အပိုင်း-၁ အားဖတ်ရှုရန်
https://steemit.com/myanmar/@uthantzin/wqhacwrc
အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေချင်ဗျာ...!
*ကျွန်တော်တို့မိသားစုဆွေမျိုးများ အပန်းဖြေခရီးစဉ်၏ ပထမဦးဆုံး စတင်ဖူးဖော်မျှော်ခဲ့သောဂူဘုရားမှာ ဘားအံမြို့ရှိ "ကော့ဂွန်းဂူ"ပဲ ဖြစ်ပါတယ်။
ဂူများမှာ ကျောက်တောင်အမြင့်ကြီးများအောက်တွင်တည်ရှိပြီး ဂူများအတွင်း၌ ဘုရား စေတီများသွန်းလုပ်ပူဇော်ထားရှိခြင်း ဖြစ်ပါသည်။ဂူများ၏အတွင်းဘက်နံရံများတွင်လည်း ဘုရားရုပ်ထုအသေးလေးများအား ထွင်းထုပြုလုပ်ပူဇော်ထားကြသည်ကို နှစ်သက်ဖွယ်ရာ မြင်တွေ့ရပါသည်။
တစ်ချို့သော ဂူများမှာတော့ တောင်ထိပ်ပေါ်အထိ ဝင်ရောက်ကြည်ရှု ဖူးမျှော်နိုင်တာကိုတွေ့ရပါသည်။
*ဒုတိယနေရာဖြစ်သော "ရသေ့ပျံဂူ"ဘုရားကိုတော့ တောင်ထိပ်ထိ တက်ရောက်ဖူးမျှော်ခဲ့ပါသည်။အပြင်မှာရာသီဥတု အရမ်းပူသော်လည်း ဂူထဲရောက်သည်နှင့် ဘုရားဖူးသူအပေါင်း အေးချမ်းစွာနဲ့ ဖူးမျှော်ကုသိုလ်ယူနိုင်ခြင်းဟာလည်း သိပ်ကောင်းတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။
*ထိုနောက်မှာတော့ ကျွန်တော်တို့အဖွဲ့အားလုံး "ဘုရင်ညီဂူ"သို့ခရီးဆက်ခဲ့ကြပါသည်။
ဘုရင်ညီဂူသို့မတက်က်ခင် အမျိုးသား/အမျိုးသမီးရေးချိုးကန်များထားရှိပြီး ရေကစားနိုင်ရန် ပြုလုပ်ပေးထားတာကိုလည်း တွေ့ရှိရပါသည်။ဂူဘုရားများ၏အတွင်းပိုင်းရှိ သဘာဝအလျောက် တွဲကျနေသောကျောက်စွယ်/ကျောက်ခက်များဟာလည်း အံ့သြဖွယ်ကောင်းစရာမြင်ကွင်းများအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါသည်။
ဂူဘုရားများတွင် မျောက်ကလေးများအား ပေါများစွာတွေ့ရှိရပြီး ဘုရားဖူးသူများမှ အစာကျွေးကုသိုလ်ယူခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။
ဂူဘုရား(၃)ဆူသွားပြီးနောက် အဖွဲ့သားအားလုံး ထမင်းစားရပ်နားကြပါသည်။
ထမင်းစား အနားယူကြပြီးတဲ့အခါ ကျွန်တော်တို့ အဖွဲ့သားအားလုံး ထပ်မံ၍ ဘားအံ "ဗုဒ္ဓဂါယာ" သံဝေဇနိယလေးဌာန သို့ သွားရောက်ဖူးမျှော်ကြပါသည်။
ဖွား..ပွင့်..ဟော..စံ ဆိုပြီး ဌာနလေးခုထားရှိပြီး အိန္ဒိယမှာရှိသော ပုံစံလေးများကဲ့သို့ ပြည်တွင်းမှာပါ ဖူးမျှော်ကြည်ညိုနိုင်ရန် စနစ်တကျ ဆောင်ရွက်ထားခြင်းဟု ယူဆမိပါသည်။
*ထိုမှတဖန် "ကော့ကသောင်ဂူ"ဘုရားသို့ ဆက်လက်ခရီးဆက်ခဲ့ကြပါသည်။
ကော့ကသောင်ဂူဘုရားသည်လည်း အေးချမ်းသာယာပြီး ဘုရားဖူးသူအပေါင်း ငြိမ်းချမ်းကြည်နူးပီတိ ဖြစ်စေမှာဖြစ်ပါတယ်။
*အရမ်းပူလှသော ရာသီဥတုဖြစ်သောကြောင့် "ဇွဲကပင်တောင်"သို့ရောက်သောအခါ တောင်ခြေတွင်သာ အပျော်စီး sky roller စီးခြင်း...အမှတ်တရ ပစ္စည်းဝယ်ယူခြင်းများ ပြုလုပ်ကြပြီး တောင်ပေါ်သို့မတက်ကြတော့ပါ။တစ်ခြားလည်ပတ်ရန်နေရာများ ကျန်ရှိနေသေး၍ နေရာမစုံမှာကို စိုးရိမ်တာကတစ်ကြောင်း အရမ်းပူလွန်း၍ ခရီးပန်းပြီး မသွားနိုင်တော့တာကတစ်ကြောင်းကြောင့် တောင်ပေါ်တက်ချင်သော်လည်း အားလုံး၏ဆန္ဒအရ တောင်အောက်ကနေပဲ ဓါတ်ပုံလှမ်းရိုက်ပြီး ဘုရားအာရုံပြုခဲ့ပါတော့သည်။
ထို့နောက် အချိန်အားဖြင့် ညနေပိုင်း(4:00)ကျော်ခန့်ရှိပြီဖြစ်၍ ရေချိုးရန် "ရေတံခွန်"သို့သွားရောက်ခဲ့ပါသည်။ရေတံခွန်လို့ပြောလို့ ကျုံထော်ရေတံခွန်တော့ မထင်နဲ့နော် ရေချိုးကန်တွေနဲ့ ရေချိုး/ ရေးကူးတဲ့နေရာလေးတစ်ခုကို သူတို့အရပ်အခေါ်က ရေတံခွန်လို့ခေါ်တာတဲ့။နောက်ပြီး ကျုံထော်ရေတံခွန်သို့သွားရန် အချိန်တစ်ရက်သီးသန့်ပေးရမည့်ပုံစံဖြစ်နေ၍ မသွားခဲ့ခြင်းဖြစ်ပါသည်။ရေကစားရန် စက်စဲကမ်းခြေခရီးစဉ်ရှိနေသေး၍ ထိုကျုံထော်ရေတံခွန်နေရာအား ခရီးစဉ်ထဲမှ ဖယ်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။
ဒါကြောင့် သူတို့အရပ်အခေါ်အရ ရေတံခွန်ဟုခေါ်သော နေရာတွင် ရေချိုးရန်သွားခဲ့ကြပါသည်။ထိုသို့ လမ်းတွင်ရေချိုးပြီး အဝတ်အစားလဲကြခြင်းမှာ ညဘက်ချစ်သူမြိုင်သို့ တစ်ခါတည်းလည်ပတ်နိုင်ရန်အတွက် စီစဉ်ရခြင်းဖြစ်ပါသည်။"ချစ်သူမြိုင်ပန်းခြံ"ဟာ ညဘက်တွင်အရမ်းစည်ကားပြီး ပျော်စရာကောင်းသောနေရာဖြစ်တဲ့အတွက် လူတော်တော်များများသည်လည်း ညဘက်ကျမှ သွားရောက်လည်ပတ်ကြခြင်းဖြစ်ပါသည်။အဖွဲ့သားအားလုံးရေချိုးပြီးသောအခါ အချိန်အားဖြင့် ညနေ(5:30)/(6:00) pm ဖြစ်နေပြီဖြစ်၍ "ကျောက်ကလပ်စေတီ"သို့ ဆက်လက်ထွက်ခွာခဲ့ကြပါသည်။ကျောက်ကလပ်စေတီဟာ ချစ်သူမြိုင်ပန်းခြံအနီးတွင် တည်ရှိသောစေတီဘုရားဖြစ်တဲ့အတွက် ထိုဘုရားအားဝင်ရောက်ဖူးမျှော်အပြီး မိုးချုပ်တဲ့အခါ ချစ်သူမြိုင်ပန်းခြံသို့ ဝင်ရောက်လည်ပတ်နိုင်ရန် ခရီးစဉ်အားဟန်ချက်ကောင်းအောင် အစီအစဉ်ဆွဲလိုက်ခြင်းဖြစ်ပါသည်။
မိမိတို့အဖွဲ့သားအားလုံး ချစ်သူမြိုင်ရောက်ချိန်တွင် မိုးချုပ်သွားပါပြီ။
ခရီးစဉ်၏ ကျန်နေသေးသောနေရာများအား နောက်အပိုင်းတွင် ဆက်လက်ရေးသားပေးပါအုံးမည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211
All photos credited by