အပိုင်း (၁) နှင့် (၂) အားဖတ်ရှုရန်
https://steemit.com/myanmar/@uthantzin/sitdaat-snykm-pnya-apundefinedng-2-1d5f50862cacc
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
"ပညာ"ဆိုတဲ့ စာသားလေးအတွက် စာတစ်ပုဒ် ရေးပြီးတာကြာပြီဖြစ်သော်လည်း steemhunt နဲ့ English လို ရေးပြီးpostတင်နေတဲ့အတွက် ဒီဘက်မှာ post အတင်နည်းနေခြင်း ဖြစ်ပါတယ်။
Crd-org-source
လူသားအားလုံးဟာ မိမိတို့၏ဘဝတိုးတက်ဖွံ့ဖြိုးအောင် မိမိတို့ကမ္ဘာကြီးပိုမိုဖွံ့ဖြိုးလာအောင် ဖန်တီးဆောင်ရွက်နိုင်ဖို့ "ပညာ"ဟာ မရှိမဖြစ် အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါသည်။
မိမိတို့အားလုံး ငယ်ရွယ်စဉ်အခါကပင် အတန်းပညာများကို စတင်ဆည်းပူးသင်ယူကြရမှာဖြစ်ပါသည်။မိမိတို့၏ ဦးနှောက်အသိညဏ်များ ပိုမိုဖွံ့ဖြိုးလာစေရန် ငယ်ရွယ်စဉ်ကပင် ပညာများကို သင်ယူရန်လိုအပ်မှာ ဖြစ်ပါတယ်။ထိုသို့ သင်ယူခြင်းဖြင့် မိမိတို့၏အသိညဏ်များ ပိုမိုဖွံ့ဖြိုးလာပြီး မိမိတို့၏ဘဝများပိုမိုကောင်းမွန်တိုးတက်လာအောင် အလှဆင်နိုင်ကြမှာ ဖြစ်ပါသည်။
အသိပညာ အတတ်ပညာ စသည်ဖြင့် ပညာရပ်များကို ငယ်ရွယ်စဉ်ကတည်းကပင် မိမိတို့၏ဦးနှောက်အသိညဏ် အပိုင်းအခြားပေါ်မူတည်ပြီး ဆည်းပူးသင်ယူကြမှသာ အရွယ်ရောက်လာသောအခါ လောကအလယ်မှာ သူတစ်ပါး အလိမ်အညာခံရခြင်း.. သူတစ်ပါးအခိုင်းအစေဖြစ်ခြင်း စသောအခြေအနေများမှ ရှောင်ရှားလွတ်မြောက်နိုင်မှာဖြစ်ပါသည်။အကယ်၍ ပညာမတတ်ပါက သူတစ်ပါးအလိမ်အညာခံရခြင်း..သူတစ်ပါးအနှိမ်ခံရခြင်း..သူတစ်ပါး၏အခိုင်းအစေခံရခြင်းများနှင့်အတူ သူတစ်ပါးကဲ့ရဲ့ခံရသောဘဝများနှင့်သာ ကုန်ဆုံးနေရမည်ဖြစ်ပါသည်။
Crd-org-source
ထို့ကြောင့် မိမိတို့ငယ်ရွယ်စဉ်အချိန်မှစ၍ ထိုက်သင့်သော ပညာရပ်များအား သင်ယူဆည်းပူးခြင်း လူလတ်ပိုင်း.. လူကြီးအရွယ်စသည်ဖြင့် အမြဲတမ်း ပညာရပ်များကို လေ့လာဆည်းပူး သင်ယူနေကြရမှာ ဖြစ်ပါသည်။သို့မှသာ မိမိတို့ဘဝတိုးတက်ကောင်းမွန်ဖို့.. မိမိတို့ကမ္ဘာကြီး ပိုမိုတိုးတက်ဖွံ့ဖြိုးဖို့အတွက် ဖန်တီးပေးနိုင်သောသူများ ဖြစ်လာကြမည်ဖြစ်ပါသည်။
"ပညာရဲရင့် ပွဲလယ်တင့်"ဆိုသောစကားအတိုင်း ပညာတတ်သောသူ အသိပညာ ဗဟုသုတကြွယ်ဝသောသူတို့သည် လူဘုံအလယ် အများသူငှာအရှေ့မှာ စကားပြောဆိုခြင်း..ဆွေးနွေးခြင်း..မှာကြားခြင်း စသည်ဖြင့် ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်ကြခြင်းဖြစ်ပါသည်။
ထို့အပြင်"ပညာရွှေအိုး လူမခိုး" ဆိုသည့်အတိုင်း မိမိတို့ပိုဆိုင်သော ပစ္စည်းဥစ္စာများသည် ရန်သူမျိုးငါးပါးဒဏ်ကြောင့် အချိန်မရွေး ပျက်စီးကုန်ဆုံးသွားနိုင်သော်လည်း ပညာသည် မိမိအသက်ရှိနေသ၍ မိမိနှင့်အတူ မပျောက်မပျက် တည်ရှိနေသော တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါးဖြစ်တယ်ဆိုတာကို တင်စားပြောဆိုနေကြခြင်း ဖြစ်ပါသည်။
Crd-org-source
အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တာဟာ ပညာ ဖြစ်တယ်လို့ အဓိပ္ပါယ်သတ်မှတ်ကြပါသည်။
ဒါကြောင့် ပညာရှိသောသူသည် အရာရာကို အကောင်းအဆိုး အမှားအမှန် ခွဲခြားဆင်ခြင်နိုင်ပြီး ကောင်းမွန်စွာလုပ်ဆောင်နိုင်သောသူများ ဖြစ်ကြပါသည်။
ဒီပညာကြောင့် မိမိ၏အတွေးအခေါ် အကြံညဏ် လုပ်ဆောင်သောကိစ္စရပ်များဟာ ကောင်းမွန်မှန်ကန်ပြီး ရလဒ်ကောင်းတွေ ရရှိကာ အောင်မြင်သောသူ.. အောင်မြင်သောဘဝ ရရှိကြမှာဖြစ်ပါတယ်။
မိမိတို့ဘဝ..မိမိတို့မိသားစု..မိမိတို့နိုင်ငံ.. မိမိတို့ကမ္ဘာကြီး ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် "ပညာ"နဲ့သာ ဦးဆောင်လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ပညာတတ်သောသူ အသိပညာ အတတ်ပညာ ဗဟုသုတကြွယ်ဝသော ပညာရှိသောသူများဖြစ်အောင် မဖြစ်မနေကြိုးစားကြရမှာဖြစ်ပါကြောင်း...
မိမိတို့လူသားအားလုံးအတွက် "ပညာ"သည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း ပုံဖော် ရေးသားမျှဝေလိုက်ပါတော့သည်။
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211