ဒီနေ့ သားငယ်လေးအတွက် သိပ္ပံအခြေခံသဘောတရားလေးတွေကို ကြိုတင်မိတ်ဆက်ထားပေးချင်လို့ စာတွေလိုက်ဖတ်ကြည့်မိတယ်..။ အဲ့ဒီ့မှာ ကလေးငယ်လေးတွေကို အိမ်မှာတင် အလွယ်တကူ လုပ်ပြပေးနိုင်တဲ့ mini စမ်းသပ်ချက်လေးတွေ အများကြီးပဲ တွေ့တဲ့အထဲကမှ ကိုယ်နဲ့ကိုက်ညီတဲ့ နည်းလမ်းလေးအချို့ကို မှတ်သားထားရင်း steemit ပလက်ဖောင်းပေါ်က သူငယ်ချင်း မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ စိတ်ကူးလေး ရတာမို့ ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ်။
စတီးမစ်က မိတ်ဆွေတွေထဲမှာလည်း ကလေးမိဘတွေ ပါကြသလို… တူ တွေ တူမတွေရှိတဲ့ မိတ်ဆွေတွေလည်း ရှိကြတာမို့ နည်းနည်းဖြစ်ဖြစ် အသုံးဝင်မယ်လို့ ထင်ပါတယ်။ သိပ္ပံစမ်းသပ်ချက်လို့ ပြောလိုက်ရင် ငယ်ငယ်တုန်းက သင်ခဲ့ရသလို ဖန်ပုလင်းတွေနဲ့ ၊ tube တွေနဲ့ တခမ်းတနားပုံစံမျိုး ၊ လက်လှမ်းမမီနိုင်တဲ့ပုံစံမျိုးတွေ မပါဝင်ပါဘူး။ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ပဲ လုပ်ပြသွားလို့ရတာမို့ တူတူလေ့လာကြရအောင်နော်…။
စမ်းသပ်ချက် နံပါတ်(၁)
ဒုံးပျံလွှတ်တင်ကြမယ်
ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေဟာ အဆုံးအစမဲ့တယ် အကန့်အသတ်မဲ့တယ် ။ ဒါကြောင့်သူတို့စိတ်ကူးလေးတွေကို မိဘတွေက လွတ်လွတ်လပ်လပ် ကူညီပျံ့သန်းခွင့်ပေးထားမယ် ၊ ပံ့ပိုးပေးလိုက်မယ်ဆိုရင် သူတို့လေးတွေဟာ ထူးချွန်ထက်မြက်တဲ့ တီထွင်နိုင်စွမ်းရှိတဲ့ ကလေးလေးတွေ ဖြစ်လာကြမှာမလွဲပါဘူး။ ပထမဆုံး ဒုံးပျံလွှတ်တင်ကြမယ်ဆိုတဲ့ စမ်းသပ်ချက်လေးကို ပြုလုပ်ချင်တယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းလေးတွေ အရင်စုလိုက်ကြရအောင်နော်..။
ပစ္စည်းစာရင်း (၁)
- ငါးမူးပိုက်လို့ခေါ်တဲ့ အချင်း ½” ရှိတဲ့ PVC ရေပိုက် အရှည် (၅)ပေ တစ်ချောင်း
- ကိုကာကိုလာ ဗူးကြီး အလွတ်တစ်ဗူး (သန့်ရှင်းခြောက်သွေ့နေပါစေ)
- T-joint ပိုက်ဆက် (၂)ခု
- ပိုက်အပိတ် (၂)ခု
- ရိုးရိုး ပိုက်ဆက် (၁)ခု
- ၆ လက်မပတ်လည် ပါကင်ပေပါ ၂ ရွက်
- Double tape
- ပါကင်တိပ်
- ဆော့ပင်တစ်ချောင်း
- ပိုက်ဖြတ်လွှ တစ်ချောင်း
လိုအပ်တာတွေ ရပြီဆိုရင် Lab လေး စလိုက်ရအောင်နော်..။ အရင်ဆုံး ပိုက်တွေကို လိုအပ်တဲ့ အရှည်အတိုင်း ဖြတ်တောက်ရပါမယ်..။ အရင်ဆုံး ၁၂ လက်မ အရှည်ရှိတဲ့ ပိုက် (၃) ချောင်းဖြတ်ပါမယ်။ နောက်ထပ် ၆ လက်မ အရှည်ပိုက် (၃) ချောင်းဖြတ်မယ်။ ဖြတ်စရာကတော့ ဒါပါပဲ။ ပြီးရင် ကျွန်မပုံကြမ်းလေးထဲကအတိုင်း နေရာချလိုက်ပါမယ်..။
ပိုက်တွေနဲ့ ပိုက်ဆက်တွေ အကုန်လုံး join ပြီးသွားရင် စက္ကူလေးတွေအလှည့်ရောက်ပါပြီ။ ကျွန်မတို့ လက်ဖွဲ့ပစ္စည်းတွေကို ထုပ်ပိုးပေးရတဲ့ ပါကင်ပေပါ စက္ကူသားလေးတွေဆိုရင် အဆင်ပြေပါတယ်..။ အဲ့ဒါမရနိုင်လည်း နည်းနည်းလေး တောင့်တဲ့ စက္ကူကိုသုံးလို့ရပါတယ်။ စက္ကူလေးတွေကို ၆လက်မပတ်လည် စတုရန်းပုံ ဖြစ်နေရပါမယ်။ အဲ့ဒါကိုမှ တစ်ဖက်မှာ double tape ကို အရှည်လိုက် ကပ်ထားပြီးတော့ စလင်ဒါပုံရအောင် လိပ်လိုက်ရပါမယ်..။ နောက်ပြီး စလင်ဒါရဲ့ တစ်ဖက်ထိပ်ကို တိပ်နဲ့ကပ်ပြီး သေချာစွာ ပိတ်ပေးရပါမယ်..။ အားလုံးပြီးသွားရင် ခုနက နေရာချထားတဲ့ ပိုက်ရဲ့ ထိပ်မှာ စက္ကူဒုံးပျံလေးကို စွပ်လိုက်ရမှာပါ။ ဒုံးပျံတပ်ထားတဲ့ဘက်ရဲ့ ဆန့်ကျင်ဘက် ပိုက်ထိပ်မှာတော့ ၂ လီတာဆန့် ကိုကာကိုလာ ဗူးကို စွပ်ထားပေးရမှာပါ။အဲ့လိုစွပ်တဲ့အခါမှာ လေလုံအောင်သေချာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လေဖိအားနဲ့ အထက်ကို တွန်းတင်ပေးရမှာမို့ပါ။
ကဲ ဒီလိုဆိုရင်တော့ ပြင်ဆင်ခြင်း အားလုံးပြီးသွားပြီဖြစ်တာကြောင့် ဒုံးပျံလေးကို လွှတ်တင်လိုက်ကြဖို့ ဘေဘီလေးတွေကို အနားခေါ်လိုက်တော့နော်..။
သားသားရေ ..သို့မဟုတ် မီးမီးရေ
ရေသန့်ဗူးကြီးကို ခြေထောက်နဲ့ အားပါးတရ ဖိနင်းချလိုက်ပါလို့ ပြောလိုက်ပါ။ ကလေးငယ်လေးတွေရဲ့ စိတ်လှုပ်ရှား ပျော်ရွှင်ရီမောသံလေးတွေ အိမ်ထဲမှာ ပျံ့လွင့်သွားစေရမယ်လို့ ကိုယ် ရဲရဲကြီးယုံကြည်ပါတယ်။ ဒီပရောဂျက်လေးလုပ်ပြပြီး ကလေးလေးတွေကို တွန်းကန်အားရဲ့သဘော ပင့်တင်အားရဲ့သဘောကို နားလည်အောင်ရှင်းပြလို့လည်းရပါတယ်။
စမ်းသပ်ချက် နံပါတ်(၂)
Jelly Fish လေးလုပ်ကြမယ်..။
သင့်ခလေးငယ်လေးတွေကို ငါးပြတိုက်ကို လိုက်မပို့နိုင်သေးရင်လည်း အားမငယ်ပါနဲ့။ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ပဲ ဂျယ်လီငါးလေးလုပ်ပြနိုင်ပါတယ်နော်။ ကဲလိုတာလေးတွေ စုဆောင်းလိုက်ကြရအောင်လို့။
ပစ္စည်းစာရင်း (၂)
-ကြွပ်ကြွပ်အိပ် အပါးစားလေး တစ်ခု
-အရောင်ဆိုးဆေးမှုန့် အပြာရောင်အနည်းငယ်
-ဖန်ပုလင်းအကြည် တစ်ပုလင်း
-ကပ်ကြေးတစ်လတ်
-ချည်ကြိုး သို့မဟုတ် သားရေပင် တစ်ခု
ပစ္စည်းလေးတွေ စုဆောင်းပြီးပီဆိုရင် အရင်ဆုံးဖန်ပုလင်းလေးထဲကို ရေ အပြည့်နီးပါးထည့်ရပါမယ်။ နောက်ပြီး အပြာရောင် ဆိုးဆေးမှုန့်လေး အနည်းငယ်ထည့်ပါမယ်..။ City mart တွေမှာ food coloring ပုလင်းလေးတွေ ရောင်စုံရှိပါတယ်။ ကိတ်မုန့်လုပ်တဲ့ ပစ္စည်းတွေ ရောင်းတဲ့အတန်းတွေမှာ ရတတ်ပါတယ်။ ဒါမှမဟုတ်လည်း အလွယ်တကူ ရနိုင်တဲ့ မဲနှယ်နဲ့ လုပ်နိုင်တယ်လေနော်..။ ရေဖြည့် အရောင်ထည့်လို့ပြီးသွားရင် ပင်လယ်ရေလို ရေပြာပြာလေးထဲမှာ ကူးခပ်ပြမယ့် ဂျယ်လီငါးလေး လုပ်ကြမယ်…။ ကြွပ်ကြွပ်အိပ် အပါးစလေးကိုလက်ကိုင်နေရာတွေ ဖြတ်ထုတ်ပစ်ရပါမယ်..။ ပီးရင် ရေထည့်ရပါမယ်..လုံးပတ် တစ်လက်မခွဲပတ်လည်လောက်ရောက်အောင် ဖြည့်ပီးသွားရင် သားရည်ပင် သို့မဟုတ် ချည်ကြိုးလေးနဲ့ ပတ်စည်းပြီး ရေဘောလုံးလေးပုံစံပြုလုပ်ထားပေးပါ။ ပြီးရင်တော့ အောက်ဘက်မှာကျနေတဲ့ ပလတ်စတစ်အစလေးတွေကို ကပ်ကြေးလေးနဲ့ မညီမညာ ညှပ်ပေးလိုက်ပါ..။ ညှပ်ပေးလိုက်ရခြင်းကတော့ ဂျယ်လီငါးလေးရဲ့ ခြေတွေလက်တွေပုံစံလေး ရအောင်လို့ပါနော်။ အဲ့ဒါပြီးသွားရင်တော့ ခုနက ကိုယ်တို့ ပြုလုပ်ထားတဲ့ ပင်လယ်တုလေးထဲ ဂျယ်လီငါးလေးကို ပစ်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ လှပတဲ့ ဂျယ်လီငါးလေးတစ်ကောင်ကို ရေပြာပြာလေးထဲ ကူးခတ်နေတဲ့ပုံစံကို ရပြီပေါ့။
သားသားမီးမီးလေးတွေကို ညဘက်မှာ အခန်းထဲ အလင်းအနည်းငယ်ပဲထားပြီး LED မီးလုံးလေးတွေကို အဲ့ဒီ့ပုလင်းလေးနား ထားပြီး တူတူကြည့်လို့ ရပြီပေါ့။ ပြီးတော့ ပင်လယ်ရေနက်ထဲက ဂျယ်လီငါးလေးတွေအကြောင်းလည်း ပြောပြရင်း ရေသတ္တ၀ါလေးတွေနဲ့ ဂေဟစနစ် ဟန်ချက်အကြောင်းလည်း ပါးပါးလေးပြောပြလို့ရတာပေါ့..။
ကလေးများရဲ့ အနာဂတ်ကိုလှပအောင် ဖန်ဆင်းပေးခြင်းဟာ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံဖော်ပေးတာနဲ့ တူတူပဲမို့ ကလေးတိုင်းရဲ့ နေ့ရက်လေးတွေ လှပကြပါစေ..။
နောက်ထပ် လွယ်လွယ်ကူကူလုပ်လို့ရတဲ့ mini lab လေးတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးသွားဦးမယ်နော်..။
စေတနာများစွာဖြင့်
မေမေဂျစ်
Su Htet Aung
MSC-264
28/8/2018