"လောဘမီး"
ယခင်အပတ်- https://steemit.com/myanmar/@tharpauk/elabami
ယခင်နေ့ကရေးခဲ့သည်တွင် ဒေါ်နီမှ ကလေးအားမွေးစားသည်ဆိုသည်မှာလည်း အမှန်မဟုတ်ဘဲ နောင်တစ်ချိန်တွင် ခိုင်းစေရန်ရည်ရွယ်ချက်ဖြင့်သာ မွေးစားခြင်းဖြစ်မည်ထင်ပါသည်။ အဆိုပါကလေးအား ကောင်းမွန်စွာမပြုစုဘဲ ပတ်ဝန်းကျင်မှသတိထားမိလာချိန်တွင် မည်သည့်နေရာသို့ပို့ဆောင်လိုက်သည်မသိပါ။ အဲဒီနောက်ပိုင်းတွင်လဲ အိမ်ဖော်ဆိုသည့်အမျိုးသမီး ကြီးငယ်များကို ခေါ်ယူခဲ့သော်လည်း ဒေါ်နီ၏မိသားစုဒဏ်ကို မခံနိုင်ကြဘဲ ပြန်ပြေးသွားကြတာများပါသည်။အဆိုပါအိမ်ဖော်များကိုလည်း အိမ်ထဲမှအိမ်ပြင်မထွက်စေဘဲ ပတ်ဝန်းကျင်နှင့်အဆက်အသွယ်ဖြတ်ထားပါသည်။
Credit:https://goo.gl/JeGYBV
တစ်နေ့တွင် ဒေါ်နီမိသားစုအိမ်မရှိခိုက်တွင် အသက်၅၀ကျော်ရှိသော အိမ်ဖော်အဒေါ်ကြီးမှ ထိုအိမ်တွင်မွေးထားသော ခွေးလွတ်သွား၍လိုက်ဖမ်းစဉ် လမ်းထဲမှအမျိုးသမီးတစ်ယောက်ကိုတွေ့ရာ ဒေါ်နီတို့နှင့်ဆွေမျိုးတော်စပ်လား မေးပါသည်။ပထမတွင် အမေးခံရသူအမျိုးသမီးမှာ ဘာကိစ္စမေးသည်ကိုနားမလည်နိုင်ဖြစ်နေပါသည်။ ဆွေးမျိုးမတော်ဟု ပြောသောအခါမှ အိမ်ဖော်အဒေါ်ကြီးလဲ ၄င်းတွေ့ကြုံရသော ဒုက္ခများကိုရင်ဖွင့်ချင်၍ဖြစ် ကြောင်းသိရပါသည်။ဒေါ်နီတို့မှ အဒေါ်ကြီးအား ထမင်းကျွေးလျှင် ခွဲခြားပြီးငါးပိရည်နှင့်သာစားရတာများပါသည်။ယုတ်စွအဆုံး မွေးထားသောခွေးကမှ အသားနှင့်နပ်မှန်ပါသေးသည်။ ညဘက်ဆိုလျှင်လည်း ဒေါ်နီတို့မိသားစုအိပ်မှသာအိပ်ရပါသည်။မနက်ဆိုလျှင် ဒေါ်နီတို့မိသားစုများမထမီ အစောထရပါသည်။ပိုက်ဆံများကိုလည်း ပေး၍မသုံးပါ။နောက်ဆုံး အိမ်ဖော်အဒေါ်ကြီးမှ မနေနိုင်၍ပြန်မည်ဆိုသော်လည်း လက်ထဲတွင်ပိုက်ဆံမရှိ၍တစ်ကြောင်း ပြန်ပို့ပေးမည်ဟု အမျိုးမျိုးပြောပြီး အချိန်ဆွဲသည်ကတစ်ကြောင်း ပြန်ရန်အခွင့်အရေးမှာနည်းပါးလှပါသည်။တစ်ရက်တွင် အိမ်ဖော်အဒေါ်ကြီးလဲ ဒေါ်နီတို့မရှိခိုက် မျက်နှာချင်းဆိုင်အိမ်သိုံအကူအညီတောင်းကာ မိမိအိမ်သို့ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြီး တစ်ပတ်လောက်အကြာမှသာ အိမ်မှလာခေါ်သောကြောင့် ပြန်ခွင့်ရသွားပါသည်။အဒေါ်ကြီးပြန်ချိန်တွင် လမ်းအတွင်းရှိ ကူညီကြသူများကို ကျေးဇူးတင်ကြောင်း ၀ဋ်ကျွတ်ပြီဖြစ်ကြောင်း လိုက်လံပြောရင်း ပြုံးရွှင်စွာပြန်သွားပါသည်။
Credit:https://goo.gl/B848or
ဒေါ်နီအိမ်တွင် ရာဇာနှင့် တာယာဆိုသော ခွေး၂ကောင်ကိုလည်းမွေးထားပါသည်။၎င်းခွေးများမွေးထားသည်မှာ ဒေါ်နီတို့သည် တစ်လမ်းလုံးနှင့်တစ်ယောက်ဖြစ်သောကြောင့် ပတ်ဝန်းကျင်စောင့်ရှောက်မှုမရှိသည့်အခါ အိမ်၏လုံခြုံရေးအတွက် မွေးထားသည်ဟုထင်ပါသည်။ခွေး၂ကောင်သည်လည်း သခင်များစိတ် အတိုင်းပင်ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ခွေးများအားအပြင်လွှတ်ထားချိန်တွင် ၄င်းခွေး၂ကောင်သည် တစ်ခြားသူများအိမ်ရှေ့ တစ်ခြားသူများကားများတွင်သာ ခွေးချီးများ ၊သေးများ စွန့်ကြပါသည်။ ၄င်းကိစ္စများကြောင့်လမ်းအတွင်း၌ စကားများရသည်မှာအကြိမ်ကြိမ်ပင်ဖြစ်ပါသည်။တစ်ခါက လမ်းထဲတွင် ကြက်တိုက်တတ်သော ဦးလေးတစ်ယောက်က သူ၏တိုက်ကြက်ကို ၄င်းခွေး၂ကောင်မှလိုက်သည့်အတွက် ခွေး၂ကောင်အားသတ်မည်ဟုကြိမ်းဝါးကာ ဓားနှင့်လိုက်ခုတ်ပါသည်။ထိုအချိန်တွင် ဒေါ်နီမှ သူ၏ခွေးအားရန်ရှာသည့်အတွက် လမ်းလူကြီးအားတိုင်သည့်အခါ ပြဿနာများဖြစ်ကြပြန်ပါသည်။ ဒေါ်နီ၏အကျင့်မှာ နွမ်းပါသေားသူများနှင့်ပြဿနာဖြစ်လျှင် နှိမ့်ချပြီးရစရာမရှိအောင်ပြောတတ်ပါသည်။ ယုတ်စွအဆုံး သူ၏မွေးထားသောခွေးများနှင့်ယှဉ်လျှင်ပင် မတူမတန်အောင်ပြောဆိုတတ်ပါသည်။ ယခုဆို လမ်းထဲမှ ၄င်းခွေး၂ကောင်ကို အခွင့်အရေးရလျှင် သတ်ရန်ကြိမ်းဝါးနေကြပါသည်။
ဒေါ်နီတို့မိသားစုနှင့်ပြဿနာအတတ်ဆုံးမှာ ဘေးကပ်ရပ်အိမ်မှမိသာစုနှင့်ဖြစ်ပါသည်။အခြေအနေမှာ တစ်အိမ်နှင့်တစ်အိမ် ပြဿနာတက်လျှင် သက်သေရှိစေရန် CCTVများပင်တပ်ထားသည်အထိဖြစ်ပါသည်။ ဘေးအိမ်မိသားစုမှာ အမျိုးသားသည် သင်္ဘောသားအရာရှိဖြစ်ပြီး အမျိုးသမီးမှာ တက္ကသိုလ်ကထိကဆရာမ၊ အမေတစ်ယောက် ၊သမီးငယ်၂ယောက် စုစုပေါင်း၅ယောက်နှင့် ခွေးတစ်ကောင်လဲရှိပါသည်။ သူတို့နှင့်ပြဿနာဖြစ်ရခြင်း အကြောင်းကို အနည်းငယ်ရှင်းပြလိုပါသည်။ဘေးအိမ်ပထမပိုင်ရှင်သည် ဒေါ်နီနှင်းဆွေးမျိုးတော်သော ဘကြီးတစ်ယောက်အိမ်ဖြစ်ပါသည်။၎င်းဘကြီးမှာ အဆင်မပြေသောကြောင့် ဒေါ်နီဆီမှ ပိုက်ဆံချေးရင်းမဆပ်နိုင်ချိန်တွင် ဒေါ်နီမှ၎င်းအိမ်ခြံစည်းရိုးအား ဘကြီးအိမ်ဘက်အထိ ၂ပေလောက်ပိုယူ၍ ကာလိုက်ပါသည်။ဘကြီးဆိုသူမှာလည်း ပိုက်ဆံပြန်မဆပ်နိုင်သည့်အတွက်ပြန်မပြောနိုင် ဖြစ်နေပါသည်။
နောက်ဆုံး ဘကြီးဆိုသူမှ စိတ်နာနာနှင့် ၄င်းအိမ်ကို လျှော့ဈေးဖြင့်ရောင်ပြီး ချေးထားသောပိုက်ဆံများကိုဆပ်ပြီး တစ်ခြားနေရာတွင်သာ အေးဆေးစွာသွားရောက်နေလိုက်ပါ့တော့သည်။ သဘောင်္သားမိသားစုမှလည်း အိမ်၏ရာဇ၀င်မသိဘဲ ၀ယ်လိုက်ရခြင်းဖြစ်ပါသည်။ ၀ယ်ယူပြီး ပေးလိုက်ရသော မြေပို၂ပေအားပြန်ရလိုမှုဖြင့် မြေတိုင်းခေါ်စစ်ဆေးသည့်အချိန်မှစတင်ပြီး ပြဿနာဖြစ်ပွားကြပါတော့သည်။ ပိုဆိုးသည်မှာ တစ်ယောက်နှင့်တစ်ယောက် ချမ်းသာမှုပြိုင်ကြသည့်အပြင် မာနရော ခွေးများပါပြိုင်ဆိုင်မှုကြောင့်ပိုဆိုးကုန်ကြပါသည်။တစ်ခါကဆိုလျှင် ဒေါ်နီအိမ်မှခွေးမှ ဘေးသဘောင်္သားအိမ်မှသမီးငယ်လေးအား ကိုက်လိုက်သည့်အချိန်တွင် မတောင်းပန်သည့်အပြင် သူတို့ခွေးမှမကိုက်ကြောင်းပြောရင်းဖြစ်ကြပါသည်။ရှေးလူကြီးများပြောကြသော အသွင်တူ အိမ်သူဖြစ်သည်ဆိုသည်မှာအလွန်မှန်ပါသည်။ဒေါ်နီအပြင် သူ၏အမျိုးသားများ သားမှလဲ မကိုက်ကြောင်းဘူးခံငြင်းကြပါသည်။ရပ်ကွက်လူကြီးများနှင့် ရဲများပါရောက်လာပြီး ပြဿနာရှုပ်ကုန်ကြပါတော့သည်။တစ်ယောက်နှင့်တစ်ယောက်အမှုဖွင့်ကြပြီး ယခုအချိန်ထိ ရင်ဆိုင်နေရတုန်းပင်ဖြစ်ပါသည်။
Credit:https://goo.gl/dMg17b
ကျွန်တော်တို့ဗုဒ္ဒဘာသာအရ အကုသိုလ်လုပ်ထားသူသည် လုပ်ထားသည့်အလျောက်ပြန်ခံရစ မြဲပင်ဖြစ်ပါသည်။ တစ်ချို့ဆို ၄င်းဝဋ်ကြွေးကို ဒီဘ၀မှာပင်ပြန်ခံကြရသည်ကိုလည်း တွေ့ဘူးကြပါလိမ့်မည်။ ယခုလဲ ဒေါ်နီတစ်ယောက် မိခင်ကို ဆေးမကုဘဲ မိခင်ပိုင်ပစ္စည်းများလိုချင်မှုဖြင့် ဒုက္ခဆင်းရဲဖြစ်အောင် လုပ်ထားခြင်း၊အိမ်ဖော်များအား လူသားချင်းစာနာမှုမရှိဘဲနှိပ်စက်ခြင်း၊သူတစ်ပါးပစ္စည်းများကို မတရားရယူခြင်း၊မတရား လိမ်လည်လှည့်စားပြောဆိုခြင်းများစသည့် အကုသိုလ်တရားများ၏ဒဏ်ကြောင့် လည်ချောင်းကင်ဆာဟုခေါ်သောရောဂါခံစားနေရပြီဖြစ်ပါသည်။ဝဋ်ကြွေးရှိက ၀ဋ်ကြွေးနှင့်သာဆပ်ရဆိုသလို ငွေကြေးစည်းစိမ်းများရှိသော်လည်း ၄င်းငွေကြေးစည်းစိမ်များမှာ ၄င်းဝဋ်ကြွေးကို ပျောက်ကင်းအောင် မလုပ်နိုင်ကြပါ။ယောင်္ကျားမှလည်းရောဂါသည်မိန်းမကို ယခင်လိုဂရုမစိုက်တော့ဘဲ ၀ဋ်ကျေရုံသာကြည့် ရှုပါတော့သည်။ယခုတော့ ဒေါ်နီတစ်ယောက် လောဘမီးတောက်လောင်ခဲ့သမျှ ဒဏ်တွေကို ခံနေကြရပြီဖြစ်ပါသည်။ဖတ်ရှုသူများလည်း ဒေါ်နီဖြစ်ပျက်မှုကို ဖတ်ရှုပြီး သတိသံဝေဂတရားများ မြင်နိုင်ကြပြီး ဒုက္ခ၀ဋ်ဆင်းရဲအပေါင်းမှလွတ်မြောက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါသည်။