ဝေးရပ်မြေမှ နှလုံးသား (ဇာတ်သိမ်း)
အပိုင်း(၁) ဖတ်ရန်
အပိုင်း(၂) ဖတ်ရန်
ရိုစီနဲ့တွဲကနေရသောနောင်နောင်တစ်ယောက် စိတ်ထဲမှာ ကြည်နူးပျော်ရွှင်မိသလိုလိုပါ။အိပ်မက်လားတောင်ထင်မိပါသည်။မိမိအနေနှင့် ဒီလိုနေရာ ဒီလိုအခြေအနေမျိုး ရိုစီနှင့်တွဲကရသည်မှာ ကိုယ့်ကိုကိုမယုံနိုင်အောင်ဖြစ်မိပါသည်။အတွေးများပျံ့လွင့်နေတုန်း ရိုစီဆီမှ စကားသံထွက်လာမှ နောင်နောင် သတိဝင်လာပြီး
“ရှင် ဒီလိုမျိုးပွဲတွေ မတက်ဖူးဘူးလား ဒါပထမဆုံးလား”
“ဟုတ်ကဲ့ မရိုစီခေါ်မှသာ ပထမဆုံးရောက်ဖူးတာပါ”
“အော် ဒါဆိုလူရိုးလေးလား ဟီးဟီး…….”
“ဟာ အဲလောက်လဲ မဟုတ်ရပါဘူးဗျာ ကျွန်တော်တို့လိုအဆင့်အတန်းနဲ့ ဒီနေရာတွေဆိုတာက အလှမ်းဝေးပါတယ်”
“ ရိုစီတို့ကတော့ လူလူချင်းတူတူဘဲ အဆင့်အတန်းဆိုကိုတော့ လက်မခံပါဘူး အဆင့်အတန်းလဲမခွဲတတ်ဘူး”
ရိုစီပြောလိုက်သော စကားကြောင့် နောင်နောင်ပို၍ အံ့သြရပါတယ်။ရိုစီမှာ ဒီလိုစိတ်ဓာတ်မျိုးရှိမယ်ဆိုတာ မထင်ထားပါဘူး။နောင်နောင် ရိုစီက သူ့အပေါ်မှာအခွင့်အရေးပေးနေသလားတောင်ထင်မိပါတယ်။ဖြစ်လဲမဖြစ်နိုင်ပါဘူးလေ။မိမိဘာသာစိတ်ထင်တာလဲ ဖြစ်နိုင်ပါတယ်။ဒီလိုနဲ့ ည၁၁နာရီလောက်လဲရောက်ရော ရိုစီလဲ ပင်ပန်းနေပြီဖြစ်တဲ့အတွက် ပြန်လာခဲ့ကြပါတယ်။အိမ်ပြန်ရောက်တော့လဲ အိပ်ယာထဲမှာ မအိပ်နိုင်ဘဲ လမ်းမှာ ရိုစီမေးတဲ့စကားတွေကိုသာ ပြန်လည်ပြန်ယောင်နေပါတယ်။ကားပေါ်မှာရိုစီက
“ရှင့်မှာ ချစ်သူတွေဘာတွေမရှိဘူးလား ဒီအချိန်ထိချစ်သူမရှိတာတော့မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား”
“ဟာ ကျွန်တော်မှာ ချစ်သူဝေးလို့ ရင်းနှီးတဲ့မိန်ကလေးသူငယ်ချင်းတောင် မရှိပါဘူးဗျာ ရင်းရင်းနှီးနှီးနဲ့ စကားပြောဖူးတာဆိုလို့ မရိုစီကပထမဆုံးပါဘဲ”
“ဟုတ်ပါ့မလားရှင် ယောင်္ကျားတွေက မယုံရပါဘူး”
“တကယ်ပါဗျာ ကျွန်တော်ကတစ်နေ့တစ်နေ့ဆရာ့ကို ကားမောင်းပို့နေရတာနဲ့ဘဲအချိန်ကုန်နေတာပါဗျာ”
“ဟုတ်ပါပြီ မနက်ဖြန် ဘယ်သွားရင်ကောင်းမလဲ ကျွန်မလဲ ပြန်ရောက်တုန်း မြို့အနှံ့မရောက်သေးဘူး၊ မနက်ဖြန် ကန်တော်ကြီးထဲသွားမလား စိတ်လဲအပန်းဖြေရင်ပေါ့ ရှင်လိုက်ခဲ့ပေးနော် ကျွန်မဖေဖေပြောထားလိုက်မယ်”
“ကျွန်တော်တို့ ၂ယောက်ထဲလား”
“ဟုတ်တယ်လေ ဘယ်သူ့ခေါ်ချင်လို့တုန်း အေးအေးဆေးဆေးသွားချင်ပါတယ်ဆိုမှ”
“အဲလိုပြောတာမဟုတ်ပါဘူး မရိုစီသူငယ်ချင်းတွေပါဦးမလားလို့ပါ ဟုတ်ကဲ့ ကျွန်တော်အဆင်သင့်လုပ်ထားပါ့မယ်”
Image Source
ရိုစီအပေါ်မှာ နောင်နောင်တစ်ယောက် ချစ်မိနေပြီလား။ရိုစီကလဲ မိမိကိုရင်းရင်းနှီးနှီးဆက်ဆံနေတယ်ဆိုတော့ နောင်နောင်တစ်ယောက်တွေးရင်း စိတ်တွေဝေခွဲမရဖြစ်နေပါတယ်။ဒါပေမယ့် ရိုစီအပေါ်မှာတော့ နောင်နောင်စိတ်တွေ ယိမ်းယိုင်နေပါပြီ။ဘာဖြစ်လို့ဆို နောင်နောင်တစ်ယောက် ရိုစီနဲ့ရှိတဲ့အချိန်တွေမှာဆိုရင် စိတ်ကအလိုလိုကြည်နူးပျော်ရွှင်မိပါတယ်။ရိုစီကိုလဲ အမြဲတမ်းဘဲ တွေ့နေချင်မိပါတယ်။ဒါပေမယ့်လဲ ရိုစီနဲ့ မိမိရဲ့အဆင့်အတန်းကွာခြားမှုကို စဉ်းစားလိုက်ရင် မဖြစ်နိုင်တာကိုမှန်းနေသလိုဖြစ်နေပါတယ်။ဒါပေမယ့်လဲ ရိုစီရဲ့ အဆင့်အတန်းမခွဲဘူးဆိုတဲ့စကားလေးကြောင့် မိမိမှာ အားတက်ရပြန်ပါတယ်။မနက်ဖြန် ၂ယောက်ထဲသွားမယ်ဆိုတာကို တွေးလိုက်တိုင်း နောင်နောင်တစ်ယောက်စိတ်ထဲမှာ အလိုလိုပျော်လာပါတယ်။နာရီကြည့်လိုက်တော့ အချိန်ညဥ့်နက်နေပြီဖြစ်တာကြောင့် အိပ်ယာထဲမှာ လူးလိမ့်ရင် ဘယ်အချိန်အိပ်ပျော်သွားသည်မသိလိုက်ပါ။
မနက် အိပ်ယာမှထကာ မိမိကိုယ်မိမိ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်ပြီး ကားကိုပါအဆင့်သင့်ဖြစ်အောင်ပြင်ထားလိုက်ပါတယ်။ ခဏအကြာမှာတော့
“ရှင်အဆင့်သင့်ဖြစ်ပြီလား ဖြစ်ရင်သွားမယ်နော်”
“ဟုတ် ဖြစ်ပါပြီ မရိုစီသွားမယ်ဆိုသွားလို့ရပါပြီ”
“အယ် ဒီနေ့ရှင် သားနားနေပါ့လား” ဆိုပြီး နောင်နောင်လက်မောင်းကို ရိုစီက လက်သီးနဲ့ဖွဖွလေးထိုးပြီး ပြောလိုက်ပါတယ်။ရိုစီက တစ်ခါတစ်လေနောင်နောင်ကို စကားပြောရင် လက်မောင်းကို လက်သီးလေးနဲ့ထိုးပြီး ပြောတတ်ပါသေးတယ်။နောင်နောင်ကတော့ စိတ်ထဲမှာ အပျော်ကြီးပျော်လို့နေပါတယ်။ဒီလိုနဲ့ ကားလေးကို ကန်တော်ကြီးဘက်ဆီကို မောင်းခဲ့လိုက်ပါတယ်။ ကန်တော်ကြီးကိုရောက်တော့ ကန်ရဲ့ဘေးမှာရှိတဲ့ဆိုင်တစ်ဆိုင်မှာ ၂ယောက်သားထိုင်လိုက်ပါတယ်။
“ကဲ ရှင်ဘာမှာမလဲ မှာလေ ဘာမှအားမနာပါနဲ့ ရိုစီကျွေးမှာပါ”
“ရပါတယ် မရိုစီကြိုက်ရာဘဲ မှာလိုက်ပါ”
စားပွဲထိုးကို စားစရာမှာလိုက်ပါတယ်။နောင်နောင်စိတ်ထဲမှာတော့ အခုလို ၂ယောက်ထဲ အတူတူထိုင်နေရတာနဲ့တင် ပျော်နေပါပြီ။စားစရာများရောက်လာပြီး ၂ယောက်သား ရောက်တတ်ရာရာစကားများကို ရယ်မောပျော်ရွှင်စွာ အစားစားရင်ပြောကြပါတယ်။ခဏနေတော့ ရိုစီဆီကို ဖုန်းဝင်လာပါတယ်။
“ ဟယ်လို ကိုလား၊” ရိုစီစကားသံကိုကြားတော့ နောင်နောင်တစ်ယောက် နားထဲကို ချော်ရည်ပူတွေလောင်းထည့်လိုက်သလိုဖြစ်သွားပါတယ်။ “ကိုလား”ဆိုတော့ ဘယ်သူလဲ၊နောင်နောင်တစ်ယောက် မေးခွန်းပေါင်းများစွာဖြင့် ပျော်နေသောစိတ်များ ပျံ့လွှင့်သွားပါတယ်။
“ဟုတ်တယ် ရိုစီအပြင်မှာ ကန်တော်ကြီးထဲလာရင်း ထမင်းစားနေကြတာ၊ ပြန်လာမှာပေါ့ လွမ်းနေပြီလား၊ရိုစီကလဲ ကို့ကိုလွမ်းနေတာပါဘဲ ဟုတ်ဟုတ် ရိုစီပြန်လာရင် ဖုန်းဆက်လိုက်မယ်နော် ဒါဘဲနော်ကို”
“အော် sorry နော် ရိုစီချစ်သူနဲ့စကားပြောနေတာ ပြန်လာပြီလားမေးနေလို့ ၊အခုလိုကျွေးတာကလဲ ကိုနောင်နောင်ကို ကျေးဇူးတင်လို့ပါ။ရိုစီသွားချင်တဲ့နေရာတွေကို တကူးတကလိုက်ပို့ပေးတဲ့အတွက်ပါ။ရိုစီလဲ နောက်၁ရက်နေရင် ကျောင်းပြန်တက်ဖို့အတွက် နိုင်ငံခြားပြန်သွားရတော့မှာမို့ပါ၊ ဒီကြားထဲ ကူညီခဲ့တာတွေအတွက် ကျေးဇူးပါလို့” အော် ကျေးဇူးတင်လို့တဲ့လား ၊နောင်နောင်ကတော့ ရိုစီကသူ့ကို ရင်းရင်းနှီးနှီးဆက်ဆံတယ်ဆိုပြီး တလွဲစိတ်များဝင်ပြီး တဖက်သတ်ပျော်နေခဲ့တာပါ။
Image Source
ရိုစီကပြောနေပေမယ့် နောင်နောင်တစ်ယောက် စကားများကို မကြားတော့ဘဲ စိတ်များက အဝေးသို့သာ ပျံ့လွင့်နေပါတယ်။ရိုစီပြန်မယ့်နေ့ လေယာဉ်ကွင်းကိုလိုက်ပို့ပြီး ပြန်တက်သွားတဲ့လေယာဉ်ကိုကြည့်ကာ တဖက်သတ်ချစ်ခဲ့ရတဲ့ ချစ်ရသူရဲ့အပြန်ခရီးကို အဝေးမှလှမ်းကြည့်ရင်း နောင်နောင်နှလုံးသားကတော့ အဝေးမှာရှိတဲ့ ချစ်ရတဲ့ချစ်သူဆီကို တိတ်တဆိတ်ပါသွားခဲ့ပါပြီ………………။
ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်ပါသည်………………။