ကျွန်တော်နှင့် သင်တန်း (၄)
ငြိမ်သက်နေသောဘူတာရုံကြီးသည် အာရုဏ်ဦးအလင်းရောင်နဲ့အတူ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ကျွန်တော်လဲ ညက တစ်ညလုံး ပြင်ဦးလွင်ခရီးစဉ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေသောကြောင့် အိပ်မရခဲ့ပေ။တစ်ခါမှ မရောက်ခဲ့ဖူးသောမြို့တစ်မြို့၊တစ်ခါမှမသိခဲ့ဘူးသောလူတွေနဲ့၊တစ်ခါမှမကျင်လည်ခဲ့ဘူးသော နေရာတစ်ခုသို့ သွားရသည်မှာ အဘယ်မှာစိတ်မလှုပ်ရှားပဲနေအံ့နည်း။အချိန်ကား မနက်၎နာရီ၁၀မိနစ်ခန့်။ကျွန်တော်လည်း ဒီတစ်ခါတော့ ထမင်းငတ်မည်စိုး၍ ညကပေါက်စီဝယ်စားခဲ့သော အလင်းဆိုင်လေးသို့ပင် ခြေဦးလှည့်မိတော့သည်။ဆိုင်ရောက်တော့ မြန်မာထမင်းကြော် တစ်ပွဲနှင့် ကော်ဖီတစ်ခွက်မှာလိုက်ကာ ဟိုငေးဒီငေး နေလိုက်သည်။ သိပ်မကြာခင်မှာပင်စားပွဲထိုးကောင်လေးက မြန်မာထမင်းကြော်နှင့်ကော်ဖီ လာချပေးသည်။မနေ့ထဲက ထမင်းလွတ်ထားသဖြင့် ဗိုက်ဆာဆာနဲ့စားရာထမင်းကြော် လိုက်ပွဲနှစ်ပွဲကုန်သွားလေတော့သည်။စားပြီးနောက်ကော်ဖီ အားဇိမ်ခံသောက်ရင်း ဟိုရောက်ရင် မည်သို့ကြုံတွေ့မည်လဲဟု စဉ်းစားနေမိသည်။မနက်၆နာရီ ပြင်ဦးသို့တက်မည့်ကားများ စထွက်မည်ဟုပြောထားသည့်အတွက် ၅နာရီခွဲလောက်တော့လူစုမည်ထင်သည်။လက်မှ နာရီကိုကြည့်လိုက်တော့ ၅နာရီ ၁၀မိနစ်ပင်ရှိလေပြီ။ကျသင့်ငွေအားရှင်းကာ တန်းစီမည့်နေရာသို့သွားလိုက်သည်။၅နာရီခွဲကျတော့ အရာရှိတစ်ယောက်က တန်းစီမယ် ဆိုတာနှင့် ထုံးစံအတိုင်း စုရုံးစုရုံးလုပ်ကျပြန်လေသည်။တစ်ချို့ကျတော့ သူတို့မိသားစုတွေနဲ့ ခုထိတတွတ်တွတ်နဲ့ပြောဆိုနေကြစဲပင်။အလွမ်းသယ်နေကြတာဖြစ်မည်ထင်သည်။
တန်းစီပြီးနောက် ကားတစ်စီးလျင် လူ၃၀နှုန်းနှင့် စစ်ကားကြီးများစတင်ထွက်ခွာလေတော့သည်။ရှည်လျားလှသော ကားတန်းကြီးကိုကြည့်ပြီး စိတ်ထဲမှာ စိတ်ဓာတ်တက်ကြွလာသလိုလို ကိုယ့်ကိုကိုယ့်စစ်သားကြီးလုံးလုံးဖြစ်နေသလိုလိုနဲ့ ဘယ်လိုခံ စားချက်ကြီးမှန်းမသိ။မန္တလေးဘူတာကြီး မှထွက်ခွာလာတော့ မန္တလေးမြို့ကြီးကို စတင်ထိတွေ့ခွင့်ရလေတော့သည်။ ကားတန်းကြီးသည် မန္တလေးကျုံးဘေးမှ ဖြတ်သွားသည့်အတွက် မန္တလေးကျုံးဘေး တစ်လျှောက်အလှအပများကိုလည်းခံစားခွင့်ရလေသည်။အလှအပများဆိုသည်၌ မန္တလေးနန်းမြို့ရိုးကြီးနှင့် နံနက်ခင်းမြူခိုးများနှင့် ရစ်သိုင်းနေသည့် ကျုံးရေပြင်အလှနှင့် ဟိုး..နန်းရှေ့ဘက်က မန္တလေးတောင်ကြီး၏ ဝိုးတဝါးအလှတို့သည် မန်းမြို့သူလေးတွေရဲ့ ကျုံးဘေးတစ်လျှောက် ကိုယ်လက်လှုပ်ရှားအားကစားလုပ်နေကျသည့် အလှအပကို ပိုမိုပေါ်လွင်စေသယောင်ယောင် ဖြစ်နေသည်။မဆီမဆိုင် ရွှေမန်းသူတွေခြေသလုံးတုတ်တယ်ကြားဖူး၍ ခြေသလုံး တွေလိုက်ကြည့်မိသေးသည်။မနက်ခင်းစက်ဘီးနှင့် လုပ်ငန်းခွင်သို့သွားကျသည့် မန်းမြို့သူတွေလဲတွေ့ရသည်။တချို့ကလဲ ကျုံးဘေးတစ်လျှောက်ပြေးနေရာမှ ရပ်၍ ကျွန်တော်တို့ကားတန်းကြီးဖြတ်သွားသည်ကို ရပ်ကြည့်နေကြသည်။ တချို့ကတော့ လက်ပြနှုတ်ဆက်ကျသည်။ကားပေါ်မှ ငနဲသားတချို့ကတော့ လက်ပြနှုတ်ဆက်တာ သူ့ကိုပဲလက်လှမ်းပြနေသယောင်နှင့် ပျော်လို့မဆုံးတပြုံးပြုံးဖြစ်နေကြသည်။
မန္တလေးမြို့ကြီးကို ကျော်လွန်လာပြီးနောက် ပြင်ဦးလွင်သို့ဆိုသည့် ဆိုင်းဘုတ်ကို တွေ့ရာ ကားပေါ်မှ ဗိုလ်လောင်းများ တလှုပ်လှုပ်ဖြစ်လာကျပြန်သည်။ဟန်တော့ကျပေသည်။ရန်ကုန်မှာကားစီးတိုင်းမူးတတ်သောကျွန်တော် စစ်ကားကြီးတွေစီးရတာမမူးပေ။ပတ်ပတ်လည် အပေါက်တွေကြီးပဲဖြစ်သောကြောင့် လေဝင်လေထွက် ကောင်းပေသည်။ သို့ပေမယ့် လေတိုးမှုကြောင့် အလွန်ပင်အေးလှသည်။အဖေထည့်ပေးလိုက်သော ဂျင်းအနွေးထည်လေးဖြင့် အအေးဒဏ်ကိုအံတုနေရသည်။ပြင်ဦးလွင်ခြောက်ထပ်ကွေ့သို့မတက်မှီ ကားများခနနား၍ကား ရေတိုင်ကီရေဖြည့်ခြင်းခြင်းများပြုလုပ်ကျလေသည်။ထိုစဉ်ကပြင်ဦးလွင်လမ်းများသည် ယခုကဲ့သို့ အတက်တစ်လမ်း၊ အဆင်းတစ်လမ်းမဟုတ်ဘဲ အတက်အဆင်းတစ်လမ်းတည်းသာဖြစ်သည်။လမ်းများမှာလည်း ကမူကထစ်များလှပေသည်။
နာရီဝက်ခန့်ကားနားပြီးနောက် ခြောက်ထပ်ကွေ့သို့စတက်လေတော့သည်။ရန်ကုန်မှာနေပြီး ရှုခင်းများနဲ့ မရင်းနှီးခဲ့ရသော ကျွန်တော့အဖို့တော့ မြင်မြင်သမျှလှပနေလေတော့သည်။ခြောက်ထပ်ကွေ့ရဲ့တစ်ဖက်ခြောက်ကြီးထဲတွင် မြူခိုးတို့က တလွင့်လွင့်၊ကွေ့ကောက်နေသော မြစ်တစ်စင်းလဲတွေ့ရသည်။ဟိုး...မှာ ဒုဌ္ဓဝတီမြစ်ကွဟု ဘေးနားမှ တစ်ယောက်က လက်ညိုးထိုးပြီးပြမှ ဒုဌ္ဓဝတီမြစ်မှန်း သိတော့သည်။ခြောက်ကမ်းပါးကိုကပ်၍ ကားကွေ့လိုက်တိုင်း ကျွန်တော်တို့မှာ အသဲတအေးအေးနဲ့ရှိပေတော့သည်။ယာဉ်တိမ်းမှောက်မှု အဖြစ်များသောနေရာဟူသော ဆိုင်းဘုတ်တွေ့လိုက်သောကြောင့် သိသမျှဘုရားစာအကုန်ရွတ်မိပေတော့သည်။အတက်လမ်းများကျတော့ ကားတစ်စီးနှင့်တစ်စီးခွာတက်ရသည်။ရှေ့ကားလှန်ကျလျင် နောက်ကားကိုမထိခိုက်အောင်ဖြစ်သည်။ ဂျပန်ခေတ်လက်ကျန် fawကားကြီးတွေကတော့ အခုထိရုန်းအားကောင်းနေ
ဆဲပင်။တချို့အတက်တွေဆိုကားက တစ်ဂီးဂီးအော်ပြီး မရုန်းချင်လှ။ခြောက်ထပ်ကွေ့ကိုကျော်လာပြီး၁၅မိနစ်လောက်နေတော့ ၂၁မိုင်သို့ရောက်လေသည်။
ကားများခနနားအုံးမည် ဆို၍ ကားပေါ်မှဆင်းကာ မနက်စာစားကြလေသည်။အချိန်က ၉နာရီ ခန့်ပင်ရှိနေပြီဖြစ်၍ ကျွန်တော်လည်း နေ့လည်စာဖြင့် ပေါင်း၍ ထမင်းစားလိုက်လေတော့သည်။ကားပေါ်မှကိုယ်စီးလာခဲ့တဲ့ကားနံပါတ်လဲမှတ်ထားရသေးသည်။ကားအားလုံးက တစ်ပုံစံထဲနီးပါးဖြစ်တာကြောင့်ကားမှားတက်မိမှာစိုး၍ဖြစ်သည်။နာရီဝက်ခန့်ကားများနားအပြီးမှာတော့ ယာဉ်တန်းများပြန်လည်ထွက်ခွာရန် ရှေ့ဆုံးမှ ကားက ဟွန်းသံရှည်ပေး၍ သတိပေးကာ တအောင့်နေတော့ ကားများစတင်၍ ထွက်ခွာကျလေသည်။၂၁မိုင်ကျော်လာမှစိမ့်ကနဲ စအေးလေတော့သည်။ရာသီဥတုမှာလည်းသိသိသာသာ ပြောင်းလဲလာသည်။ မြူခိုးတွေပို၍ပိတ်လာသည့်အတွက် ကားသမားများလည်းသတိထားကာ တအိအိနဲ့ မောင်းနေကျရလေသည်။ကျွန်တော်တို့ဗိုလ်လောင်းများကတော့ အထူးအဆန်းဖြစ်ကာပျော်နေကျ၏။ရာသီဥတုကနတ်ပြည်ပဲရောက်နေသလိုလို။
အအေးဓာတ်ကပိုလာသည့်အတွက် ကားပေါ်ရှိလူများတစ်ယောက်ယောက်နှင့်တစ်ယောက်ပူးကပ်လာတော့သည်။ဒီလောက်အေးမည် မထင်၍ အနွေးထည်ထူထူမဝတ်ခဲ့မိတာမှားလေခြင်းဟု နောင်တရမိလေတော့သည်။
Photo credit google image
ဆက်ပါအုံးမည်