နိုင်ငံဝန်ထမ်းတွေရဲ့လစာဟာ အခြားဝန်ထမ်းတွေနဲ့စာရင် နည်းတယ်ဆိုတာသိပေမယ့် အခုချက်ချင်း လစာတိုးပေးဖို့ မဖြစ်နိုင်သေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဇူလိုင် ၁၀ ရက်နေ့ နေပြည်တော် MICC2 မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ၊ နိုင်ငံဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ဆိုင်ရာ ထုတ်ပြန်ကြေညာတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။
“ပြည်သူ့ဝန်ထမ်းအများစုရဲ့ လုပ်ခလစာနှုန်းထားဟာ၊ အခြားနယ်ပယ်တွေက ဝန်ထမ်းတွေနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျနေသေးတယ်ဆိုတာကို ကျမတို့သိပါတယ်။ ဒီကစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြလိုပါတယ်။ လေးလေးနက်နက် စဉ်းစားသုံးသပ်ပြီး ရေရှည်တည်တန့်အောင် ဖြည်းဖြည်းချင်း တိုးမြှင့်ပေးရမှာဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ ရသုံးမှန်းခြေငွေစာရင်းအခြေအနေနဲ့အညီလည်း ဆောင်ရွက်ရပါတယ်။ လစာတိုးမြှင့်ရေးဟာ ကျမတို့ ဝန်ထမ်းတွေ မျော်လင့်သလို ချက်ချင်းမဖြစ်နိုင်သေးပေမယ့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို အခြားနည်းလမ်းတွေနဲ့ ပံပိုးပေးသွားမှာဖြစ်ပါတယ်။”
လက်ရှိအချိန်မှာတော့ ပြည်သူ့ဝန်ထမ်းတွေအတွက် နိုင်ငံတော်အပေါ် သစ္စာရှိရှိ နှစ်ရှည်လများ တာဝန်ထမ်းဆောင်မှုအပြီးမှာ လုံလုံခြုံခြုံနဲ့ သိက္ခာရှိရှိနေထိုင်နိုင်ဖို့ အိမ်ရာတွေ ဆောက်လုပ်ပေးသွားမယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ဆိုပါတယ်။
#DVB