အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးရှိ (၁၀)တန်းစာမေးပွဲ အောင်စာရင်းတွေထွက်တော့ ကိုယ့်အနီးအနားပတ်ဝန်းကျင် အသိမိတ်ဆွေများနှင့် အဝေးမှဆွေမျိုးများ၏သားသမီးများ အား သတင်းလှမ်းမေးပြီး အောင်တဲ့သူတွေလည်းအောင်ကြတယ်...တစ်ချို့ကျတဲ့ သူလည်းရှိကြတာပေါ့။စာမေးပွဲအောင်တဲ့သူတွေကတော့ အောင်တဲ့အထိမ်းအမှတ်နဲ့ မုန့်ဟင်းခါးချက်ကြွေးတာတို့...ကြာဇံကြော်ကျွေးတာတို့နဲ့ ပျော်ရွှင်နေကြတာပေါ့ဗျာ။တစ်ချို့မိဘတွေဆို သူ့သမီးလေးအောင်လို့ ဂုဏ်ပြုတဲ့အနေနဲ့ ဘုရားဖူးခရီးစဉ်လိုက်ပို့ကြတယ်လေ။ဝမ်းသာပီတိဖြစ်စရာကောင်းပါတယ်။
ဒီနေရာမှာ စာမေးပွဲကျသွားတဲ့သူတွေအတွက် အနည်းငယ်ပြောပြချင်တာပါ။စာမေးပွဲကျရှုံးသွားတဲ့သူတွေဟာ သူတို့ဖြတ်သန်းလာသော အတွေ့အကြုံ ဗဟုသုတတွေအပေါ်မူတည်ပြီး ထိုသူတို့တွင် ဖြစ်ပေါ်လာနိုင်သော စိတ်သုံးမျိုးကို အားဆေးအဖြစ်နဲ့ ဝေဖန်အကြံပေးခဲ့ပါရစေ။
Crd-org-source
(၁)အားငယ်စိတ်-----!
စားမေးပွဲကျသွားတဲ့သူတွေဟာ မိမိ ကျရှုံးသွားတဲ့အတွက် စိတ်အားငယ်မှုရှိလာမှာပါ။ဒါပေမဲ့ ဒီအရှုံးကို မိမိလက်ခံနိုင်ရမှာပါ။ဒါမိမိလုပ်ခဲ့တဲ့ကိစ္စပါ။မိမိဟာ စာမေးပွဲအောင်သွားတဲ့သူတွေလို စာအပေါ်မှာ ဂရုတစိုက် လေးလေးစားစား မသင်ယူ မကျက်မှတ်ခဲ့တဲ့အတွက် ဒီလိုရလဒ်ကို ရရှိလာတာလား..ဒါမှမဟုတ်ဘာကြောင့်လဲ စသည်ဖြင့် မေးစရာတွေရှိလာပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် မိမိဘဝ၏အချိုးအကွေ့တစ်ခု..အစိတ်အပိုင်းတစ်ခုကို မိမိဂရုမစိုက်မိတဲ့အတွက် ဖြစ်ခဲ့တာပါ။ဒါကြောင့်မိမိပေါ့ဆခဲ့တာ အမှန်ပဲဆိုတာ သိရှိရပါမယ်။သိရှိပြီးတဲ့အခါ နောက်ဒီလိုမဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရမှာပါ။တစ်ခါရှုံးလို့ တစ်သက်လုံးဆုံးရှုံးသွားတာ မဟုတ်ပါ။မိမိမှာ ကြိုးစားဆောင်ရွက်ဖို့ အခွင့်အရေးတွေရှိနေပါတယ်။ဒါကိုတော့ လက်လွတ်ဆုံးရှုံးမခံဖို့ စိတ်ထဲမှတ်သားပြီး ကြိုးစားလုပ်ဆောင်ရမှာပါ။ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပါ။နောင်နှစ်ငါဒီလိုမဖြစ်စေရဘူးဆိုတဲ့ မခံချင်စိတ်ထားပြီး ပြန်လည်ကြိုးစားဆောင်ရွက်ပါ။
###"လောကမှာ အောင်မြင်သောသူများသည်လည်း ကျရှုံးဖူးသောသူများသာဖြစ်သည်။ထိုသူများသည် ကျရှုံးသွားသောအခါတွင် စိတ်ပျက်အားငယ်မနေပဲ ထိုအရှုံးရလဒ်ထဲမှ သင်ခန်းစာယူပြီး လိုအပ်သည်များဖြည့်ဆည်းကာ နောက်ထပ်ကြိုးစားရင်း မိမိရည်မှန်းထားသောအောင်မြင်မှုဆီ ရောက်အောင်သွားခဲ့ကြတာပါ"။ဒီလိုမျိုးစိတ်ဓါတ်ခွန်အားတွေမွေးပြီး ကြိုးစားရှေ့ဆက်ပါက အောင်မြင်မှုကို ရရှိလာမယ်လို့ မှတ်သားကြရမှာဖြစ်ပါတယ်။
Crd-org-source
(၂)တွေဝေစိတ်-----!
ကျရှုံးသွားတဲ့အခါ နောက်တစ်ခုဖြစ်တတ်တာက ၎င်းကျရှုံးမှုကြောင့် စိတ်ဓါတ်ယိမ်းယိုင်ပြီး တွေဝေသွားတတ်ပါတယ်။ဒါလည်းအရေးကြီးပါတယ်။ဒီစိတ်ဟာ လမ်းမှန်ပေါ်ရောက်အောင် ပြန်လည်တည့်မတ်နိုင်ဖို့ မလွယ်ကူပါ။ဒီလိုအခြေအနေကို သိရှိပြီး မိမိစိတ်ဓါတ်ယိမ်းယိုင်မသွားအောင် သေချာစဉ်းစားဆုံးဖြတ်တတ်ဖို့ လိုအပ်ပါတယ်။
*** "ကျရှုံးသွားတယ်ဆိုတာ အောင်မြင်ဖို့အတွက် မိမိမှာလိုအပ်နေသေးတာတွေ ပြုပြင်ကြိုးစားဖို့ အချက်ပေးနေတာပဲလို့ မှန်မှန်ကန်ကန် မြင်ပြီး ဆုံးဖြတ်နိုင်ရမယ်"။
ဒီလိုမြင်နိုင်ပြီဆိုရင်တော့ ယိမ်းယိုင်တွေဝေသွားသောစိတ်ကို ပြန်လည်ထိန်းသိမ်းပြီး မိမိ၏အကျင့်စရိုက်.. အပေါင်းအသင်း..လေ့လာသင်ယူမှု.. စသောမိမိတွင်လိုအပ်သည့်အရာများကို ပြန်လည်ကြိုးစားပြီး အောင်မြင်မှုဆီသို့ ခရီးဆက်နိုင်မည်ဖြစ်ပါသည်။
Crd-org-source
(၃)ကြောက်စိတ်-----!
ဒီကြောက်ဆိုတာလည်း မိမိတို့ဆောင်ရွက်လိုက်တဲ့ကိစ္စတစ်ခုဟာ ကျရှုံးသွားတဲ့အခါ နောက်ထပ်ကြိုးစားဖို့အတွက် စိုးရိမ်ခြင်းနဲ့အတူ ကြောက်စိတ်လေးဖြစ်လာပါတယ်။ဒါလေးကိုတော့ မိမိတို့ကလေးဘဝတုန်းကအခြေအနေလေးကိုပဲ ဥပမာပေးခဲ့ပါရစေ။မိမိတို့ငယ်စဉ်အခါက ထိုင်တတ်နေရာမှ မတ်တပ်ထရပ်နိုင်ရန်အတွက် အကြိမ်ကြိမ်လဲကျပြီး အကြိမ်ကြိမ်ပြန်ထကာ မိမိခန္ဓာကိုယ် မတ်တတ်ရပ်နိုင်ဖို့အရေး ကြိုးစားပြီးလုပ်ခဲ့ကြတာပါ။ထိုအချိန်မျိုးမှာတောင် မိမိအကြိမ်ကြိမ်လဲကျသော်လည်း မိမိဖြစ်ချင်သောအရာရရှိဖို့ အကြိမ်ကြိမ်ကြိုးစားဖြတ်သန်းခဲ့ကြတာပါ။ထိုအချိန်ထဲက မိမိလဲကျမှာကြောက်ပြီး ထပ်မကြိုးစားခဲ့ရင် ဒီအချိန်မှာ သင်ဟာလမ်းမလျှောက်တတ်တဲ့လူသားလေးဖြစ်သွားမှာပါ။
ဒါကြောင့် အရှုံးကိုမကြောက်ပါနဲ့။
***"အရှုံးကိုကြောက်ပြီးနောက်ထပ်မကြိုးစားတော့မှာကိုပဲ သတိထားပြီး မှန်ကန်စွာ ခွဲခြားဆုံးဖြတ်နိုင်ရမှာပါ"။ ဒီလိုမှတ်ယူပြီး ထပ်မံကြိုးစားပါက အောင်မြင်မှုတွေ ရရှိလာကြမှာဖြစ်ပါတယ်။
Crd-org-source
အနှစ်ချုပ်အနေဖြင့်
**မိမိတို့ကျရှုံးသွားတဲ့အခါ စိတ်ပျက်အားငယ်မနေပဲ ထိုအရှုံးရလဒ်ထဲမှ သင်ခန်းစာယူပြီး ထပ်မံကြိုးစားရှေ့ဆက်ရမည်ဖြစ်ကြောင်း...
**ကျရှုံးသွားတယ်ဆိုတာ အောင်မြင်ဖို့အတွက် မိမိမှာလိုအပ်နေသေးတာတွေ ပြုပြင်ကြိုးစားဖို့ အချက်ပေးနေတာပဲလို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ရမည်ဖြစ်ကြောင်း...
**အရှုံးကိုကြောက်ပြီး နောက်ထပ်မကြိုးစားပဲ လုံးဝ မနေသင့်ပါကြောင်း...
အောင်မြင်မှုရရှိဖို့အတွက် ခိုင်မာတဲ့ယုံကြည်ချက်..ပြင်းပြတဲ့စိတ်အားထက်သန်မှု..မှန်ကန်တဲ့ဆုံးဖြတ်ချက်ခိုင်မာမှု..စသောအချက်တွေနဲ့ ကြိုးစားဆောင်ရွက်ပါက မိမိရည်မှန်ထားသောအောင်မြင်မှုကို ရရှိပိုင်ဆိုင်ကြမှာဖြစ်ပါကြောင်း...
ဒါကြောင့် မိမိတို့အားလုံးသည်လည်း မိမိတို့ဘဝအတွက် ကိစ္စကြီးငယ် များအားကြိုးစားဆောင်ရွက်ရင်း အရှုံးရလဒ်ထွက်ပေါ်ခဲ့သည်ရှိသော် ထိုအရှုံးရလဒ်ထဲမှ အတွေအကြုံများအား သင်ခန်းစာယူပြီး ထပ်မံကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211