ရင်လေးမိတယ် ညီမငယ်တို့ရယ်
Steemit မှ သူငယ်ချင်းမိတ်ဆွေများအားလုံး မင်္ဂလာပါဗျ။ကျွန်တော် TV မှ အစီအစဉ်တစ်ခုကိုကြည့်ရင်း ဖြစ်ပျက်နေတဲ့ အခြေအနေကို ရေးချင်စိတ်ဖြစ်လာလို့ ဒီစာလေးကိုရေးရခြင်းပါ။
ရုံးပိတ်ရက်ဆိုတော့ အိမ်မှာနေရင်း စိတ်အပန်းဖြေရန်တီဗီကြည့်ဖို့ဖွင့်လိုက်တဲ့အချိန်မှာဘဲ 5plus အစီအစဉ်ကနေ လာတဲ့ ချစ်သူများနေ့မတိုင်ခင်မှာ ချစ်ရတဲ့သူတွေအချင်းချင်း အစီအစဉ်ကနေ စကားလက်ဆောင်ပါးရတဲ့အစီအစဉ်လေးကိုကြည့်မိပါတယ်။အစီအစဉ်ကပြသနာမရှိပေမယ့် ပြောတဲ့လူကပြဿနာဗျ။ဘာလဲဆိုတော့ ကောင်မလေးတစ်ယောက်က ချစ်သူတောင် မဖြစ်သေးတဲ့ သူချစ်ရတဲ့ယောင်္ကျားလေးကို သူချစ်တာကိုသိအောင် အစီအစဉ်ကနေလှမ်း ပြောတာပေါ့ဗျာ။သူ့မိဘတွေတော့မသိပေမယ့်ကိုယ်ကြည့်တဲ့လူတောင် အံ့ဩသွားတယ်။ မြန်မာနိုင်ငံမှာအဲဒီလောက်တောင်ပြောင်းလဲသွားပြီလားပေါ့။ မိန်းကလေးတွေဘက်ကနေ ချစ်တယ်ဆိုတာကို တစ်နိုင်ငံလုံးကြည့်နေတဲ့ အစီအစဉ်ကနေပြောကုန်ကြပြီဆိုတော့ တော်တော်ကိုရင်လေးမိသွားတယ်။မိဘတွေကြည့်နေရင်တော့ ရင်ထုမနာဖြစ်စရာပါဘဲ။ ကိုယ်တွေကဘဲ ခေတ်ကို လိုက်မမှီ တာလား မသိတော့ပါ။
နောက်အဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့ရက်က taxi ငှားစီးရင်း taxi driver နဲ့စကားစပ်မိလို့ ပြောပြတဲ့အကြောင်းပါ။တစ်ရက်မှာ ည၇နာရီ လောက် လမ်းမှာမိန်းကလေးတစ်ယောက် ရည်ရည်မွန်မွန်ပုံစံလေးနဲ့ ကားတားစီး တယ်ပေါ့ဗျာ။အပြင်ပန်းကြည့်လိုက်ရင် မထင်ရပေမယ့် ကားပေါ်ရောက်တော့မှ မိန်းကလေးဆီကအရက်နံ့က နှာခေါင်းဆီကို စူးကနဲနံလာတယ်။သိပ်မကြာပါဘူးဗျာ လမ်းမှာဘဲ အရက်မူးပြီး အိပ်ပျော်သွား တယ်တဲ့ဗျာ။ကားသမားလဲ ပြဿနာဖြစ်မှာ ကြောက်ပြီးသွာချင်တဲ့နေရာကိုမြန်မြန်လေးလိုက်ပို့လိုက်ရတယ်။အဲဒီမိန်းကလေး ဆင်းသွားမှသာ ကားသမားလဲစိတ်သက်သာ ရာရတော့တယ်။စိတ်ထားကောင်းတဲ့ ကားသမားမို့သာပေါ့ မသမာတဲ့ကားသမားနဲ့ သာဆိုရင် အဲဒီမိန်းကလေးရဲ့ဘဝဟာ မတွေးရဲစရာပါဘဲ။ယောင်္ကျာလေးအရက်မူးလာတာဘဲ များသောအားဖြင့်တွေ့ရတာပါ ခုတော့ဖြင့် မိန်ကလေးတစ်ယောက် အရက်မူးပြီး အိပ်တောင်ပျော်တယ်ဆိုတော့ ခေတ်ကာလကြီးကိုတွေးသာကြည့်ကြပေတော့ဗျာ။
ဒီအဖြစ်အပျက်တွေကိုကြည့်ခြင်းဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ တကယ်ဘဲယဉ်ကျေးမှုတွေပျောက်ဆုံးကုန်ကြပြီလား။ခေတ်တွေကဘဲတိုးတက်လာလို့လားမသိတော့ပါ။အခြေအနေတကယ်ပြောင်းလဲကုန်ပြီဆိုရင် ကျွန်တော်တို့ရဲ့ မျိုးဆက်တွေအတွက် တကယ်ကိုမတွေးဝံ့စရာပါဘဲဗျာ။အနာဂတ်အတွက်တော့ ရင်လေးစရာပါဘဲ...........။ကျွန်တော်ဒီစာကို နှမချင်း ကိုယ်ချင်းမစာ၍ ရေးခြင်းမဟုတ်ပါ ဖြစ်ပျက်နေသောအခြေအနေကို စိုးရိမ်စိတ်ဖြင့်ရေးသားခြင်းဖြစ်ပါသည်။
Photo Credit:Google image
Writer -Thant Zin Soe(tharpauk)
MSC 134