိုရင် ဒီလို နှာခေါင်းဖောက်ထားတာတောင် လှနေသေးတာနော်...
တော်သေးတာ တစ်ခုက အဲ့ဒီ့ ဓလေ့ကြီးက နောက်ပိုင်းမျိုးဆက်သစ်တွေကတော့ လက်ခံကျင့်သုံးခြင်း မရှိကြတော့ဘူးဆိုတဲ့အချက်ပါပဲ ။ ဟူး တော်ပါသေးရဲ့ ။
ဒီပုံလေးထဲက အပါတနီ မိန်းမငယ်လေးတွေကတော့ ကံကောင်းတယ်ပြောရမယ် ။
ခောတ်သစ် အပါတနီ မိန်းမပျိုလေးတွေ ။ ချစ်စရာကောင်းလိုက်တာနော်။
ဒီလူမျိုးစုရဲ့ ကိုးကွယ်ယုံကြည်မှုက သဘာဝတရား ပါတဲ့ ။ သူတို့ရဲ့ ဘုရားကတော့ နေမင်း နဲ့ လမင်း ဖြစ်တယ် ။ သူတို့ရဲ့ ဘာသာကို Donyi-Polo လို့ခေါ်တယ် ။အဓိပ္ပါယ်ကတော့ Sun-Moon ပါတဲ့ ။
ဒါက သူတို့ရဲ့ ဘုရားစင် ။
ဒါကတော့ ဘာသာရေးအလံဖြစ်မယ်ထင်တယ် ။
နေတစ်ဖက် လတစ်ဖက် နဲ့ ၀ါးပေါ်တင်ထားတယ် ။
သူတို့ဆီမှာလည်း ကြက်တို့ ငှက်တို့ကို ယစ်ပူဇော်တာ ရှိတယ် ။ ငှက်ခလေးတွေ ကြက်ကလေးတွေကို မသေမရှင်ဖြစ်နေတုန်း ဇောက်ထိုး ဆွဲထားပြီး ကြလာတဲ့ သွေးစက်တွေနဲ့ နတ်ပူဇော်တာလား ဘာလားမသိဘူး ရွတ်ဖတ်သရဇယ် နေကြတယ် ။ အရိုင်းတော့ ဆန်တုန်းပေါ့လေ ။
နောက်ပြီး အပါတနီလူမျိုးတွေရဲ့ Ziro ဒေသကို ယူနက်စကိုက ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် နယ်မြေအဖြစ် ကြေငြာဖို့ လုပ်နေတယ် တဲ့ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ သူမတူတဲ့ စိုက်ပျိုးရေး နည်းပညာကြောင့်လို့ ပြောရမယ်။ အပါတနီတွေရဲ့ အဓိက အသက်မွေးဝမ်းကြောင်းက စိုက်ပျိုးရေးပါပဲ ။ သူတို့က တောင်ကြားတွေမှာ စပါးကို အဓိက စိုက်တယ် ။ အဲ့လို စိုက်တဲ့နေရာမှာလည်း ဘယ်လို တိရိစ္ဆာန် ဘယ်စက်ပစ္စည်းရဲ့ အကူအညီမှ မယူဘဲ လူအားနဲ့ပဲ စိုက်တာဖြစ်လို့ တော်တော် အံ့သြစရာကောင်းပါတယ်။ အဓိက နည်းပညာကတော့ သူတို့ရဲ့ ရေသွင်းစနစ်ပဲ ။ တောင်ပေါ်ကနေ စီးဆင်းလာတဲ့ စမ်းချောင်းရေတွေကို ခွဲခြမ်းစိတ်ဖြာပြီး မြောင်းတွေ အဆင့်ဆင့်ဖောက်ပြီး လယ်ကွက်တွေထဲ ရေသွင်းပါတယ် ။ အဲ့လို မြောင်းနံရံတွေကို လည်း ၀ါးတွေနဲ့ပဲ ကာရံထားတာတွေ့ရတယ် ။ အပေါ်ဆုံးလယ်ကွက်က ရေယူလို့ပြီးပြီဆိုရင် အောက်အကွက်တွေကို ရေဖောက်ချပေးလိုက်တယ် အဲ့လို အဆင့်ဆင့်သွားရင်း ဟိုးအောက်ဆုံး လယ်ကွက်အထိ ရေရောက်အောင် သဘာဝနည်းကိုပဲ သုံးတာဖြစ်တယ် ။ သူတို့ရဲ့ လယ်ကွက်တွေမှာ ဘယ်လို ဓါတ်မြေသြဇာမှ မသုံးဘဲ တောင်ပေါ်ကနေ မိုးရေတိုက်လို့ စုပုံလာတဲ့ မြေဆီ မြေနှစ်တွေမှာ စိုက်ထားတာဖြစ်လို့ စပါးအထွက်လည်း အလွန်ကောင်းပါသတဲ့။ ဘာဖြစ်လို့ဆို သူတို့က တောင်ကြားထဲမှာ စိုက်တာကိုး ။
သူတို့ရဲ့ စိုက်ခင်းတွေရဲ့အပေါ်က တောင်တန်းတွေကိုတော့ ထင်းရှူးပင်တွေ စိုက်ပျိုးထားပြီး ရေထွက်ကို ထိန်းသိမ်းတဲ့ တောအဖြစ် ထားရှိ ပါတယ် ။အဲ့ဒီ့ တောအုပ်ကိုလည်း ဒေသခံ အပါတနီ လူမျိုးတွေကပဲ စောင့်ရှောင့်မွေးမြူပါတယ် ။ ထင်းရှူးတော အစပ် တောင်ကြားစပ်တွေမှာတော့ ပြောင်းပင်တွေ စိုက်တယ် ။ အဲ့လို ဂေဟဗေဒ စနစ်ကို သဘာဝအတိုင်း ထိန်းသိမ်းထားတဲ့ စိုက်ပျိုးရေးပညာတွေကို မျိုးဆက်တစ်ခုမှ နောက်တစ်ခု ကို လက်ဆင့်ကမ်းလာလိုက်ကြတာဟာ ယနေ့ခေတ်ထိပဲ ဆိုပါစို့။ သိပ်ကို ချီးကျူးအတုယူစရာပါပဲ ။
ဒီနေရာမှာ ကျွန်တော်တွေးမိတာက ဘယ်လိုပဲ သူတို့ရဲ့ ရေမြေအနေအထားအရ အားသာလို့ ဒီလို သဘာဝအတိုင်း စိုက်ပျိုးဖြစ်ထွန်းတာပဲဖြစ်ဖြစ် အပါတနီတို့လည်း လူတွေပါပဲ ။ ချမ်းသာချင်ကြမှာပဲ ။ ဘာကြောင့်များ စက်တွေ ကျွဲတွေ နွားတွေ သုံးပြီး ပိုမို အထွက်တိုးအောင် မလုပ်ကြတာလဲ ။ လုပ်မယ်ဆိုလည်း ရနေတာပဲလေ ။ အဲ့ဒီ့မှာ ကျွန်တော် တစ်ခု စဉ်းစားမိတယ် အပါတနီ ရဲ့ ဘိုးဘွားတွေဟာ စိုက်ပျိုးနည်းပညာတင် အမွေပေးခဲ့တာမဟုတ်လောက်ဖူး ။ သဘာဝတရားကို ချစ်တတ်တဲ့ စိတ် ဂေဟစနစ်ကို ထိန်းသိမ်းတတ်တဲ့ စိတ်ကိုပါ အမွေပေးခဲ့လို့သာလျှင် ခုချိန်အထိ ဒီလို စနစ်မျိုး အဓွန့်ရှည်နေတယ်လို့ပဲ ယုံကြည်သုံးသပ်မိတယ်။ ကျွန်တော်တို့ဆီမှာတော့ ဓါတ်မြေသြဇာ နိုင်းချင်းသုံးလို့ ပိုးသတ်ဆေးသံသရာထဲက အသီးအနှံတွေကိုပဲ မှီခိုအားထားစားသောက်နေရတာ ဘယ်လောက်တောင် ကွာခြားလိုက်သလဲနော်။ ဒါကြောင့်မို့လည်း ယူနက်စကိုက ဒီ အပါတီတို့ရဲ့ Ziro ဒေသကို အသက်ရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းချင်တာပဲနေမှာ ။
သို့သော်လည်း ပေါ့လေ ။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက် ဆိုတဲ့စကားကလည်း ရှိသေးတော့ အပါတနီတို့ရဲ့ ရိုးရာ စိုက်ပျိုးရေးနည်းပညာကို မှေးမှိန်လာအောင် လုပ်မယ့် သူတွေလည်း ရှိလာပါတယ် ။သူတို့ကတော့ စပါးမျိုးသစ်တွေကို အပါတနီတွေကို ပေးပြီး စိုက်ပျိုးခိုင်းလာတဲ့ အခြားဒေသက စီးပွားရေးသမားတွေပဲဖြစ်ပါတယ် ။ အဲ့ဒီ့ မျိုးသစ်တွေက ဗီဇပြောင်းလဲထားတဲ့ GMO တွေဖြစ်တော့ ဒေသမျိုးရင်းတွေလို အကြမ်းမခံဘူးလေ ။ တယုတယ စောင့်ကြည့် ဆေးဖြန်းချိန်မှာ ဖြန်း ၊ မြေသြဇာကျွေးရမယ့် အချိန်မှာ ကျွေး အဲ့လိုတွေ လုပ်မှ ဖြစ်မယ့် မျိုးတွေဆိုတော့ အကယ်၍သာ အပါတနီ တောင်သူတွေက ဒီမျိုးဆန်းတွေကို လက်ခံစိုက်ပျိုးလာမယ်ဆိုရင်... သူတို့ရဲ့ ရှေးရိုးရာ စိုက်ပျိုးနည်းပညာကလည်း မှေးမှိန်လာမှာပဲ ။ ပြီး မြေဆီသြဇာတွေလည်း ပျက်ဆီးလာမှာပဲ ။ ဒေသခံ အုပ်ချုပ်သူ အစိုးရအနေနဲ့ တော်တော်တော့ ပညာသားပါပါနဲ့ ထိန်းကွပ်ရမှာပါပဲ ။ ကျွန်တော်တောင် အပါတနီ တွေရဲ့ ဒေသလေးကို စာတွေဖတ်ရင်း ချစ်နေတာ ဒီဒေသလေးရဲ့ ကိုယ်ပိုင်ဟန်လေး ပျက်သွားမှာကို ဒီလောက်စိုးရိမ်နေတာ ။ သူတို့ ဒေသခံတွေဆို ပို ချစ် ၊ ပိုစိုးရိမ်မှာပါပဲလေ။ ဒီတော့လည်း ကာကွယ်ကြမှာပါလေ လို့ ဖြေတွေးလေးတွေးရတယ် ။
စကားမစပ် ကျွန်တော် ရောက်ဖူးချင်တဲ့ နေရာဒေသတွေထဲ အပါတနီလည်း ပါသွားပြီ ။
ကျွန်တော် အရောက်လာခဲ့ပါဦးမယ် အပါတနီ ။
ခတ်မီတယ်ဆိုတာ မင်းအတွက် မလိုအပ်သော အပိုဆားဒါးတစ်ခုပါ ။
ဒီအတိုင်းလေးပဲ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ရှိနေပေးပါ အပါတနီ။
Long Live Apatani Culture !
Photo from Google
Writen by : Su Htet Aung
MSC : Applying
Date : 20.3.2018 :11am