ကိုယ်ချင်းစာစိတ်
အားလုံးဘဲမင်္ဂလာပါဗျ။အရင်အပတ်က ဘယ်လိုမှမအားတာနဲ့ pro တစ်ရက်ကိုမတင်လိုက်ရဘဲ လွတ်သွားပါတယ်။ဒီတစ်ခါတော့ အားတဲ့အချိန်လေးမှာ ကြုံလာတဲ့အဖြစ်အပျက်လေးကလဲ ရှိနေတော့ ရေးထားလိုက်ပါတယ်။
တစ်နေ့ကျွန်တော် မြို့ထဲကို ထွက်လာခဲ့ပါတယ်။အလုပ်ကိစ္စကလဲ သွားရမှာဖြစ်တာတစ်ကြောင်း မိုးရွာနေတာကတစ်ကြောင်း လိုင်းကားနဲ့ မသွားတော့ဘဲ taxi နဲ့ဘဲ လာခဲ့လိုက်ပါတယ်။ကားငှားပြီး သွားမယ့်ခရီးကို ကားသမားပြောပြီးမောင်းခိုင်းလိုက်ပါတယ်။မိုးရာသီဆိုတော့ ရာသီဥတုကလဲ အေးနေတဲ့အခြေအနေလေးပါဘဲ။ရန်ကုန်မိုးဆိုတဲ့အတိုင်း အစိုးမရပါဘူး၊ရွာချင်ရင်ရွာပြီး တိတ်တဲ့အချိန်တိတ်သွားတာပါဘဲ။ တစ်ခါတစ်ရံ ရန်ကုန်မြို့ချင်းအတူတူ တစ်နေရာနဲ့တစ်နေရာ ကွက်ကျားမိုးလဲ၇ွာတတ်ပါသေးတယ်။
ဒီလိုနဲ့ ကားပေါ်မှာ ကားဆရာနဲ့စကားပြောရင်း ကားမောင်းရတာအဆင်ပြေရဲ့လားမေးကြည့်တော့ “အဆင်ပြေလှရယ်လို့တော့မဟုတ်ပါဘူး၊ဒီလိုဘဲ မောင်းနေရတာပါဘဲ ၊ဆွဲကောင်းတဲ့ရက်ရှိသလို ဆွဲမကောင်းတဲ့ရက်လဲ ရှိပါတယ်အစ်ကို၊အခုလိုမိုးတွင်းကတော့လမ်းပေါ်မှာဘဲ ရေကြီးရေလျှံတာနဲ့ဘဲ အချိန်ကုန်တာများပါတယ်၊ဆွဲကောင်းတဲ့အချိန်လေးမှာဘဲ ကြိုးစားဆွဲနေရတာပါဘဲ”ဆိုပြီး အငှားကားမောင်းတဲ့အခက်အခဲတစ်ချို့ကိုပြောပြပါတယ်။အဲဒီအချိန်မှာ Alphard ကားတစ်စီးက ရှေ့မှနေဖြတ်ဝင်ပြီး ကန့်လန့်ကြီးရပ်လိုက်ပါတယ်။အမှန်တော့ သူလဲဖြတ်ဝင်လို့မရပါဘူး၊ဒါကိုဇွတ်ဝင်ပြီး တစ်ခြားလူလဲသွားမရဖြစ်နေပါတယ်။ကားမောင်းတဲ့ကားဆရာကတော့ ဆဲမလို့ဆိုပြီးလုပ်တော့ ကျွန်တော်ကတားလိုက်ပြီး “ထားလိုက်ပါ အစ်ကိုရာ အချိန်တန်သွားရမှာပါဘဲ ပြဿနာဖြစ်နေပါဦးမယ်”ဆိုပြီး တားလိုက်ရပါတယ်။ကြည့်ရတာတော့ ကားမောင်းတာက အမျိုးသမီးပါ။
Image Source
ဒီလိုနဲ့ လမ်းတစ်လျှောက်လုံးလဲ အဲဒီကားမှရှေ့ကနေပြီး တွန့်ဆုတ်တွန့်ဆုတ်မောင်းနေပါတယ်။အခုမှစမောင်းတာလားမသိပါ။ဒီလိုနဲ့ မီးပွိုင့်တစ်ခုလဲရောက်ရော စံပယ်ပန်းရောင်းနေတဲ့ ကလေးလေးက စံပယ်ပန်းယူဦးမလားဆိုပြီး ကားထဲကိုလက်ထိုးပြီး ရောင်းလိုက်ပါတယ်။အဲဒါ ကလေးလေးကို မ၀ယ်ဘူးဆိုတာမပြောဘဲ ကလေးလေးပန်းတွေကို ယူပြီးလွှင့်ပစ်လိုက်ပါတယ်။ကလေးမလေးလဲ
“အန်တီဘာဖြစ်လို့ ပန်းတွေကို လွှင့်ပစ်တာလဲ မ၀ယ်ရင်မ၀ယ်ဘူးပြောပါ့လား အခုတော့ ပန်းတွေမကောင်းတော့ဘူး၊ဘယ်လိုဆက်ရောင်းရမှာလဲ အန်တီလျော်ပေးပါ”ဆိုပြီး ကလေးလေးက ငိုပြီးပြောရှာပါတယ်။
“ဟဲ့ နင့်ပန်းကို မ၀ယ်ဘဲ ဘာလို့ငါ့ကားထဲကို ဇွတ်ဝင်ရောင်းနေတာလဲ ပြီးရင်နင်တို့ကကားနဲ့တိုက်သလေးဘာလေးလုပ်ဦးမယ် ဘာမှမလျော်ပေးနိုင်ဘူး ကိုယ်ဘာသာသေချာမကိုင်ဘဲ ပြုတ်ကျတာလေ” ဆိုပြီးအမျိုးသမီးမှ ပြန်ပြောပါတယ်။အဲဒီအချိန်မှာဘဲ ဘေးမှာရှိတဲ့ taxi ကားဆရာကဆင်းသွားပြီး
“ဒီမှာ ခင်ဗျားလျော်ပေးလိုက်ပါဗျာ၊ခင်ဗျားတို့ဖြစ်နေတာတွေ အားလုံးမြင်ပါတယ်။ကလေးကသူ့ဘာသာ ပန်းရောင်းတာ မ၀ယ်ဘူးဆိုလဲ ပန်းတွေပစ်ချစရာမလိုပါဘူး၊အခုဟာက ကလေးဆိုပြီးအနိုင်ကျင့်တာလား၊ခင်ဗျား လျော်မလား မလျော်ဘူးလား ဒါဘဲပြော” ဆိုပြီး ကားဆရာမှလူမိုက်ဆန်ဆန်ပြောလိုက်မှ
“မလျော်တော့ ဘာလုပ်ချင်လို့လဲ နင်ကဘာမို့လို့လဲ”ဆိုပြီး အမျိုးသမီးကပြန်ပြောတဲ့အခါ ကားဆရာက လမ်းဘေးတွေ့တဲ့ အုတ်ခဲနဲ့ကားကိုထုမလို့လုပ်တုန်း ကားတွေကနေလူတွေဆင်းလာပြီး တားကြပါတယ် ၊လမ်းပေါ်မှာလဲ မီးပွိုင့်ကလွှတ်နေတော့ နောက်ကကားတွေကနေ ဟွန်းတွေတီးနေကြတာကြောင့် မော်တော်ပီကယ်ရောက်လာပြီး အမျိုးသမီးကို လျော်ပေးဖို့ညှိလိုက်ပါတယ်။အမျိုးသမီးလဲ မပေးချင်ပေးချင်ပေးလိုက်ရပါတယ်။တကယ်ဆို အမျိုးသမီးအနေနဲ့ သူ့အတွက်ပန်းဖိုးက မဖြစ်စလောက်ပါ။ပန်းရောင်းပြီး ၀မ်းစာရှာနေတဲ့ကလေးအတွက်ကတော့ တန်ဖိုးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင့်အတန်းမခွဲခြားဘဲ ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ ဆက်ဆံကြရင် ဒိလိုအဖြစ်မျိုးဖြစ်စရာမရှိပါ။ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်မလှန် ကိုယ်ချင်းစာစိတ် မေတ္တာစိတ်လေးတွေသာရှိရင် ကျွန်တော်တို့ လူပတ်ဝန်းကျင်ကြီးဟာ အေးချမ်းစွာ နေထိုင်သွားနိုင်ကြမှာဖြစ်ပါတယ်။
ဖတ်ရှုသူများအားလုံးကိုလဲ ကျေးဇူးတင်ပါသည်။