Fresher welcome
လူမှုကွန်ယက်သုံးရင်း စစ်တက္ကသိုလ် ကျောင်းတော်ကြီးတွင် ဂျူနီယာ အပတ်စဉ် တစ်ခုရဲ့ fresher welcome ပြုလုပ်နေတဲ့ ဓာတ်ပုံတစ်ပုံတစ်ပုံတွေ့တာနဲ့ အတွေးများ က ဟိုး...အတိတ်ဆီသို့ ပြန်လည် ခြေဆန်မိလေတော့သည်။
အချိန်ကား...ဆောင်းမကုန်တကုန်၊နွေဦးကာလ မြူထသောရာသီဖြစ်သည်။နေရာကတော့ နောင်တစ်ခေတ်၏အောင်စစ်သည် များကို မွေးထုတ်ပေးနေသော စစ်တက္ကသိုလ်။ကျွန်ုပ်တို့ အပတ်စဉ်သည် အောက်တပ်ရင်းခေါ် under training ၃လတာ ကာလတွင် အခြေခံစစ်ပညာများ ကို သင်ကြား လေ့ကျင့်ပြီးသကာလ၊အပေါ်တပ်ရင်းရှိ စီနီယာ အပတ်စဉ် များနှင့် ပူးပေါင်းနေထိုင်ရန် အပေါ်ဆောင်များသို့ ရောက်ရှိကာစဖြစ် သည်။ထိုစဉ်က စစ်တက္ကသိုလ်သည် ၃နှစ်တက်ရောက်၍ စာပေပညာ၊စစ်ပညာများကို သင်ကြားရခြင်းဖြစ်ပေရာ ကျွန်ုပ်တို့အပတ်စဉ်၏ အထက်တွင် စီနီယာ အင်တိတ်နှစ်ခုရှိ၏။ကျွန်ုပ်တို့နေထိုင်သည့် အဆောင်ကြီးသည် ၅ထပ်ဆောင်ဖြစ်၍ အပေါ်ဆုံးထပ်တွင် တတိယ နှစ်ဗိုလ်လောင်းများနေကြ၏။စတုထ္တထပ်နှင့်တတိယထပ်တွင် ဒုတိယနှစ် ဗိုလ်လောင်းများနေထိုင်ပြီး ကျွန်ုပ်တို့ ပထမနှစ်ဗိုလ်လောင်းများမှာ ပထမထပ်နှင် ဒုတိယထပ်တွင် နေထိုင်ကြရ၏။အောက်ဆုံးမြေညီထပ်သည် hall type ဖြစ်၏။
ကျွန်ုပ်တို့ အပေါ်ဆောင်သို့ရောက်ရှိချိန်တွင် စီနီယာ များထံမှ အသစ်ကလေးတွေအ တွက် fresher welcome ရှိတယ်ဟူသော အသံသဲ့သဲ့ကြားရ၏။fresher welcome ဆို၍ အားလုံးရင်ခုန်ကြလေသည်။တချို့က လည်း ငါကကျောင်းကပွဲတွေမှာ သီချင်း ဆိုလာတာ၊ငါကတော့ဂီတာတီးကျွမ်းတယ်စသဖြင့် ငါတို့စီနီယာအကိုကြီးတွေ ကြွေသွား အောင်အစွမ်းပြလိုက်မယ်ဟဲ့ဆိုပြီး ကြုံးဝါးကြကုန်၏။ကျွန်ုပ်တို့ရောက်ရှိပြီး ၃ ရက်မြောက်သောနေ့တွင် final year တာဝန်ကျဗိုလ်လောင်းများမှ first year တွေ ညကျရင် မင်းတို့ အင်တိတ် fresher welcome ရှိတယ်၊ အဝတ်အစားသပ်သပ် ရပ်ရပ် ဝတ်လာခဲ့၊ဘယ်သူသီချင်းဆိုကောင်းလဲကွ၊ဘယ်သူဂီတာတီးကောင်းသလဲကွနှင့်မေးရာ၊ ကျွန်တော် ရတယ်အကို၊ကျွမ်းတယ်အကိုနှင့် အပြိုင်အဆိုင် လက်ထောင်ကာ ပနံယူကြလေတော့သည်။ကျွန်တော်တို့ အင်တိတ်ကလည်း တပြုံးပြုံးနှင့် စီနီယာ ကြီးတွေကလည်းတပြုံးပြုံးနှင့်ပေါ့။စီနီယာကြီးတွေပြုံးရတဲ့အကြောင်းကတော့....
ညနေ၆နာရီ တန်းစီမည်ဆို၍ ကျွန်ုပ်လည်းသေတ္တာထဲမှ အကောင်းဆုံးသော ခေါက်ရိုး ကျိုးနေသည့် ပုဆိုးတစ်ထည်နှင့် စတစ်ကော်လံ၊တိုက်ပုံ ဖြူစွတ်စွတ်လေးကိုထုတ်ကာ ဝတ်ဆင်လိုက်၏။တိုနှံ့နေသောဆံပင်ကို ဂျယ်ဖြင့် မရမကပုံသွင်းလိုက်သေးသည်။ထို့နောက်ဘေးမှ သူငယ်ချင်း ထံမှရေမွှေးလေးတစ်တို့လောက်ကွာဟူ၍ ရှူးလိုက်သေးသည်။(ရှူးသည်ဟူသည် ဗိုလ်လောင်း ဘမ်းစကားဖြစ်ပြီး အလကားယူသုံးသည် ဟု အဓိပ္ပါယ် ရ၏)ခုချိန်ဆို တီဝိုင်းအဖွဲ့တွေလည်းစုံနေလောက်ပြီထင်သည်။စင်တင် မှ ကောင်မလေးတွေလည်းလာရောက်ဖြေဖျော် မည်ဟုပြောကြလေရာ အားလုံးက တကြွကြွနှင့်ဖြစ်နေကြလေ၏။
ညနေ၆နာရီ။...
First year intake တန်းစီမယ်ဟေ့ဟု second year တာဝန်ကျဗိုလ်လောင်းမှ ခရာမှုတ်လေရာ ကျွန်ုပ်တို့ အင်တိတ်၅၃ယောက်လည်း အိပ်ဆောင် ၏အောက်ဆုံးထပ် ၌ တန်းစီကြလေသည်။တန်းစီပြီး၌
အောက်ဆုံးမြေညီထပ် ဟောခန်းထဲသို့ တန်းစီ၍ဝင်ကြလေရာ အားလုံးဟာ ,ကနဲဖြစ်ကုန်ကြ၏။ မြင်ရတဲ့မြင်ကွင်းက ရင်သပ်ရှူမောဖွယ်ရာ အခမ်းအနား အပြင်အဆင် မဟုတ်။ခေတ်ကာလ သမီးပျိုလေးတွေနဲ့ တီးဝိုင်းလား ဝေလာဝေး။ဟောခန်းထဲတွင် စားပွဲတစ်လုံး၊ထိုစားပွဲပေါ်၌ ရေနွေးခွက်တစ်ခွက်၊ကော်ဖီခွက်တစ်ခွက်၊စားပွဲ၏ နောက် ကုလားထိုင်ပေါ်တွင်တော့ ခန့်ခန့်ကြီး ထိုင်နေသော ကျွန်ုပ်တို့ တပ်ခွဲ၏ တပ်ခွဲမှူး ဗိုလ်မှုးဖြစ်သည်။အခင်းအကျင်းက ထိုမျှသာ။စိတ်ထဲ၌ တစ်ခုခုသို့တစ်ခုခုပဲဟု ထင်လိုက်သည်။ထိုစဉ် final year တာဝန်ကျများနှင့် second year တာဝန်ကျဗိုလ်လောင်းများ မှ ဝတ်စားဆင်ယင်မှုပုံစံပြသ မည်ဖြစ်ကြောင်း တပ်ခွဲမှူး ဗိုလ်မှုးကပြော၏။စီနီယာဗိုလ်လောင်းများက ပထမဦးဆုံး သူတို့ကိုယ် သူတို့မိတ်ဆက်ကြ ၏။ထို့နောက် နေ့အလိုက်ဝတ်ဆင်ရမယ့် ဝတ်စားဆင်ယင်မှုပုံစံ outpass ဝတ်စုံ၊လူ မှုဝန်ထမ်းဝတ်စုံ၊စစ်ရေးပြဝတ်စုံ၊စစ်ဗျူဟာဝတ်စုံ၊physical training ဝတ်စုံ စသဖြင့် ဝတ်စားဆင်ယင်မှု သဏ္ဍန်အမျိုးမျိုး ကို ဝတ်ဆင်၍ ပြသကြ၏။
အားလုံးပြသပြီးသကာလမှာတော့ ဖျက်ကနဲ အခန်းထဲရှိမီးများအားလုံးပိတ်သွားလေတော့သည်။မီးများပြန်လင်းလာတော့ ကျွန်ုပ်၏ ရှေ့တွင် စီနီယာ တစ်ယောက်ရောက်နေပြီ။
"first year သတိဆွဲထားစမ်း!!"
လန့်သွားသည်၊ဘယ်နှယ့် မလန့်ဘဲနေပလား ဗြုန်းစားကြီးကိုယ့်ရှေ့ရောက်လာပြီး အော်လိုက်တာကိုး။
"ငါ့နာမည်သိလား? "
ငင်...ရုတ်တရက်က စဉ်းစားမရ စောနကပဲမိတ်တော့မိတ်ဆက်သွားသည်။
"မသိပါဘူး အကို "
ဟု ကြုံးအော်လိုက်သည်။
"first year စကားပြေ နဲ့ပြောလို့ရလား?"
"ဟုတ် ..ရပါတယ်"
အုန်း...အွတ်....
"First year ဟုတ် ၊မဟုတ် ဘဲရှိတယ်ကြားလား"
"ဟုတ်"
"တိုးတယ်"ဘယ့်နှယ့်ပြဲလိုက်တဲ့အသံ။
"ဟုတ်" ငယ်သံပါပါအောင်အော်ပလိုက်သည်။
"တိုးတယ်"
ဒါလဲတိုးတာပဲတဲ့ လူကမောကလဲမောဒေါသကလည်း ထွက်လာ၏။
"ဖားခုန် ခုန်စမ်း"
ခုန်ရပြန်၏။ခုန်နေတုန်းနောက်တစ်ယောက်
ရောက်လာပြန်သည်။
"first year ငါ့နာမည်သိလား"မသိပါဘူးဆို......
"မဟုတ်"
မီးတွေကလည်း ဖွင့်လိုက်ပိတ်လိုက်နှင့် လောကကြီးလည်းဘာတွေဖြစ်နေမှန်းကိုမသိတော့။
အုန်း...အင့် ...အွတ်....
"မင်းနာမည်ဘယ်သူလဲ"
ဒုက္ခော ကိုယ့်နာမည်လည်းကိုယ်စဉ်းစားမရတော့..စီနီယာတွေကလည်း တစ်ယောက် တစ်ခွန်းဘာတွေလာမေးနေကြမှန်းမသိ...။
"မဟုတ်" "ဟုတ် " "မဟုတ်"
"ဂျွမ်းထိုးစမ်း""ဖားခုန် ခုန်စမ်း" "လေထီးခုန်မ်း"
"ဟုတ်" ...."မဟုတ်"
မီးတွေက ဖွင့်လိုက်ပိတ်လိုက်၊ ဟောခန်းထဲမှာ ဟုတ်..မဟုတ်နဲ့ ဆူညံနေသည်။
ကျွန်ုပ် လည်း တစ်ယောက်ကလာမေးလိုက် ၊ဖားခုန်ခုန်ခိုင်းလိုက်၊ဂျွမ်းထိုးခိုင်းလိုက်၊အုန်းကနဲ ထန်းသီးကျွေးသွားလိုက်နဲ့ ဆိုတော့ သူတို့အမေးမခံတော့ ကိုယ့်ဘာသာပင် ဂျွမ်း ပတ်ထိုးနေလေတော့သည်။ထိုသို့ ၄၅မိနစ်ခန့် ကျော်ဖြတ်ပြီးသကာလ မီးများအားလုံး မှိတ်လိုက်ဖွင့်လိုက် မဖြစ်တော့ဘဲ ငြိမ်သွားတော့သည်။first year တွေတန်းစီမယ်ဟူ၍ ကျန်ုပ်လည်း ဂျွမ်းပတ်ထိုးနေရာမှ တန်းထစီ၏။
စောနကတကြွကြွနဲ့ ဂီတာစွမ်းပြချင်နေကြသော သကောင့်သားများ ၏မျက်နှာမှာ စောနကလိုမဟုတ်တော့ အားလုံး၏ မျက်မှာပြောင်းလဲနေကြကုန်သည်။အရပ်သားတစ်ပိုင်းဘဝမှ စစ်သားစိတ် လုံးဝ ဝင်သွားကြပြီဖြစ်သည်။ပေးသောအမိန့်ကို no complain ဟုတ်..မဟုတ် နဲ့သာ အသားကြသွားပြီ။ကျန်ုပ်တို့အား စစ်ပုံကျသွားအောင် အရပ်သားဘဝက အပြုအမှုတွေကို brain wash လုပ်ခံလိုက်ရပြီဖြစ်၏။အားလုံးသည် ပါးစပ်ကိုတင်းတင်းစိ၍ မျက်လုံးတို့သည် ရှေ့တူရှူသို့သာ တည်ငြိမ်စွာ ကြည့်နေကြကုန်၏။ကျန်ုပ်၏ အကောင်း ဆုံးသော တိုက်ပုံအဖြူလေးလည်း အညိုရောင်သန်းသွားချေပြီ။
ထိုသို့ brain wash လုပ်သော fresher welcome ပွဲကြီးပြီးသောအခါ final yearနှင့် second year ဂါဒီးယန်းများမှ နွေးထွေးစွာ ပုခုံးဖက်၍ ခေါ်ဆောင်သွားပြီး ၄င်းတို့အခန်းထဲတွင် ကြိုတင်ပြင်ဆင်ဝယ်ခြမ်းထားသော မုန့်ပဲသရေစာတို့ကိုကျွေးမွေးလေသည်။ကျန်ုပ်တို့ စစ်တက္ကသိုလ်ရဲ့ fresher welcome ကတော့ဒီမျှပါပဲ။အောက်ကပုံကတော့ ယခုလက်ရှိ ဂျူနီယာ အင်တိတ်ရဲ့ fresher welcome ကျင်းပနေပုံပါ။ကျွန်ုပ်တို့ စိတ်ကူးယဉ် ပုံဖော်ခဲ့မိတဲ့ fresher welcome ပေါ့။(အမေရယ် သားကို ဆယ်နှစ်လောက် နောက်ကျပြီးမှ မွေးပါလားလို့ 😄)ယခုလိုတွေ့ရတော့လည်း ကိုယ့်တုန်းက မဖြစ်ခဲ့ရပေမယ့် ညီငယ်လေးတွေအတွက်ဝမ်းသာမိလေသည်။သို့သော် စစ်ပုံတော့ကျစေချင်၏။