အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
28.4.2019 ရက်နေ့သည် ကျွန်တော်၏ချစ်လှစွာသော သားရတနာလေး အသက် (5)နှစ်ပြည့်မွေးနေ့ဖြစ်၍ သားလေးအတွက် မွေးနေ့အလှူလေး ပြုလုပ်ပေးခဲ့ပါသည်။
ထို့အတွက်ကြောင့် မတိုင်ခင်ရက်များထဲက မွေးနေ့ပွဲအတွက် အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင်လေးဖြစ်စေရန် စီစဉ်ပေးခဲ့ပါသည်။မွေးနေ့ပွဲလုပ်ပြီဆိုတာနဲ့ အခုခေတ်တွင် ကလေးငယ်လေးများကအစ မွေးနေ့ကိတ်ခွဲရန် မပါမဖြစ်တောင်းဆိုသောအရာတစ်ခု ဖြစ်နေပါသည်။သို့ပါ၍ 26.4.2019 ရက်နေ့တွင် မွေးနေ့ကိတ် ဘိုကင်လုပ်ရန် မိမိကိုယ်တိုင်သွားမည်ဟု စဉ်းစားထားသော်လည်း သားတော်မောင်က သူအကြိုက် ရွေးမည်ဆိုပြန်သဖြင့် မိသားစု သုံးယောက်လုံး မွေးနေ့ကိတ်ဆိုင် သွားခဲ့ရပါတော့သည်။မွေးနေ့ကိတ်အား သူ့အကြိုက်များ တစ်ခုချင်းရွေးပြီး ကျွန်တော်က ဆုံးဖြတ်ပေးခဲ့ရပါသည်။သူရွေးထားတဲ့ အကြိုက်ဆုံးပုံက ကိတ်မုန့်အဝိုင်းပေါ်တွင် ပင့်ကူလူသားပုံနဲ့ကိတ်ကိုအကြိုက်ဆုံးဖြစ်သော်လည်း မိမိတို့မှပင့်ကူလူသားပုံ သိပ်မကြိုက်သဖြင့် နောက်ထပ်အကြိုက်များရွေးခိုင်းပြီး ထိုအထဲမှ ကိတ်မုန့်အဝိုင်းပေါ်တွင် banana အရုပ်ကလေးနှစ်ရုပ်ထည့်ခိုင်းကာ သားလေးစိတ်ကြိုက် ပုံစံပြောင်းပြုလုပ်၍ ဘိုကင်လုပ်ခဲ့ပါသည်။
27.4.2019 ရက်နေ့တွင် ဆွေမျိုးညီအစ်ကိုမောင်နှမများမှ လာရောက်ဝိုင်းလုပ်ကြပြီး ချစ်သားလေးအတွက် မွေးနေ့လက်ဆောင်များ ပေးနေကြပြီဖြစ်၍ မွေးနေ့ရှင် ချစ်သားလေးကတော့ မတိုင်ခင်ရက်မှာပင် များစွာပျော်ရွှင်နေပြီ ဖြစ်ပါသည်။
မွေးနေ့ပွဲအတွက် အကျွေးအမွေးကို နေ့ဆွမ်းကပ်၍ အလှူလုပ်ချင်သော်လည်း ရာသီဥတု အရမ်းပူသဖြင့် မနက်စောစောအချိန်ကို ရွေးပြီး အာရုံဆွမ်း ကပ်လှူရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ မနက်အစောအချိန် အာရုံဆွမ်းဖြစ်၍ အာရုံဆွမ်းနှင့် လိုက်ဖက်သော မုန့်ဟင်းခါးကို ရွေးချယ်ပြုလုပ်ခဲ့ပါသည်။
မိသားစု ဆွေမျိုးညီအစ်ကိုမောင်နှမများ စုံလင်စွာနှင့် ရယ်မောပျော်ရွှင်စွာ ချစ်သားလေး၏ မွေးနေ့အလှူမင်္ဂလာပွဲလေးကို ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။
မနက် (9:00)AM အချိန်တွင် မွေးနေ့ကိတ်ရောက်ရှိလာသဖြင့် ချစ်သားလေး၏သူငယ်ချင်းများအားလုံး နှင့်အတူ မွေးနေ့ "Happy Birthday" သီချင်းဆိုပြီး ပျော်ရွှင်စွာ မွေးနေ့ကိတ်ခွဲခြင်း.. တစ်ယောက်နှင့်တစ်ယောက် ကိတ်မုန့်ယိုများသုတ်၍ ရင်းနှီးချစ်ခင်စွာ ကိတ်မုန့်များ စားကြခြင်းဖြင့် မွေးနေ့ပွဲ အထိမ်းအမှတ်လေးကို ကလေးများပင်ဖြစ်သော်လည်း ရုပ်လုံးပေါ်အောင် ဟန်ချက်ညီညီ လုပ်ဆောင်တတ်သော မြင်ကွင်းလေးသည်လည်း မိဘများအဖို့ ဝမ်းသာပီတိ ဖြစ်ခဲ့ရပါသည်။
*မွေးနေ့လက်ဆောင်များပေးကြခြင်း.. ဧည့်ခံကျွေးမွေးကြခြင်းများဖြင့် မနက်ပိုင်းတစ်ပိုင်းလုံး စည်ကားပျော်ရွှင်စွာ ကျင်းပခဲ့ပါကြောင်း...
*28.4.2019 ယနေ့တွင် ကျရောက်သော ချစ်သားလေး "မောင်ချမ်းမင်းဥက္ကာ"၏ (5)နှစ်ပြည့်မွေးနေ့အလှူမင်္ဂလာပွဲလေးအား ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း...
*ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် မိဘများနှင့်အတူ ကျန်းမာ ချမ်းသာ ပျော်ရွှင်အေးချမ်းစွာဖြင့် ထူးချွန်ထက်မြတ်သော သားရတနာလေးဖြစ်ပါစေလို့ မွေးနေ့အမှတ်တရ ဆုမွန်ကောင်းတောင်းရင်း ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211
All photos credited by