ကိုယ့်အမေဟာ ကိုယ့်ကိုသူ့ပုံဖြစ်စေချင်တယ်။ ရုပ်ရည်ကအစ လုပ်တာကိုင်တာ ချက်တာပြုတ်တာအဆုံး သူနဲ့တူစေချင်တယ်။
အမေက အချက်အပြုတ် သိမ်းထုတ်သေချာဘွဲ့ကို အမျိုးတွေကြားထဲမှာ ရထားသူဆိုတော့ ပြောရရင် မိန်းမပီသသူပေါ့။ ကလေးအထိန်းအသိမ်းလည်းတော်တယ်လို့ ပြောကြတယ်။ ကိုယ်ကသာ အဲ့ဒါကို လက်မခံတာ။ ကလေးတွေနဲ့ ပတ်သက်ရင် အမေ့ကို အားကိုးကြတယ်။ ဘာကျွေးရမလဲ၊ ဘယ်လိုထိန်းရမလဲ၊ ဘယ်လိုပြောဆိုပေးရမယ် ဆိုတာကအစ အမေ့ကိုမေးကြတယ်။ အမျိုးအားလုံးက အမေဟာ ကလေးရေးရာရော အိမ်တွင်းမှုကိစ္စအဝဝမှာပါ သိပ်တော်သူလို့ သတ်မှတ်ထားကြတယ်။ အမေက မူကြိုဆရာမလည်း ဖြစ်သေးတယ်ဆိုတော့လေ။ ကိုယ်ကလည်း အဲ့လိုသတ်မှတ်ပါတယ်။ ဒါပေမယ့် အမေတော်တယ် ဆိုတာတွေကို ကိုယ်က သဘောမကျဘူး။ မကြိုက်ဘူး။ ကိုယ်က ကြည့်တယ်။ အဲ့လိုတော်တဲ့မိန်းမတယောက်ရဲ့ သားသမီးတွေရဲ့ အခြေအနေတွေ။ အဲ့လောက်တော်တဲ့ မိန်းမတယောက်ရဲ့ အိမ်ထောင်ဖက် အခြေအနေတွေ။အဲ့ဒါတွေကို ကိုယ်က သိပ်ကြည့်တယ်။ ကိုယ်သဘောကျတဲ့ မိန်းမတယောက်ရဲ့ပုံစံနဲ့ ကိုယ့်အမေဟာ ကွဲလွဲတယ်။ အဲ့တော့ သဘောမကျဘူး။ ဒါဟာ ကိုယ့်လွတ်လပ်ခွင့်။ သားသမီးတိုင်းဟာ သူတို့ရဲ့မိဘတွေကို မဖြစ်မနေ သဘောကျရမယ်လို့မှ ပြဌာန်းချက်မရှိတာကိုး။ ရှိလို့လည်းမရဘူး မဟုတ်လား။ ဒါပေမယ့် ကိုယ့်အမေဟာ သူတော်တဲ့ဆိုတဲ့ပုံစံတွေကို ကိုယ့်ကို သွပ်သွင်းချင်တယ်။ သူ့ပုံစံဖြစ်စေချင်တယ်။ သူ့ကို လူတွေချီးကျူးကြသလို ကိုယ့်ကိုယ်လည်း အဲ့လိုဖြစ်စေချင်တယ်။ ဒါကသူ့အပိုင်း။ အဲ့ဒီ့အတိုင်းလိုက် မလုပ်နိုင်တာက ကိုယ့်အပိုင်း။ အဲ့လိုနဲ့ ကိုယ်တို့သားအမိနှစ်ယောက်ကြားမှာ ဆက်ထုံးတွေများလာခဲ့တယ်။
အမေရဲ့ဟင်းချက်ပုံတွေအတိုင်း ကိုယ်မချက်ဘူး။ အမေ့ကိုဆန့်ကျင်ချင်လို့မဟုတ်ဘဲ ကိုယ်ကြိုက်မယ်ထင်တာလေးတွေ ကိုယ့်ဘာသာကိုယ် ထွင်ချက်တယ်။ တခါတလေ လွယ်ကူတယ်။ တခါတလေ ရှုပ်လွန်းတယ်။ ဒါပေမယ့် ကိုယ့်နည်းနဲ့ကိုယ်ချက်ရတာပျော်တယ်။ ယုံကြည်မှုပိုရှိတယ်။ အဲ့ဒါကိုအမေက သိပ်သဘောမကျဘူး။ ဒါက ဒီလိုလေးချက်ရတယ်။ စသဖြင့်ပြောတယ်။ ကိုယ်ကလည်း နဲနဲမှ အလွှမ်းမိုးမခံချင်ဘူး။ အဲ့လိုနဲ့ အဲ့လိုနဲ့ အမေနဲ့ကိုယ်ဟာ ……… အင်းဝရာဇာဖြစ်ခဲ့ရတယ်။
ကိုယ်လည်းအမေ့ကို ဖြစ်စေချင်တာလေးတွေရှိတယ်။ ချက်နေပြုတ်နေရင်းနဲ့ ၊ အိမ်တွေရှင်းလင်းနေရင်းနဲ့ မီးပူတွေတိုက်နေရင်းနဲ့ အချိန်မကုန်စေချင်ဘူး။ ကိုယ်တို့ညီအမအတွက် အချိန်ပေးတဲ့၊ ကိုယ်တို့နာကျင်မှုတွေကို မျက်ကွယ်မပြုတဲ့၊ ကိုယ်တို့ကို ကာကွယ်ပေးနိုင်တဲ့၊ အမေ ။ အဲ့လိုမျိုးဖြစ်စေချင်တာ။ ယောက်ျားတယောက်က စော်ကားသွားလို့ ရှက်ကြောက်နေတဲ့ သမီးလေးတွေရှေ့ကနေ မားမားမတ်မတ် ရင်ဆိုင်ကာကွယ်ပေးတဲ့ အမေမျိုး ကိုယ်တော့ သိပ်သဘောကျတယ်။
အမေ့ဘဝက အိမ်ထောင်ကံမကောင်းဘူးလို့ပြောလို့ရတယ်။ ကလေးနှစ်ယောက်အဖေနဲ့အိမ်ထောင်ကျတယ်။ အမေက အပျို။ ဒါပေမယ့် အမေဟာ နှစ်အိမ်ထောင်ဖြစ်နေတဲ့ဘဝကို ရုန်းထွက်ရင်ဆိုင်ဖြေရှင်းဖို့ မစဉ်းစားတတ်ခဲ့ဘူး။ အမေသိတာ အရှက်တရားပဲ။ ပြောရရင် သူ့အတွက်အရှက်တရား။ ပတ်ဝန်းကျင်က လက်ညှိုးထိုးမယ့် အရှက်တရား။ ဒါပေမယ့် အမေဟာ သူ့အတွက်သာ ရှက်တတ်ခဲ့တာ။ ကိုယ်တို့အတွက်ကျတော့ နဲနဲမှ မစဉ်းစားတတ်ခဲ့ဘူး။ နွံနစ်နေတဲ့ ကိုယ့်ဘဝအတွက် အမေဘာမှ မလုပ်ပေးခဲ့တဲ့အပြင် လျစ်လျူတောင်ရှုခဲ့သေးတာ။ ဆယ်ကျော်သက် ကိုယ့်ဘဝလေးဟာ ခနခန အမှောင်ခန်းထဲ ပိတ်မိခဲ့တာကို အမေက မသိချင်ယောင်ဆောင်ပြီး ရိုးသားသမှုပြုခဲ့တယ်။ ဒီလောက်တော်တဲ့အမေတောင် မနိုင်တဲ့ သမီးဆိုးအဖြစ် ပတ်ဝန်းကျင်က လက်ညှိုးထိုးတယ်။ အဲ့လိုပဲလေ။ မီးတွေမှောင်နေတုန်းက ဘယ်ပတ်ဝန်းကျင်မှ ကိုယ့်အနားမကူညီဖူးခဲ့ဘူး။ အမေလည်းအပါအဝင်ပဲ။ အဲ့ဒါကြောင့်ပြောတာ။ အမေ့ကို ကိုယ်သဘောမကျဘူးလို့။
အခုပိုဆိုးလာတာက ကိုယ့်သမီးလေးအပေါ်မှာ အမေ့က သူသတ်မှတ်ထားတဲ့ စံ တွေနဲ့လွှမ်းမိုးချင်လာတယ်။ ကိုယ်က ကလေးမမွေးဖူးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ကိုယ့်အမေဟာ ကိုယ့်ထက် ပိုတွေးနိုင်လိမ့်မယ်လို့ ကိုယ်လကိမခံဘူး။ အထူးသဖြင့် သမီးလေးနဲ့ပတ်သက်ပြီးတော့ပေါ့။ ကလေးတစ်ယောက်ရဲ့ စိတ်အခြေအနေ ကလေးတစ်ယောက်ရဲ့နေမှုထိုင်မှုတွေကို ကိုယ်က လွတ်လပ်စေချင်တယ်။ အမေကတော့ သူ့လွှမ်းမိုးမှုနဲ့ပဲ ရှင်သန်စေချင်တယ်။ ကိုယ်လေ့လာထားတဲ့ ကလေးစိတ်ပညာအရရော ကိုယ်ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေရောပေါင်းလိုက်ရင် ကိုယ်ဟာ သမီးလေးကို ဘယ်တော့မှ စိတ်ကျဉ်းကျပ်မှုမဖြစ်စေဘူးဆိုတာ သေချာတယ်။ ကိုယ့်စိတ်နဲ့သူ ရှင်သန်နေရမယ့်အစား သူ့လွတ်လပ်ခွင့်နဲ့သူ ရှင်သန်နေစေချင်တယ်။ သူ့တန်ဖိုးကိုသူကိုယ်တိုင်နားလည်စေချင်တယ်။ ကိုယ်ကအဲ့လို။ သမီးလေး အသက် ၁နှစ်လောက်တုန်းက ဘော့ပင်နဲ့စာရွက်မြင်ရင်မနေနိုင်ဘဲ မှောက်ပြီး အတင်းလျှောက်ခြစ်တော့တာ။ နေ့စဉ်ရက်တိုင်း အဲ့လိုဖြစ်လာတော့ ကိုယ်ကပြောမိတယ်။ သမီးလေးက ကြီးလာရင်ပန်းချီဆရာမဖြစ်မလား မသိဘူးဆိုတော့ အမေဟာ ဖွဟဲ့ မဟုတ်ကဟုတ်ကတွေတဲ့လေ။ အဲ့ဒီ့တုန်းက ကိုယ်ဟာ အသဲအသန်ပြန်ငြင်းခဲ့တယ်။ ဘာဖြစ်လဲ သူ့ဘာသာသူ ဝါသနာပါလို့ ပန်းချီဆရာဖြစ်ဖြစ် ကဗျာဆရာဖြစ်ဖြစ်ပေါ့လို့။ အဲ့လို ကိုယ်ကအငေါ်တူးလိုက်တာကို အမေကနဲနဲမှ သဘောမကျဘူး။ သူတို့စိတ်ထဲမှာ ဆရာဝန် အင်ဂျင်နီယာ စသဖြင့်တွေကိုသာ အကောင်းစားထင်မှတ်ပြီး ကျန်တာတန်ဖိုးမရှိဘူးလို့မြင်တာ။ နောက်တခုက ကလေးက သူစိတ်သန်ရာဆော့ကစားတာကို နိမိတ်လို့ခံယူတာ။ အဲ့တော့ ဆရာဝန်တိုင်းဆော့ရင်ပဲ ကြီးလာရင်တကယ်ဆရာဝန်ဖြစ်တော့မလိုလို။ အဲ့လိုမျိုးတွေမှာ ကိုယ်နဲ့အမေဟာ အင်မတန်သဘောထားကွဲလွဲတယ်။ ကြာတော့လည်း ကိုယ်နဲ့အမေဟာ မျက်နှာချင်းဆိုင်မှာကို ဆုံမှတ်တွေလွဲနေတော့တယ်။ ကိုယ်ပြောတဲ့ ချစ်ခြင်းနဲ့လွတ်လပ်စွာရှင်သန်ခြင်းကို အမေနားမလည်သလို အမေပြောတဲ့ အရှက်အကြောက်တရားအကြောင်းတွေကိုလည်း ကိုယ်နားမလည်တော့ဘူး။ ကိုယ့်အသိနဲ့အမေအသိဟာ မျဉ်းပြိုင်လိုပဲ။
အဲ့ဒီ့လိုနဲ့ပဲ ကိုယ့်အမေဟာ ကိုယ့်အတွက် အကောင်းဆုံးနမူနာဖြစ်ခဲ့ရတယ်။ ကိုယ့်အမေဟာကိုယ့်အနာဂတ်ဖြစ်ပြီး ကိုယ့်သမီးလေးဟာ ကိုယ့်အတိတ်လို့မြင်လာတယ်။ ကိုယ်ကြိုးစားတယ်။ ကိုယ့်အနာဂတ်မှာ ကိုယ့်အမေလိုမဖြစ်ချင်ဘူး။ ကိုယ့်အတိတ်လိုမျိုး ကိုယ့်သမီးလေးမမွန်းကျပ်စေရဘူး။ အဲ့ဒီလိုနဲ့ ကိုယ်ကြိုးစားခဲ့တယ်။ ကြိုးစားနေတယ်။ ကြိုးစားရင်းနဲ့ပဲ ဒီန့ဆိုရင် သမီးလေးဟာလေးနှစ်နဲ့ငါးလတောင် ရှိလာပါရောလား။ ကိုယ့်အမေနဲ့ကိုယ့်ရဲ့ ကွဲလွဲမှုတွေကို သင်္ခန်းစာယူပြီး ကိုယ့်သမီးလေးအလှည့်ကျရင် ကွဲလွဲမှုအနည်းဆုံးဖြစ်စေရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိတော့တယ်။
သမီးလေးကောင်းမွန်စွာကြီးပြင်းရှင်သန်လာပါစေ။
စုမွန်သွယ်
MSU - 057