မူလတန်းအဆင့်မှစ၍ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အစီအစဉ်ပြဋ္ဌာန်းချက်များ ရေးဆွဲနေ
ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက် ၍ မူလတန်းအဆင့်မှစတင်ကာ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးကို သင်ကြားပေးနိုင်ရေးအတွက် ပြဋ္ဌာန်းချက်အစီစဉ်များ ရေးဆွဲလျက်ရှိပြီး တနိုင်ငံလုံးရှိ မူလတန်းကျောင်းများသို့ မကြာမီ ပေးပို့သင်ကြားသွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တွင် ပြုလုပ်သည့် အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်ရေးထိုးပွဲနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကျင့်ဝတ်များ ဖွံ့ဖြိုးလာစေခြင်း ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခု စတုတ္ထအကြိမ် ဥပဒေပြင်ဆင်တဲ့အထဲမှာလည်းပဲ ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ မူလတန်းပညာရေးကနေစပြီးတော့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ဆိုတဲ့ ပြဋ္ဌာန်းချက်ပါရှိလာတာ ဖြစ်ပါတယ်။ နောက်တခုကတော့ ဒီမှာ တချိန်တည်း တပြိုင်တည်း ဆောင်ရွက်နေတဲ့ကိစ္စကတော့ ဒီကလေးသူငယ်တွေမှာပေါ့။ Edutainment ပေါ့၊ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ကိုယ်ကျင့်သိက္ခာ မပျက်ပြားရအောင် ကျွန်တော်တို့ ပညာပေးဖျော်ဖြေရေးလုပ်ငန်းစဉ်တွေ၊ ဒါတွေကိုလည်းပဲ စတင်ပြီးတော့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ မူလတန်းကျောင်းတိုင်းကို ဒီ Edutainment Program တွေကို ဖြန့်ဝေပေးနိုင်ဖို့အတွက် ပြုစုနေတာ ဒီလထဲလောက်ဆိုရင် ပြီးစီးတော့မှာ ဖြစ်ပါတယ်။ လာမယ့် တစ်လ၊ နှစ်လလောက်အတွင်းမှာ ပြည်တွင်းမှာရှိတဲ့ မူလတန်းကျောင်းတွေကို အစွန်အဖျားကျောင်းတွေအထိ အကုန်ရောက်အောင် ကျွန်တော်တို့ ပို့ပေးမှာ ဖြစ်ပါတယ်”ဟု ဦးအောင်ကြည်က ပြောသည်။
အဆိုပါ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး ပြဋ္ဌာန်းချက်များကို စာအုပ်အဖြစ် ထုတ်ဝေ၍ အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ဖြစ်ပွားလာနိုင်သည့် ကိုယ်ကျင့်သိက္ခာထိန်းသိမ်းရေး၊ ရိုးသားဖြောင့်မတ်မှု၊ မှန်မှန်ကန်ကန် ပြောဆိုမှု၊ မျှမျှတတလုပ်ကိုင်ဆောင်ရွက်မှုစသည့် အချက်များမှ စတင်ကာ သင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အောင်မှူး