Image from google
"အဖြူရဲ့ ဆန့်ကျင်ဘက်က ဘာလဲ"လို့ မေးလာခဲ့ရင်
လူအတော်များများက "အမဲ"လို့ ဖြေကြပါလိမ့်မယ်။
အဖြူရဲ့ ဆန့်ကျင့်ဘက်က အမဲ။
တကယ့်တကယ်ကျ အဖြူရဲ့ ဆန့်ကျင်ဘက်က အဖြူမဟုတ်တဲ့ အရောင်တွေ မဖြစ်နိုင်ဘူးလား။
အနီ အစိမ်း အပြာ ဒါတွေကရော အဖြူမဟုတ်တဲ့အတွက် အဖြူရဲ့ ဆန့်ကျင်ဘက် မဖြစ်နိုင်ဘူးလား။
ဘာလို့ မဖြူရင် အမဲပဲလို့ ဆုံးဖြတ်လိုက်ကြတာလဲ။
ရှင်းပါတယ်. . .
ရိုက်သွင်းခံထားရလို့
ဘောင်ခတ်ခံထားရလို့
အများက အဖြူရဲ့ဆန့်ကျင်ဘက်က အမဲလို့ သတ်မှတ်ထားလို့။
အဖြူမဟုတ်ရင် အမဲပဲဆိုတဲ့ ဘောင်ကျဉ်းကျဉ်းလေးထဲက ဖောက်ထွက်မတွေးနိုင်ကြလို့ပါပဲ။
လောကမှာ လူကောင်းနဲ့ လူဆိုး နှစ်မျိုးပဲ ရှိတယ်တဲ့။
လက်ခံပါတယ်. . . .
ငါ သူတစ်ပါး ယောက်ျား မိန်းမ ဘာသာတရား
အားလုံးကို ခွာချကြည့်လိုက်
လူကောင်းနဲ့ လူဆိုး နှစ်မျိုးသာ ရှိတော့တယ်။
ဒါဟာ လူသားဆန်တဲ့အတွေးလို့ လက်ခံယုံကြည်ပါတယ်။
ဒါပေမယ့် ဒီ့ထက်ပိုပြီး လူသားဆန်ဆန် တွေးကြည့်လိုက်ရအောင်။
လူတစ်ဦးရဲ့ ကောင်းခြင်း ဆိုးခြင်းကို ဘယ်လို ပိုင်းဖြတ်ကြမလဲ။
လူဆိုတာ နှစ်ဆယ့်လေးနာရီ ခုနှရက်ပတ်လုံး လူကောင်းဖြစ်မနေနိုင်သလို လူဆိုးလည်း ဖြစ်မနေနိုင်။
ကောင်းတဲ့အလုပ်တွေ လုပ်နေချိန်မှာ လူကောင်း
ဆိုးတဲ့အလုပ်တွေ လုပ်နေချိန်မှာ လူဆိုး
ဘယ်မှာလဲ. . .လူဆိုးနဲ့လူကောင်းစံနှုန်း။
နောက်တစ်ချက် ဒီလူဟာ ကိုယ့်အတွက် လူကောင်းတစ်ယောက်ဆိုပါတော့
ကိုယ့်အတွက်မဟုတ်တဲ့ အခြားတစ်ဖက်မှာ အခြားတစ်ဦးအတွက် လူဆိုးဖြစ်နေနိုင်သည်။
ဘယ်မှာလဲ လူဆိုးနဲ့လူကောင်းစံနှုန်း။
လူဆိုးသည်လည်း ဒီကိုယ်ထဲကဖြစ်တယ်
လူကောင်းသည်လည်း ဒီကိုယ်ထဲက ဖြစ်တယ်
တသမတ်တည်း လူဆိုးလူကောင်းလို့ သတ်မှတ်ဖို့ရာ ခက်ခဲလွန်းလှတယ်။
ဒီလို လွတ်လပ်ဖွင့်ထုတ်တွေးလိုက်ရင် ချစ်ခြင်းမုန်းခြင်းတွေ လျော့ပါးသွားပြီး စိတ်အငြိတွေ နည်းသွားတယ်။
ဒါဟာလည်း စိတ်ကောင်းဝင်နေစဉ် လူကောင်းဖြစ်နေစဉ် အတွေးမျှသာဖြစ်ပြီး စေတန်စိတ်ဝင်လာရင် အာဏာရှင်သုံးနှစ်လောက်ဖြစ်ပြီး မြန်မာပြည်တစ်ဝက်လောက်သတ်
ကြိုးစင်တက်လိုက်ရရင် မြန်မာပြည်အမြန်တိုးတက်သွားနိုင်တယ်လို့တောင် တွေးမိတဲ့အထိ ကြမ်းတမ်းမိတယ်။
ကျနော်ဟာ လူဆိုးလားလူကောင်းလား ပြောရခက်တယ်။
လူယုတ်မာမဟုတ်ခဲ့တာလောက်ပဲ
လောက်လောက်လားလား ဂုဏ်ယူစရာရှိတယ်။
ဘာသာတရားတိုင်းကို လက်အုပ်ချီတယ်။
ချစ်ခြင်းမေတ္တာကို ကိုးကွယ်ယုံကြည်တယ်။
ကိုယ်ချင်းစာတရားကို ဘာသာတရားတစ်ခုလို ကိုင်းညွတ်ဝပ်တွားတယ်။
နိုင်ငံနဲ့လူမျိုးကို လူရာဝင်စေချင်တယ်. . . လူစိတ်ရှိစေချင်တယ်။
ဒီလောက်ပဲ. . . .
လူရယ်လို့ မွေးဖွားလာကတည်းက ရွေးချယ်ခွင့်မရှိဘဲရလာတဲ့အရာတွေကို မုန်းတီးတယ်။
ဥပမာ- နာမည်၊ မိရိုးဖလာကိုးကွယ်ယုံကြည်မှု။
ငယ်ငယ်ကတည်းက ကိုယ့်နာမည်အသစ် ကိုယ်ပေးကြည့်တယ်။
ကိုယ့်ဘာသာတရား ကိုယ်မေးခွန်းထုတ်တယ်။
ကိုယ်ဝင်ရောက်ရွေးချယ်ခွင့်မရခဲ့တဲ့ နာမည်
ဘယ်ဗေဒင်ဆရာအလိုအရမှမပါဘဲ ကိုယ့်သဘောနဲ့ကိုယ်
ကိုယ့်အမည်ကို ပြန်ခံယူတယ်။
ကိုယ်ရွေးချယ်မရဘဲ ရလာတဲ့ဘာသာတရားကို မေးခွန်းတွေအများကြီးထုတ်ခဲ့တယ်။
ဘယ်ဘာသာကိုမှ မကိုးကွယ်ဘဲ အကြာကြီး နေခဲ့တယ်။
ဘာသာမဲ့လို့ ကိုယ့်ကို သမုတ်ရင် ကိုယ်ပြန်ပြောတဲ့စကားက
တစ်ဘာသာတည်း မရှိဘဲ ဘာသာအားလုံးရှိနေတာလို့။
ဘာသာတရားကို မေးခွန်းထုတ်လို့ ဘာအပြစ်ရှိလဲ ကိုယ်စိတ်မဝင်စားဘူး။ မကြောက်တတ်ဘူး။
ပြန်မေးခွင့်မရှိတဲ့ ဘယ်ဘာသာရေးကိုမှ
ကိုယ်ညွတ်တွားမှာ မဟုတ်ဘူး။
ရလဒ်တစ်ခုက မိရိုးဖလာ ဗုဒ္ဓဘာသာ+နတ်ကိုးကွယ်မှုမှာ
ဒုတိယတစ်ခုကို အလုံးစုံ ဖြုတ်ချပြီး
ပထမတစ်ခုကို ဘယ်သူ့ဖိအားမှ မပါဘဲ ညွတ်ညွတ်နူးနူး ပြန်ယုံကြည်ကိုးကွယ်ဖြစ်ခဲ့တယ်။
အဖြူရဲ့ ဆန့်ကျင်ဘက်ဟာ အမဲပါလို့ 100%အချင်းချင်း ရိုက်သွင်းနေကြတဲ့ လူ့အဖွဲ့အစည်းနဲ့
ကိုယ့်အတွေးအခေါ်တွေဟာ ဘယ်တော့မှ အစေးကပ်မှာ မဟုတ်သလို
ကိုယ်ပြင်းပြင်းပျပျမယုံကြည်ဘဲ အများညီလို့ ဤကို ကျွဲလိုမဖတ်မယ့် ကိုယ်ဟာ သိုးမည်းတစ်ကောင် ဆက်ဖြစ်နေရဦးမှာပဲ။
ကိုယ်ယုံကြည်တဲ့ ဗုဒ္ဓရဲ့ တရားဓမ္မဟာ မေးခွန်းအထုတ်မခံရဲတဲ့
အခြားဘာသာတွေရဲ့ ကောင်းမြတ်မှုကို မယှဉ်ရဲတဲ့ ဘာသာတရားလို့ ကိုယ်မယုံဘူး။
ဗုဒ္ဓရဲ့ ကာလာမသုတ္တံကိုမှ အားမနာ
အခြားဘာသာဟာ ဘာပါလို့ ပြောပြရုံနဲ့ ဘာသာပျက်မယ်ထင်တဲ့ ပေါပေါပဲပဲဘာသာဝင်တွေအတွက်
ကိုယ်တတ်နိုင်တာကတော့ ရယ်တာပဲ။
လူကောင်းမဟုတ်ရင် လူဆိုး
ကိုယ့်သဘောနဲ့ မညီတဲ့အခါ လက်ညှိုးထိုး မုန်းတီးပစ်လိုက်ကြပေါ့။
ဘာသာတရားရဲ့ တိုးတက်မှုကို ဘာသာဝင်အရေအတွက်နဲ့ တိုင်းတာနေသ၍
ငြိမ်းချမ်းရေးဆိုတာ ဝေးသထက်ဝေးနေဦးမှာပဲ။