မြောင်းကျဉ်းလေးတစ်ခုဘောင်ပေါ်တွင် ကိုရင်သုံးပါးသည် အထက်ရေစီးရာသို့ မမှိတ်မသုံ စိုက်ကြည့်ရင်း တစုံတခုကို မျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေသည်။
တယောက်မှာ ပျင်းရိလေးတွဲ့စွာ ငိုက်နေပီး နှစ်ယောက်သောကိုရင်မှာမှု အရန်သင့်အနေအထားဖြင့် စောင့်မျှော်နေသည်။
များမကြာမှီ မြောင်းအထက်ပိုင်းမှ တစုံတခုသည် ရေစီးနှင့်အတူ မြုပ်ချည် ပေါ်ချေ ပေါလောပေါလော မျောပါလာလေသည်။
ထိုအခြင်းရာကို ပထမဦးဆုံးမြင်တွေ့သော ကောက်ရိုးပေါက်စ သံဝရသည် ဝင်းလက်သွားသော မျက်လုံးတစ်စုံနဲ့အတူ ရုတ်တရက်ထရပ်လိုက်သည်။
နံဘေးတွင်ထိုင်နေသော ရွှေပလောင်သည်လည်း တပြိုင်တည်း အတူထရပ်ကာ သံဝရမျှော်ကြည့်ရာသို့ လိုက်လံရှာဖွေတော့သည်။
ဟား တွေ့ပီကွ
ဖျက်ခနဲအော်ရင်း သံဝရ မြောင်းဘောင်ဘေးမှနေ၍ မြောင်းအထက်ပိုင်းသို့ ခြေသုတ်တင်ပြေးလေသည်။
ရွှေပလောင်လည်းမနေ သံဝရနောက်ပြေးလိုက်ရင်း ခြေဖြင့်လှမ်းခတ်သည်။ သံဝရပြေးရင်း ဖယ်လိုက်သည်။ ရွှေပလောင် ပုပ်သည်။ သံဝရရှောင်သည်။ ရွှေပလောင် ထောင်းသည်။ သံဝရတိမ်းသည်။ ရွှေပလောင် ချုပ်သည်။ သံဝရ ဖြေသည်သည်။ သိုင်းကွက်လေးကွက်လောက်ကစားအပြီး သံဝရ ဆုတ်ခြေနှစ်ကွက်လောက်ခင်းကာ ရေထဲသို့ ခုန်ချလေသည်။ ရွှေပလောင်သည် သံဝရလေထဲအရောက် သင်းပိုင်ကို လှမ်းကာဆွဲထားသည်။ သင်းပိုင်မှာ တပတ်ပတ်ဝတ်ထားသောကြောင့် ရွှေပလောင်လက်ထဲသို့ တထည်လုံးပါသွားလေသည်။ သံဝရ ခါးပန်းစီးကြိုးလေးသာကျန်တော့သည့် ခန္ဓာကိုယ်ဖြင့် ရေထဲသို့ရောက်ကျသွားသည်။
ပလုံ
ဝုန်း
သင်းပိုင်ပါသွားသော်လည်း ကိစ္စမရှိ ရေထဲရောက်နေလေပီ။
ရေထဲရောက်ရောက်ခြင်းပင် မျောပါလာသော ကြွတ်ကြွတ်အိပ်လေးကိုဖမ်းဆုတ်မိလေသည်။
ချက်ခြင်းလက်ငင်း ဖြေကြည့်တော့သည်။
``အိုး နှစ်ရာတန် ဆယ်ရွက်ကြီးတောင်မှကွာ´´ ယခုမှမှီလာသော ရွှေပလောင် တပ်မက်စိတ်ဖြင့် ရေရွတ်လိုက်သည်။
``သံဝရ မင်းလွန်လာပီ။ နေ့တဝက်မကျိုးသေးဘူး မျက်မှန်နှစ်လက်နဲ့ ပိုက်ဆံ ထောင့်လေးရာရှိပီကွာ။ ငါနဲ့ နေမင်းခန့်ညား ဘာမှမရသေးဘူး။ မင်းအလှည့်လေးဘာလေးပေးပါဦးကွ။´´
ရွှေပလောင် မကျေနပ်ကာပြောလေသည်။
``ဟုတ်တယ်သံဝရ ငါဆို တပြားမှမရသေးဘူးဟျောင့်။ ´´
နေမင်းခန့်ညားခေါ် ဒက်ချေးလည်း မကျေမနပ်ဝင်ပြောလေသည်။
``ငါမျက်မှန် တစ်ယောက်တလက်ပေးမယ်လို့ပြောပီးပီလေ။ မင်းတို့ရတုန်းကတော့ ငါ့ကိုဘာမှတောင်မပေးဘူး။ ငါပိုက်ဆံပဲယူမယ် ကျန်တာပေးမယ်ကျေနပ်ရင်ကျေနပ် မကျေနပ်မယူနဲ့ဒါပဲ။ ´´
သံဝရ ပြန်ပြောလိုက်သည်။
``ပြောသားပဲ ခေါင်းရိတ်ခဲ့ပါ လက်ကီးကောင်းအောင်ပါဆို အပျင်းကြီးပီး မရိတ်ကြတာလေ။ အခုမှလာပီး သူများလက်ကီးကောင်းနေတာ မနာလိုနေကြတာ။ မရဘူး ဟျောင့်တွေ ဘစ်စနစ် က ဘစ်စနစ်ပဲ ကိုယ်ရကိုယ်ယူ။´´
ဗျစ်တောက်ဗျစ်တောက်နဲ့သံဝရ ထပ်ပြောလိုက်သည်။
ဟိုနှစ်ကောင်ခေါင်းလေးတွေပွတ်ကာ ဟုတ်များဟုတ်လေမလား စဉ်းစားရင်း နောက်ထပ်မျှောလာမည့် ကြွပ်ကြွပ်အိတ်တွေကို သံဝရထက်လက်ဦးရန် စောင့်ကြတော့သည်။
လွန်ခဲ့သော ဆယ့်ရှစ်နှစ်ခန့်က ဖြစ်သည်။
မန္တလေးမြို့ကျုံးထဲသို့ ပို့သော ရေနီမြောင်းဘေးတွင်ဖြစ်သည်။ ထိုစဉ်က ရေနီမြောင်းသည် ဆည်တော်ကြီးမှတဆင့် ရေနီမြောင်းတလျောက်စီးလာပီး နန်းရှေ့ရေစစ်ကန်သို့ဝင်လေသည်။ ရေစစ်ကန်တွင် လမ်းတလျောက် ပါလာခဲ့သော အမှိုက်သရိုက်များကို ရှင်းထုတ် သန့်စင်ပီး ကျုံးအှေရ့ဘက်မှတဆင့်စီးဆင်းကာ ကျုံးထဲသို့ ဝင်စေသည်။ ထိုကျုံးရေကို မန်းသူမန်းသားများက မီတာရေအဖြစ် သောက်သုံးကြလေသည်။
ရေစစ်ကန်သို့မဝင်မှီ လမ်းခရီးကြာရှည်သောကြောင့် သန့်စင်စွာထားရန် ခက်ခဲသော်လည်း ရေစစ်ကန်မှတဆင့် ကျုံးထဲသို့အဝင်လမ်း၌လည်း မြောင်းတလျောက် အကာအရံမထားသောကြောင့် သင်္ကြန်တွင်း မှုးရစ်သောက်စားကာ ရေနီမြောင်းအတွင်း ရေဆင်းစိမ်ကြသည်။ (၂၀၀၅)ခုနှစ်မှသာ စတင်ကာ သံဇကာဖြင့်ကာရံခဲ့သည်)
ထိုခေတ်က လည်ရင်းပတ်ရင်းသုံးရန်ထည့်လာသော ငွေများအား ဂျင်းဘောင်းဘီထဲသို့ ကြိပ်ကြိပ်အိပ်ဖြင့် ထည့်လာကြသည်။ မဏ္ဍပ်ရှေ့တွင် မကျသော်လည်း ရေထဲသို့ဆင်းရာတွင် ကြွတ်ကြွတ်အိပ်သည် ရေပေါ်သို့ပေါ်ကာ မျောပါလေ့ရှိသည်။ မျက်မှန်များ ဦးထုတ်များလည်း ပါလာတတ်သည်ကို သံဝရတို့သုံးပါးသည် ကျုံးထိပ်တွင်စောင့်၍ ဂွင်ကျောတွေ့နေလေသည်။
ထိုဘိကိုစတင်တွေ့သူမှာ ရွှေပလောင်ဖြစ်သည်။ သူသည်မနှစ်က ကိုရင်မဟုတ်။ ရေသန့်ဘူးလိုက်ကောက်ရင်း ထိုနေရာကိုသိလာသည်။ ယခုနှစ်တွင်မှု သံဝရနှင့် နေမင်းခန့်ညား ခေါ် ဒက်ချေးကိုခေါ်၍ သင်္ကြန်တွင်းစီးပွားရေး လာလုပ်ကြခြင်းဖြစ်သည်။
ထိုစဉ်က ညစာ အခက်အခဲရှိကြသော သံဝရတို့ သင်္ကြန်ပီးတာနဲ့ နဒီချောင်းဘေးတွင် ပေါက်သော ကစွန်းရွက်နဲ့ တထုတ်ငါးကျပ်တန် ငါးပိကို အရည်ဖျော်ဟင်းအား မထေမဲ့မြင်ပြုခဲ့ကြသောအချိန်ဖြစ်သည်။ ညနေတိုင်းအုပ်စက်ဟုခေါ်သော ရပ်ကွက်ထဲသို့သွား၍ တပွဲ တစ်ဆယ်တန် ရှမ်းခေါက်ဆွဲ နှစ်ပွဲမှာကာ ဗိုက်ခွေးနမ်းအောင် စားသောက်ပလိုက်လေ့ရှိသည်။
တကားသုံးကျပ်တန် ဗီဒီယိုလည်း အဝကြည့်ပလိုက်သည်။
ယခုလို တူးပို့တူးပို့သံလေးများကြားရင် ထိုစဉ်က လွမ်းမောစရာလေးတွေ လွမ်းမောမိသည်။
မန်းသင်္ကြန်ကို ထိုစဉ်ကတည်းက ကောက်ရိုးချစ်ခဲ့တာပါ။
အခုထိလည်း သင်္ကြန်ဆို ရေနီမြောင်းသွားနေဆဲပဲ။
အရင်လိုတော့ ဘစ်စနစ်လုပ်လို့မရတာပဲကွာတယ်။
MSC 005
That Ko Zaw