အားလုံးပဲ ပျော်စရာ ကြာသာပတေးနေ့လေး ဖြစ်ပါစေနော်...။ မန္တလေးမှာတော့ ရာသီဥတုက သာယာနေတာမို့ လင်းလင်းချင်းချင်းရှိလှပါတယ်။ ကျန်တဲ့ဒေသတွေမှာတော့ မိုးတွေ ရွာနေ ကြတယ်ထင်ပါရဲ့ ..။ မိုးအေးအေးလေးနဲ့ စာရေးတာတို့ စာရေးဖို့ စဉ်းစားခန်း ၀င်တာတို့ လုပ်ရတာလည်း အရသာရှိတာပဲလေ...။
အိမ်ရှင်မတွေ တစ်နေ့ပြီးတစ်နေ့ အိမ်မှာ ချက်ကွှေးစရာ ဟင်းအမယ် စဉ်းစားရတာ ခက်ခဲရှားပါးလာသလိုပဲ စတီးမစ် မှာ စာရေးတော့မယ်ဆိုရင်လေ... ရေးစရာ အကြောင်းအရာ စဉ်းစားရတဲ့ အပိုင်းက အခက်ခဲဆုံး အပိုင်းပဲဖြစ်မယ်ထင်တယ် နော်..။ စာရေးလာတာ ရက်ကနေ လ ၊ လ ကနေ နှစ် ကြာလာရင် ရေးစရာတွေ ရှားပါးသွားသလိုပဲလို့ ညည်းငြူသံလေးတွေ ကြားဖူးတယ်။ ကိုယ်တိုင်လည်း ရေးစရာအကြောင်းအရာ စဉ်းစားရင်း စိတ်တိုင်းမကျရတာနဲ့ ၊ တကယ်အကောင်ထည်ဖော်မရေးဖြစ်လိုက်လို့ မေ့သွားတာနဲ့ စတဲ့အခက်အခဲလေးတွေ ရှိတော့ ရေးစရာ အကြောင်းအရာကို ငယ်ငယ်တုန်းက စာစီးကုံး ရေးတော့မယ်ဆိုရင် အချက်တိုလေးတွေ ထုတ်ထားသလိုမျိုး ထုတ်ထားကြည့်ရင် ကောင်းမှာပဲဆိုပြီး တွေးမိတယ်။
ဒီတော့ စဉ်းစားလို့ ရသမျှလေး ချရေးကြည့်မိတယ် ဆိုပါတော့လေ..။
(၁)သွားဖြစ်ခဲ့တဲ့ ခရီးစဉ်လေးတွေ အကြောင်း ဓါတ်ပုံလေးတွေနဲ့ review လေးတွေ ရေးမယ်။
ခရီးသွား review လေးတွေရေးတဲ့အခါမှာ နာမည်ကြီး traveling blogger တွေလို သိုင်းဝိုင်းဖွဲ့နွဲ့ပြီး မရေးတတ်ရင်တောင် ကိုယ်ရောက်ခဲ့တဲ့ ဒေသရဲ့ ထူးခြားချက်လေးတွေ ၊ ဒေသထွက်ကုန်တွေ ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ ကို နှလုံးသားနဲ့ခံစားပြီး ပြန်ရေးမယ်ဆိုရင် အမှန်တကယ်ကို ဆွဲဆောင်မှုရှိတဲ့ ခရီးသွားပို့စ်လေး တစ်ခု ဖြစ်မှာ အသေချာပါပဲ။
ပုံ။ ။ ကယားဝက်အူချောင်းနဲ့ ခေါင် ကို မြည်းစမ်းကြည့်ပီးသကာလ ကယန်း ရိုးရာ souvenir shop လေးမှာ ဈေးဝင်ရောင်းနေသော စာရေးသူအားတွေ့ရစဉ်။
(၂)လူတိုင်း လူတိုင်းမှာ ထူးခြားတဲ့ talent တွေ ၊ ၀ါသနာတွေ ရှိတတ်ကြလို့ အဲ့ဒါလေးတွေကို ဝေမျှပေးလို့ ရပါတယ်။
ဥပမာ လို paper artwork လေးတွေ လုပ်ပြတာမျိုးတို့ ၊ မုန့်လုပ်နည်းလေးတွေ ဝေမျှတာမျိုးတို့ ပေါ့။ မယ်ဂျစ်ရဲ့ ထူးခြားတဲ့ ၀ါသနာက ကမ္ဘာပေါ်က ရှားပါး လူမျိုးစုတွေကို စိတ်ဝင်စားခြင်းပါပဲ..။ အဲ့လို လူမျိုးစု တစ်မျိုးရဲ့အကြောင်းကို ရေးထားဖူးတဲ့ ပို့စ်လေးလည်း စတီးမစ်မှာ တင်ဖူးပါသေးတယ်။ဝါသနာတူသူတွေ ဒါမှမဟုတ် စိတ်ဝင်စားတဲ့သူတွေ ဖတ်ချင်ရင်
ဒီLinkလေးမှာ ဖတ်ကြည့်နိုင်ပါတယ်လို့ ကြော်ငြာဝင်ပါရစေနော်..။
ထို့နည်းတူစွာ ကိုဒွန် တို့ ဦးဦးယု
ကို
နဲ့
ကိုသန့်ဇင် တို့ ဆိုရင်လည်း သူတို့ရဲ့ ကျွမ်းကျင်ရာ ၀ါသနာ တွေကို ချပြတဲ့နေရာမှာ ဆရာတွေပါပဲ။
(၃)ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ စိတ်ဝင်စားစရာ လူတွေရဲ့အကြောင်း။
အဲ့ဒါဆိုရင်လည်း တကယ်ကိုရေးလို့ ကောင်းတဲ့ အချက်ပါပဲ။ တွေ့မိသလောက် အဲ့လိုလေးတွေ ရေးတတ်တဲ့ MSC member တွေထဲမှာဆိုရင် စီနီယာတွေဖြစ်ကြတဲ့ ကိုစောလွင်တို့
ကိုညီ တို့ ၊
မမကြည်တို့ နောက်
ဦးဇင်းတို့
ကိုသက်တို့ ဆိုရင် အရမ်းကို ရေးပြတတ်ပါတယ်။ သူတို့မို့ ရေးပြလိုက်ပြီဆိုရင် စိတ်ဝင်စားစရာ လူမှုဘ၀ အဖုံဖုံကို ပြေးမကြည့်ပဲ မျက်စိထဲကို ကွက်ကွက်ကွင်းကွင်းတွေ မြင်လာရပါတယ်။
(၄)ကိုယ့်ရဲ့ နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့ အခြေအနေ ဟာလည်း မတူညီတဲ့လူအချင်းအချင်းအတွက် စိတ်ဝင်စားစရာ ကောင်းနေတာပါပဲ။
(၅)အချစ် ၊ ဟာသ ၊ စွန့်စားခန်း စတာတွေကိုလည်း အခန်းဆက်လေးတွေ ရေးနိုင်ရင် ရေးလို့ရပါတယ်..။
ဒီအပိုင်းကတော့ မယ်ဂျစ်အတွက် ခက်ခဲတဲ့အပိုင်းမို့ ခုထိ တစ်ခါမှ ၀တ္ထုပုံစံမျိုး မရေးနိုင်သေးပါဘူး ။ ဇာတ်လမ်း ၊ ဇာတ်အိမ် တည်ဆောက်ရတာ ၊ လှည့်ကွက် မြှုပ်ကွက်တွေ ထည့်ရတာ တို့နဲ့မို့ တော်တော်မလွယ်တဲ့ကိစ္စဖြစ်ပေမယ့် ရေးနိုင်တဲ့သူတွေ အများကြီးရှိတာမို့ အားကျရပါတယ်။
(၆)Hot news တွေကို ကိုယ့်အမြင်နဲ့ကိုယ် ပြန်ရေးတာ။
ဒါက မယ်ဂျစ်လုပ်နေကျ အကွက်တွေပေါ့လေ..။ ဟီးဟီး။ လူမှုကွန်ယက်မှာကလည်း တစ်နေ့ တစ်မျိုးတောင်မကဘူး ခေတ်စားနေတဲ့ သတင်းတွေ အဖြစ်အပျက်တွေ ဟာ စတီးမစ်ပို့စ်တွေအတွက် အကောင်းဆုံး ကုန်ကြမ်းတွေပါပဲ။
(၇)ကိုယ်နှစ်သက်တဲ့ အဆိုအမိန့်(Quotes)တွေအကြောင်း။
src
တခါတလေ ကိုယ့်စိတ်ခံစားချက်နဲ့သော်လည်းကောင်း ၊ ကိုယ့်အတွေးအမြင်နဲ့သော်လည်းကောင်း ကိုက်ညီတဲ့ quotes လေးတွေ ရှိတတ်ပါတယ်။ အဲ့ဒီ့အခါ quotes လေးတွေ တင်ပြီး ဘာကြောင့်နှစ်သက်ရတယ်ဆိုတာ ရှင်းလင်းတင်ပြ ခြင်းအားဖြင့်လည်း ပို့စ်ကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
(၈)ကြိုက်မိတဲ့ movie သို့မဟုတ် သီချင်း တွေအကြောင်း။
ကိုယ့်ကို heart ထိစေနိုင်တဲ့ movie တွေ ၊ သီချင်းတွေ ကလည်း ပြန်လည် ခံစား သုံးသပ် တင်ပြဖို့ အကောင်းဆုံး ကုန်ကြမ်းတွေပါပဲ။ ဒီနေရာမှာ ဇာတ်ကြောင်းပြောတဲ့ ပုံစံမျိုးထက် ဒီရုပ်ရှင် သို့တည်းမဟုတ် ဒီသီချင်းပေါ်မှာ ကိုယ်ခံစားရတဲ့ ခံစားချက် ၊ ရသ ၊ သင်ခန်းစာ စတာတွေကို အသားပေးရေးမယ်ဆိုရင် ဖတ်ချင်စဖွယ် ပို့စ်ကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
(၉)နောက်တစ်ခုကတော့ စတီးမစ် ပလက်ဖောင်းအကြောင်းနဲ့ အခြား စပ်လျှဉ်းတဲ့ အကြောင်းအရာတွေ။
ဒီနေရာမှာလည်းလေ တစ်ယောက်နဲ့ တစ်ယောက်သိထားတာချင်း တူဖို့မလွယ်ကူတာကြောင့်
"ငါရေးမယ့် အကြောင်းအရာက အားလုံးသိပြီးသား ဖြစ်မှာပါလေ" လို့ ဘယ်တော့မှ မတွက်လိုက်ပါနဲ့နော်။ ကိုယ်သိထားတာလေးတွေဟာ စီနီယာတွေအတွက် သိပြီးသားဖြစ်နေရင်တောင် ခုမှ ၀င်ခါစ စမ်းတ၀ါးဝါးသမားလေးတွေအတွက် အထောက်အပံ့တစ်ခု ဖြစ်စေနိုင်တယ် မဟုတ်လား။
ဒါကတော့ ကိုယ်တွေးလို့ရသမျှ ချရေးထားတဲ့ မှတ်စုကြမ်းလေးတွေ ဖြစ်တဲ့အတွက် တခါတလေ အိုင်ဒီယာ ထုတ်မရတဲ့အခါမျိုးမှာ အတွေးစလေးတွေ ပေါ်လာအောင် အသုံးဝင်ခဲ့မယ်ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာမိမှာပဲ။ မိတ်ဆွေတို့ဆီကလည်း မတူညီတဲ့ မှတ်စုကြမ်းလေးတွေရှိရင် ဝေမျှပေးပါဦးလို့ တောင်းဆိုပါတယ်နော်. ..။
ချစ်တဲ့
MSC-264
⏰ -5:27 pm
6th, September, 2018