မီးရထားလမ်းဘေးကမြို့လေးတစ်မြို့..ထိုမြို့မှာရှိတဲ့ ပရိယတ္တိစာသင်တိုက်လေးတစ်ခုတွင် ပထမတန်းဖြေဆိုနေသောရဟန်းပျိုလေးတစ်ပါးရှိလေသည်။
ရဟန်းပျိုလေးသည် တုပ်ကွေးဖျား ဖျားနေသဖြင့် ဆွမ်းခံမထွက်နိုင်သည်မှာ သုံးရက်ပင်ရှိခဲ့ပြီ။ယနေ့နံနက်တော့ နေထိုင်ကောင်းလာသဖြင့် ထိုင်ဆွမ်းခံတော်မူရန် စာသင်တိုက်ကလေးမှ ကြွလာခဲ့ပေပြီ....။ စာသင်တိုက်နှင့် ငါးလမ်းကျော်လောက်တွင် ထိုင်ဆွမ်းကြွနေကျ အဘိုးအိုနှင့် အဖွားအိုတို့ နှစ်ဦးတည်း နေထိုင်ကြသော အိမ်အိုကြီးတစ်လုံးရှိပေသည်။ ရဟန်းပျိုလေးလည်းထုံးစံအတိုင်း ပထမဦးဆုံး ၀င်နေကျ အဘိုးအို တို့အိမ်ကို ဆွမ်းဝင်ခံလိုက်လေသည်။အိမ်ကြီးကတိတ်ဆိတ်လျှက်...။အဖွားအိုကား တုပ်ကွေးမိလျက်ဖျားနေပြီးစောင်ကြမ်းလေးတစ်ထည် ခြုံလွှမ်းလျှက် အိပ်ယာထက်ဝယ်ပက်လက်။ အဘိုးအိုကားစောင်ကြမ်းလေးခြုံလျှက် အဖွားအိုနားတွင် ငုတ်တုတ်ထိုင်လျှက်ပြုစုနေ၏...။
"ဒကာကြီးနဲ့ ဒကာမကြီးတို့ နေထိုင်မကောင်းကြဘူးထင်တယ်။ဦးဇင်းလဲ သုံးရက်တောင် တုပ်ကွေးမိသွားလို့ဆွမ်းခံမကြွနိုင်တာလေ။" ရဟန်းပျိုလေးက ထိုင်နေကြနေရာတွင် ငြိမ်သက်စွာ ၀င်ထိုင်လျှက် စကားစတင်ပြောခြင်းဖြစ်သည်။
အဘိုးအို က ဦးဇင်းလေးအား လက်အုပ်ချီလျှက် "မှန်လှပါဘုရား ၊ ဦးဇင်းရဲ့ ဒကာမကြီးရော ၊ တပည့်တော်ပါ နှစ်ယောက်လုံးပြိုင်တူဖျားကြတာ။တပည့်တော်က ဒီနေ့မှသက်သာစပြုတာပါဘုရား။ဒီနေ့တော့ ကန်တော့ဆွမ်းပါဦးဇင်းလေးရယ်" ဟုအဘိုးအိုမှ ၀မ်းနည်းစွာပြောလျှောက်လေသည်။
"ဒကာမကြီးရော ဒကာကြီးရော စားလို့ရောကောင်းကြရဲ့လား..။ဘာတွေများစားနေကြလဲ။"
"တပည့်တော်တို့နှစ်ယောက်လုံး ဆန်ပြုတ်ပဲ သောက်ကြပါတယ်ဘုရား ၊ဦးဇင်းလေး ဒကာမကြီးကတော့ ကြက်သွန်ကြော်စားချင်တယ်လို့ပြောတယ်။တပည့်တော်လည်း မနက်ထဲက အကြော်သည်ကိုစောင့်နေတာ ၀ယ်ကျွေးမလို့ကို ။ပေါ်ကိုမလာတာဘုရား။"
ရဟန်းပျိုလေးသည် စိတ်မကောင်းဖြစ်သွားလေသည်။သူတို့မှာ သားထောက်သမီးခံကမရှိရှာ။ ဒကာမကြီးစားချင်သော ကြက်သွန်ကြော်ကိုရှာကြံပေးရန် ရဟန်းပျိုလေး၏ စိတ်ထဲတွင် ဆန္ဒများ တဖွားဖွားပေါ်ပေါက်လာပေသည်။ မိမိ၏ ပထမဆုံးဆွမ်းလှူကြသောအလှူရှင်များဖြစ်ကြပေသည်။ ကျေးဇူးရှင် ဆွမ်းလောင်းနေကြသော အဘိုးအို အဖွားအိုမို့ စိတ်ထဲတွင် မကောင်းလှ။အဘိုးအို အဖွားအိုတို့အိမ်ကနေ နှုတ်ဆက်ပြီး ထွက်လာခဲ့လေသည်။ရဟန်းပျိုလေးသည် ရထားလမ်းနှင့် ကားလမ်းဆုံသည့်နေရာတွင်ရှိသော အကြော်ရောင်းသည့်ဆိုင်တဲကြီး ဆီသို့ ဦးတည်ပြီးထွက်ခဲ့သည်။မိမိ ဆွမ်းခံကြွနေသောလမ်းကြောင်းဖြစ်၍ ထိုအကြော်တဲကြီးအား ရှိမှန်းသိ၏။တစ်ခါမှတော့ ထိုအကြော်တဲကြီးတွင် ဆွမ်းမခံဘူးပေ။ထိုအကြော်တဲကြီးကား ဤမြို့လေးတွင် တစ်နေ့လုံးရောင်းပြီး ညရှစ်နာရီခန့်မှသိမ်းသော အကြော်ဆိုင်ကြီးဖြစ်သည်။လက်လီလှည့်ပတ်ရောင်းနေသော အကြော်သည်လေးများကို လက်ကား ဖောက်သည်ပေးနေသည့် အကြော်တဲကြီးဖြစ်၏။ရဟန်းပျိုလေးသည်ကား ကြက်သွန်ကြော် အလှူခံရန် အကြော်ဆိုင်တဲကြီးရှေ့တွင် အိနြေ္ဒရရ ငြိမ်သက်စွာ ရပ်၍ ဆွမ်းခံလိုက်၏။ထိုစဉ်....
"ဘုန်းကြီးတွေကလည်း အလိုက်ကိုမသိဘူး။တစ်ပါးပြီးတစ်ပါးလာနေကြတာပဲ။ဒီမနက်တင် (၁၀) ပါးမကတော့ဘူး။ဒီမှာ အလုပ်ကရှုပ်ရတဲ့ကြားထဲ"အကြော်သည်မိန်းမကြီး၏ စကား ဤသို့ထွက်လာပေ၏။ရဟန်းပျိုလေးမျက်နှာညှိုးချေပြီ။ဆိုင်ရှင်အမျိုးသမီးကြီးကား အလုပ်ရှုပ်နေသဖြင့် အကြော်မလောင်းပေ။ရဟန်းပျိုလေးစိတ်နှလုံးညှိုးငယ်စွာဖြင့် ဆက်ကြွရပေပြီ။ခနဆက်လျှောက်ပြီးသော်...
"ဦးဇင်းလေး..ဦးဇင်းလေး...ရပ်တော်မူပါဦးဘုရား။"
ရဟန်းပျိုလေး၏နောက်မှ ခပ်သွက်သွက်လျှောက်လာသော အကြော်သည်မလေး၏အသံပင်။
"တပည့်တော် အကြော်လေးလောင်းလှူချင်လို့ပါဘုရား။ဟိုအကြော်ဆိုင်ကမိန်းမကြီးပြောလိုက်သံကို တပည့်တော်ကြားတယ်ဘုရား။တပည့်တော်က သူ့ဆီကနေ ဖောက်သည်ယူရောင်းတဲ့ အကြော်သည်ပါ ဘုရား။တပည့်တော်လဲ စိတ်ထဲမကောင်းဘူးဘုရား။"
ပြောလည်းပြောရင်း အကြော်သည်မလေးကသူ့ဗန်းထဲကအကြော်တွေကို ယူနေ၏။
"ဒကားမလေး ဖြစ်နိုင်မယ်ဆိုရင် ကြက်သွန်ကြော်လှူစေချင်ပါတယ်"
" ဖြစ်ပါတယ်ဘုရား။တပည့်တော်ကြက်သွန်ကြော်ပဲလှူပါ့မယ်ဘုရား" ဟုအကြော်သည်မလေးမှပြောကာ ကြက်သွန်ကြော် ငါးချပ်ကို ပလတ်စတစ်အိတ်ငယ်ဖြင့်ထုတ်၍ ဦးဇင်းပျိုလေး၏ သပိတ်အတွင်းသို့ထည့်ကာ ဆပ်ကပ်လောင်းလှူလိုက်၏။
ဦးဇင်းလေးက "ဒကာမလေး အရမ်း ကုသိုလ်တွေရသွားပါပြီ။ ဦးဇင်းရဲ့ အမိ အဖ လိုဖြစ်နေတဲ့ ဒကာ၊ ဒကာမကြီးတွေကို ဒီအကြော်လေးတွေ ပြန်စွန့်မှာပါ။နေမကောင်းတဲ့သူအတွက် ဓါတ်ဆာပါ ဒကာမလေး။ဦးဇင်းလည်း ကျောင်းကိုပြန်ရောက်ရင် ဒကာမလေးအတွက် ကောင်းသောလာခြင်းတွေဖြစ်စေဖို့ ဆုတောင်းပေးပါ့မယ်"
"ဦးဇင်းလေး ဘယ်ကျောင်းမှာ သီတင်းသုံးပါလည်း ဘုရား"
"ဟိုနားက အောင် ဆိုတဲ့ ပရိယတ္တိစာသင်တိုက်ကပါ"
ရဟန်းပျိုလေးကား အကြော်ရပြီးသော် အချိန်လည်းလင့်နေပြီဖြစ်၍ ဆက်လက်ဆွမ်းမခံတော့ပဲ နောက်သို့ပြန်ကြွလေသည်။မိန်းမပျိုလေးလည်း အကြော်ဗန်းလေးကိုချ၍ ဦးသုံးကြိမ်ရှိခိုးကာ နောက်တွင်ကျန်ရစ်နေခဲ့လေ၏။ရဟန်းပျိုလေးသည် စိတ်နှလုံးရွှင်ပြစွာဖြင့် စိတ်လက်ပေါ့ပါးကာ နေထိုင်မကောင်းဖြစ်နေသည့် အဘိုးအို ၊ အဖွားအိုတို့ ၏ အိမ်အိုကြီးသို့ ပြန်ကြွလာတော့၏။အိမ်သို့ရောက်သော် အဘိုးအိုတို့ဇနီးမောင်နှံသည် ရဟန်းလေးစွန့်သော အကြော်ထုပ်လေးအား ၀မ်းပမ်းတသာလက်ခံယူလျှက် ထိုင်ကန်တော့ကြ၏။ ရဟန်းပျိုလေးကိုကား ဆုတွေလည်းပေးလိုက်သေး၏။ဦးဇင်းလေးသည် ကျောင်းရောက်လျှင် ဆွမ်းဘုဉ်းမပေးတော့ပဲ ထန်းလျှက်နှင့် ရေနွေးကြမ်းကိုဘုဉ်းပေးပြီးလျှင် အကြော်သည်မလေးအတွက် ဆင်းရဲတွင်းမှလွတ်စေရန်ဘုရားရှင်အားတိုင်တည်၍ ဆုတောင်းပေးလေသည်။အကြော်သည်မလေးအတွက် ဆုတောင်းပြီးသည့်နောက်တွင် အဘိုးအို၊ အဖွားအိုတို့လျှင်လျှင်မြန်မြန် ကျန်းကျန်းမာမာဖြစ်စေရန် မေတ္တာသုတ် ရွတ်ဖတ်ပူဇော်၍ ဆုတောင်းပေးပြန်သည်။
ထိုသို့အဖြစ်အပျက်များဖြစ်ပြီးသကာလ လကုန်ပြီးနှစ်ရက်လောက်နေသောအခါ ညနေစောင်းအချိန် (၅) နာရီထိုးခန့်တွင် ဦးဇင်းလေးအားအကြော်လှူခဲ့သော အကြော်သည် မိန်းမပျိုလေးသည် အ၀တ်အစားများ သစ်လွင်စွာဖြင့် အောင် ပရိယတ္တိစာသင်တိုက်ဝန်းထဲသို့ ပြုံးရွှင်စွာလျှောက်လှမ်းလာလေသည်။သူမသည် ကြက်သွန်ကြော်လှူလိုက်သောရဟန်းပျိုလေး၏ပုံပန်းကိုပြောပြ၍ စုံစမ်းမေးမြန်းလေသည်။ဘွဲ့မမေးထားမိသောကြောင့် အချိန် တော်တော်လေးကြာသွား၏။နောက်ဆုံးတော့ ရှင်သာမဏေ လေးများက ရဟန်းပျိုလေးထံသို့ အကြော်သည်မိန်းမပျိုလေးအား ခေါ်ဆောင်လာခဲ့လေသည်။
အကြော်သည်မလေးက " တပည့်တော်မကို မှတ်မိလားဘုရား။"
"မှတ်မိပါတယ် ဒကာမလေး။ဦးဇင်းကိုအကြော်လှူလိုက်တာလေ။ဒကာမလေးအတွက်တောင် ဦးဇင်း ဆုတောင်းပေးနေတာကျောင်းပြန်ရောက်ရောက်ချင်းပဲ။ခုဘာအတွက် ဦးဇင်းကိုတွေ့ချင်ရတာတုန်း"
"တပည့်တော်မ ဦးဇင်းဆုတောင်းပေးလို့ထင်ပါရဲ့ဘုရား ... သိန်း(၅၀)ထီဆုပေါက်တယ်ဘုရား။ဝမ်းသာလွန်းလို့ငိုတောင်ငိုမိတယ်ဘုရား။အရှင်ဘုရားအတွက် လိုတာသုံးဖို့ တပည့်တော်မ ၀တ္ထုငွေနှစ်သိန်းလာလှူတာပါဘုရား" ဟုပြောပြောဆိုဆိုဖြင့် ငွေနှစ်သိန်းထည့်ထားသော စာအိတ်ကို ရဟန်းပျိုလေးရှေ့တွင်ချ၍ ကန်တော့လေ၏။
"ဟုတ်လား ဦးဇင်းဆုတောင်းရကျိုး၊ ဒကာမလေးလှူရကျိုးနပ်တာပေါ့ ဒကာမလေးရယ်။ လှံထမ်းလာတာသာမြင်ရတာ ကံထမ်းလာတာမမြင်ရပေဘူးဆိုတာ တယ်မှန်သကိုး။" ဟုရဟန်းပျိုလေးက ၀မ်းသာအားရနှင့်ပြောလေသည်။ထို့နောက်ဆုတွေတသီကြီး ဒကာမလေးအား ပေးတော်မူ၏။
"တင်ပါ့ဘုရား။တပည့်တော် နောက်လာမယ့် ဥပုသ် နေ့ကျရင်လည်း ဦးဇင်းတို့ကျောင်းတိုက်မှာ အလှူလာလုပ်ပါအုံးမယ်ဘုရား။
အကြော်သည်မလေး၏ စေတနာထက်သန်နေသော သဒ္ဓါတရားကို ရဟန်းပျိုလေးက စိတ်ထဲမှချီးမွန်းနေပေ၏။
တစ်နေ့တွင် ဦးဇင်းပျိုလေးသည် ဆွမ်းခံကြွရာလမ်းတွင် ယခင်ကတွေ့နေကျ ၊ မြင်နေကျ အကြော်ဆိုင်တဲကြီးကို မတွေ့ရ ၊ မမြင်ရတော့ပေ။ဆိုက်ကားသမားလေးအား ရဟန်းပျိုလေးက မေးကြည့်သောအခါတွင် သက်ဆိုင်ရာတို့က လာရောက်ဖျက်သိမ်းသွားကြောင်းသိရပေသည်။ဦးဇင်းလေးမှာ စိတ်ထဲမကောင်းလှ။ " သတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေ...သဗ္ဗေ သတ္တာ ကမ္မသကာ" ဟု ရဟန်းပျိုလေးက စိတ်ထဲမှရွေရွတ်၍ ဆွမ်းခံရန်ဆက်လက်ကြွလှမ်းသွားလေတော့သည်....။
ဤစာလေးရေးဖြစ်ခြင်းမှာ ကျွန်တော်၏ အဖွားပြောပြသော (အကြော်သည်မလေးနှင့် အဖွားမှာအသိမိတ်ဆွေ ဖြစ်ခဲ့ဖူးပေသည်။) ဖြစ်ရပ်မှန်အကြောင်းလေးကို ကိုးကား၍ ရေးဖြစ်ခြင်းဖြစ်ပါသည်။မှန်ပေသည်..ကံဆိုသည်မှာ ကောင်းတာလုပ်လျှင်ကောင်းတာဖြစ်မည်။မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်ပေမည်။ ကိုယ်ပြုသောကံသည် ကိုယ့်ထံပြန်လာစမြဲပင်။အကြော်သည်လေးသည် ဦးဇင်းလေးကိုလှူသောကြောင့် ဦးဇင်းလေး၏ ကောင်းသောဆုတောင်းကိုရပေသည်။ ဦးဇင်းလေးသည် အဘိုးအို ၊ အဖွားအို လင်မယားကို အကြော်လှူသည်။ထိုလှူသော အလှူကြောင့် အဘိုးအို ၊ အဖွားအိုတို့မှ ဆုတောင်းများချီးမြှင့်ပေးခြင်းကို ခံရသဖြင့် အကြော်သည်မလေး၏ အလှူငွေနှစ်သိန်း ကို လက်ခံရရှိခဲ့ပေသည်။ အဘိုးအို ၊ အဖွားအိုတို့သည်လည်း ဆွမ်းလှူခဲ့သောအကျိုးကျေးဇူးကြောင့် ရဟန်းပျိုလေး၏ စေတနာဂရုဏာနှင့် ဆုမွန်ကောင်းများ၊ အဖွားအိုစားချင်နေသော ဓါတ်ဆာအကြော်များကိုရခဲ့ပေသည်။အကြော်မလှူနိုင်သော တဲကြီးဆိုင်ပိုင်ရှင်သည်လည်း တူသောအကျိုးပေးသွားပေသည်။စာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်....ဆက်လက်ကြိုးစားပါအုံးမည်...မမေ့ပါနှင့် ကံဆိုသည်မှာ.........
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ...။
ချစ်လှစွာဖြင့်....
Author -
MSC 210
Naypyitaw.
Myanmar.
6/13/2018.
Thank all steemit friends.Good luck.