ကျွန်တော့် ခြေလှမ်းတွေကို မြန်နိုင်သမျှမြန်အောင်လှမ်းနေမိသည်။ကျွန်တော့်စိတ်တွေက အစ်မထက်အရင် အဖေနှင့်အမေ့အိမ်သို့ အမြန်ရောက်ချင်နေမိသည်။အတ္တနှင့်လောဘစိတ်ကြောင့် ကားဂိတ်နှင့် အိမ်သို့လျှောက်သောလမ်းကအရင်ကထက်ကြာနေသလိုပင်။ကျွန်တော့်ထက်အရင် အစ်မသာကြိုရောက်နေလျှင်ဆိုသောအတွေးကား ကျွန်တော့်ရင်ကိုပူလောင်စေသည်။အိမ်ရှေ့ရောက်တော့ ခြံတံခါးကိုတွန်းဖွင့်ပြီး အိမ်ပေါ်တတ် အိမ်ထဲသို့ဝင်လာသည့်တိုင်အောင် ကျွန်တော့်အစ်မ၏ အရိပ်အယောင်ကားမမြင်ရ။ကျွန်တော်ကျေနပ်သွားမိပြီ။အဝတ်အ
စားအိတ်ကို ဧည့်ခန်းမှာထားခဲ့ပြီး မီးဖိုချောင်ဘက်သို့ ကျွန်တော်လှမ်းဝင်လိုက်လေသည်။
" အဟွတ်…အဟွတ်…အဟွတ်…"
အဖေ့ချောင်းဆိုးသံကြောင့် ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့်သွားသည်။အကြံလဲအိုက်သွားသည်။ကျွန်တော်က မီးဖိုချောင်ထဲမှာရှိတဲ့ပစ္စည်းတွေကို စိစစ်ရအုံးမည်။အမေ့ကိုပြောပြီး အစ်မ ,မလာခင် ကျွန်တော့်ရပိုင်ခွင့်တွေကို သိမ်းရအုံးမည်။အင်း…အဖေရှိနေလျှင်တော့ ကျွန်တော့်လိုချင်လောဘများကို ခဏတာမျိုသိပ်ရပေဦးတာ့မည်။
"သား ဇော်လားဟေ့"
အဖေ့ရဲ့လှမ်းမေးသံကြောင့်ကျွန်တော်က "ဟုတ်ကဲ့" ဟုဆိုကာမီးဖိုထဲသို့လှမ်းဝင်လိုက်သည်။အမေကတော့ အငွေ့တထောင်းထောင်းထနေသော ထမင်းအိုးကို ယောင်းမဖြင့်မွှေနေလေသည်။
"အမေဘာဟင်းတွေချက်နေတာလဲ"
ကျွန်တော်မေးတာကိုမဖြေသေးပဲ ကျွန်တော့်ကိုအမေက ပြန်ပြုံးကြည့်သည်။အမေ့အပြုံးကအရမ်းနွေးထွေးလွန်းအားကြီးသောကြောင့် ကျွန်တော့်လိပ်ပြာမလုံလှ၊ဟန်ဆောင်အပြုံးပြန်ပြုံးရင်း ဘေးနားကခုံတစ်လုံးဆွဲထိုင်ကာ ယောင်ယမ်းထိုင်ချမိသည်။
"သားဇော်ကြိုက်တဲ့ ဟင်းတွေချက်နေတာလေ။သားလေးကြိုက်တဲ့ပဲကုလားဟင်းလဲပါတယ်။သမီးကြီး ထိုက်ထိုက်လာရင် အမေတို့အတူတူ ထမင်းလက်စုံ စားကြတာပေါ့ကွယ်။"
ထမင်းစားပွဲပေါ်ကဟင်းခွက်တွေကြည့်လိုက်တော့ ကျွန်တော် စိတ်လှုပ်ရှားသွားသည်။အဖေနဲ့အမေက အခုထိမမေ့။ကျွန်တော်သိပ်ကြိုက်သော ငါးခူစင်းကော၊အခုမှကျက်တဲ့ အငွေ့တထောင်းထောင်းနဲ့ကုလားပဲဟင်း၊ငါးပိချက်၊ ဒီဟင်းတွေသာပါရင် ကျွန်တော်တို့မောင်နှမ ခေါင်းမဖော်အောင် စားခဲ့ကြတာလေ။
"သားဇော်အကြိုက်ရော သမီးအကြိုက်ရောချက်ထားတာအမေကိုယ်တိုင်။သားတို့အဖေကိုယ်တိုင်ဈေးသွားဝယ်ပေးတာလေ။အမေကဒူးသိပ်မကောင်းလို့သားရယ်"
အဖေ့မျက်နှာကိုမရဲတရဲကျွန်တော်လှမ်းကြည့်မိသည်။အဖေ့ရဲ့မျက်ဝန်းနဲ့ဆုံလေပြီ။ကျွန်တော့်ကို အရမ်းချစ်သောအဖေ့မျက်ဝန်းတွေနှင့် ကျွန်တော့်မျက်ဝန်းတွေ ရင်မဆိုင်ရဲ။ကျွန်တော် ဟန်ဆောင်ပြုံးထက်ပြုံးမိလေသည်လားမသိတော့ မျက်နှာလွှဲမိသည်။ထိုစဉ် အိမ်ရှေ့မှ ဆိုင်ကယ်ဟွန်းသံကြားရသည်။အစ်မလာပြီ။ကျွန်တော်ထွက်ကြိုလိုက်သည်။အဖေဆက်ကြည့်နေလို့ အဖေ့အကြည့်ကိုရင်မဆိုင်ရဲသောကြောင့် ထွက်ကြိုမိတာလဲပါသည်။အစ်မက ကျွန်တော့်ကိုမြင်တော့ ဘယ်ပစ္စည်းတွေဦးထားပြီလဲဆိုသောသံသယအကြည့်နှင့်ကြည့်သည်။မောင်နှမ နှစ်ယောက်ရဲ့ဆုံတွေ့ခြင်းကမနွေးထွေးလှ။
"မမ အမျိုးသားရောလိုက်ချင်တယ်မပြောဘူးလား။ကျွန်တော့်မိန်းမကတော့ လိုက်ချင်တာတစ်ပိုင်းကိုသေနေတာ။အဖေနဲ့အမေက မခေါ်ခဲ့နဲ့လို့ပြောလို့ မနည်းလှည့်ပတ်ပြောပြီးထားခဲ့ရတယ်"
ကျွန်တော်ကအငယ်ဆိုတော့ စကားစပြောလိုက်သည်။အစ်မက အလိုက်သင့်" အေးအေး" ဟုထောက်ခံပြီးဧည့်ခန်းကိုမျက်စောင်းထိုးပြသည်။ဟုတ်သည် ခွဲရေးတွဲရေး ကျွန်တော်တို့မြန်မြန်တိုင်ပင်ရမည်။ကျွန်တော်တို့နှစ်ယောက်ဧည့်ခန်းမှာထိုင်ပြီးစကားပြောမည်အပြု အဖေရောအမေပါထွက်လာပြီး "သားနဲ့သမီး ထမင်းစားရအောင်"ဟုခေါ်သဖြင့် အကြံအစည်ပျက်သွားသည်။
အဖေက ထမင်းစားပွဲထိပ်မှာထိုင်လျှက် အပြုံးတွေဖြင့် ကျွန်တော်တို့ အတူတူအိမ်မှာနေခဲ့ကြတုန်းကအတိုင်းပင်။အမေက ဟင်းတွေခူးခပ်ကာ အရင်အတိုင်းစကားတွေပြောလျှက် အရင်လိုပဲ ဧည့်ခံနေလို့ကျွန်တော်အနည်းငယ်စိတ်သက်သာရာရသွားသည်။အစ်မကတော့ကြည့်ရတာ စိတ်အိုက်နေသလိုပင်။
"သားဇော် စား ၊ အမေ့လက်ရာ ငါးခူစင်းကောဆိုရင်သာအရမ်းကြိုက်တာ အမေသိတာပေါ့။သမီးလဲစား ဘယ့်နှယ့်လဲ အရင်လို အမေ့လက်ရာက ကောင်းသေးရဲ့လား"
အမေ့အမေးကို အစ်မက 'ဟုတ်ကဲ့" ဟုပြန်ဖြေလိုက်သဖြင့် ကျွန်တော်ထမင်းကိုတိတ်ဆိတ်စွာဆက်စားနေလိုက်သည်။
"သားရော သမီးရော ခုလို အားရပါးရစားတော့ အဖေသိပ်ပျော်တာပဲကွယ်။တို့မိသားစု အတူတူလက်စုံမစားခဲ့ရတာတော်တော်တောင်ကြာပြီပဲ"
အဖေကဆွေးမြေ့စွာပြောရင်း ဟင်းတွေလိုက်ခပ်ထည့်ပေးနေတော့ ကျွန်တော်တို့စကားစဖို့အခက်တွေ့ရပြန်သည်။အစ်မကကျွန်တော့်မျက်နှာကို မသိမသာလှမ်းကြည့်သည်။တကယ်ဆို အဖေ မဟုတ်ရင် အမေက မနက်ဖြန်ကိစ္စကိုစပြောမယ်လို့ ကျွန်တော်တို့ကထင်ထားခဲ့ပေမယ့် အဖေရောအမေပါ မနက်ဖြန်ကိစ္စကိုအစမလုပ်သည့်အပြင် ပျော်ပျော်ပါးပါး ထမင်းစားနေကြသဖြင့် ကျွန်တော်တို့မောင်နှမ နှစ်ယောက်ဘဝင်မကျချင်။အလိုမကျဖြစ်မိသည်။ကိစ္စမြန်မြန်ပြီးမြန်မြန်ဖျက်ခါ အိမ်ကိုပြန်ချင်နေပြီ။
ဆက်ရန်…………………………………………
Author _
MSC 210
Naypyitaw
Myanmar
28-5-2018
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။