ကျွန်တော်နှင့် သင်တန်း ၂
အပိုင်း(၁)အားဖတ်ရှုရန်
https://steemit.com/myanmar/@zinminhtet/ky-n-eta-wng-thng-tn-1-d8181bcb29671
ရန်ကုန်ဘူတာကြီးကနေ ရထားတွဲကြီးက မာရသွန်အပြေးပြိုင်မယ့် အပြေးသမားတစ်ယောက်လို ဖြေးဖြေးမှန်မှန်နဲ့ စတင်ထွက်ခွာလာခဲ့ပါပြီ။ရထားတွဲကြီးပေါ်မှာတော့ နုပြိုဆဲနှလုံးသားပိုင်ရှင်များ။လူငယ်ဘဝကို စတင် လက်ပြနှုတ်ဆက်ခဲ့ကျသူများ။ဝေကျန်ရစ်ခဲ့သောဘူတာရုံကြီးရဲ့ အမိုးနီနီအောက်မှာတော့ အရောင်တလက်လက်နဲ့မျက်ဝန်းပိုင်ရှင်များ....ဘူတာရုံကြီးရဲ့မြင်ကွင်းတချို့သည် တစ်စတစ်စ မှုန်းဝါးဝါးဖြစ်လာသည်။
ကျွန်တော့ရဲ့ခုံဘေးမှာတော့ မိသားစုတစ်စု အန်တီကြီးတစ်ယောက်၊ အမကြီးတစ်ယောက်၊ကျွန်တော့အရွယ် ကောင်လေးတစ်ယောက်၊မန္တလေးသို့လိုက်ပို့ကျဟန်တူပါ သည်။ရထားတွဲပေါ်တွင် တခြားမိသားစုဝင်များလဲ တွေ့ရသည်။ တချို့ပျော်ပါးရယ်မောနေကျသည်။တချို့ ကျွန်တော့ကဲ့သို့ တစ်ယောက်ထဲ ငိုင်နေသူများလဲရှိသည်။
ရှေ့ခုံက အန်တီကြီးက "သား အိမ်က လိုက်မပို့ဘူးလား"ဆိုတော့ "အိမ်ကနောက်မှလိုက်လာမယ်ပြောတယ်အန်တီ"ဟုသာပြန်ဖြေလိုက်သည်။ စကားစမြည်ပြောဆိုရန် ကျွန်တော့မှာအင်အားမရှိ။ထိုအချိန်တွင် မိတ်ဖွဲ့ခြင်းအတတ်ပညာကားလဲကျွန်တော် မကျွမ်းကျင်သေး။ငယ်ငယ်ထဲက ခပ်အေးအေးနဲ့ တစ်သီးတစ်သန့်နေတတ်သော ကျွန်တော် အခုတော့ ဘေးနားမှာ ရွယ်တူတွေ ခရီးသွားဖော်တွေရှိနေသော်လည်း တစ်သီးတစ်သန့် ဖြစ်နေပြန်သည်။
ခုရထားတွဲက ကျွန်တော်လိုပဲ ရေးဖြေ နှင့် OTT အောင်၍ ပြင်ဦးလွင်မြို့သို့ သွားကျမည့် ဗိုလ်လောင်း များအတွက် စီစဉ်ပေးထားသော ရထားတွဲ ဖြစ်သည်။ တဂျုံးဂျုံးအော်မြည်လျက် ပြိုင်မြင်းတစ်ကောင်လို ခုန်ပေါက်ပြေးလွှားနေသော ရထားကြီးသည် (ထိုအချိန်က ရထားလမ်းများ မကောင်းသောကြောင့် ခုန်ပေါက်နေခြင်းဖြစ်သည်)တစ်ဘူတာပြီးတစ်ဘူတာ ဖြတ်ကျော်လာခဲ့ပြီ။အမြန်ရထားဖြစ်သဖြင့် ကြား ဘူတာတွေရပ်ခြင်းမရှိပေ။ပဲခူးဘူတာရောက်တော့ ခဏရပ်သည်။အချိန်ကား ၂၀၁၆ခုနှစ်၏နောက်ဆုံးလ၊ရထားပြူတင်းပေါက်မှ နှင်းမှုန်တို့ တစ်ချက် ချက်မျက်နှာသို့ တိုးဝှေ့ နှုတ်ဆက်လျက်ရှိသည်။ နေမင်းကြီး၏ အရောင်အဝါတချို့ ဆင်းသက်လာမှုနှင့်အတူ ဆောင်းနှင်းမှုန်တို့ တဖြေးဖြေးအငွေ့ပြန်ပျောက်ကွယ်လျက် ရှိသည်။ ပဲခူးဘူတာမှာနားတော့ သမုဒ္ဒရာ ဝမ်းတစ်ထွာတစ်အတွက် ရုန်းကန်နေရသူတချို့ အလုအယက် ရထားပေါ်တက်လျက် စားဖွယ်သောက်ဖွယ်တို့ရောင်း ချကျလေသည်။ဗိုက်ထဲကလဲ မသိ စိတ်၏ နိုးဆော်မှုကြောင့် ဆာလောင်ကြောင်း အချက်ပြနေလေပြီ။ထို့ကြောင့် အိမ်မှ အမေကိုယ်တိုင် စီစဉ်ချက်ပြုတ်ထည့်ပေး လိုက်သော ဖော့ဘူးလေးကိုဖွင့်လိုက်သည်။ အထဲ၌ ပေါ်ဆန်းမွေးဆန်ကော့ကော့လေးကို ပဲဆီလေးဆမ်းလျက် ကျနော်ကြိုက်တတ်သော စားတော်ပဲပြုတ်နဲ့ရောသမမွေထား သည်။ဗူးကိုဖွင့်လိုက်သည်နှင့် ဆာလောင်မှုကို ပိုမိုနိုးဆွနေသလိုလို၊ ဗူးလေးရဲ့ အခြားတစ်စွန်းလေးမှာတော့ အားငယ်နေ၍ ထောင့်ကပ်နေဟန်ဖြင့် ချဉ်ပေါင်ကြော်အနဲငယ်(အားမငယ်ပါနဲ့ ချဉ်ပေါင်ကြော်လေးရယ် မင်းက ငါအကြိုက်ဆုံးအစားအစာထဲပါပါတယ်)နောက်ပြီး ကြက်သားကြော် အနေတော် သုံးတုံးခန့် နှင့် ဘာလချောင်ကြော် အနဲငယ်ပါ ပါသည်။ထမင်းဗူးထဲမှာ ကော်ဇွန်းလေးပါအဆင့်သင့် ပါသည်ကိုတွေ့ရသည်။ ကျွန်တော်စားပြီး လျင် အမှိုက်ပုံးထဲ အလွယ်တကူ ထည့်လိုက်နိုင်ရန် ဖော့ဘူးနှင့် ကော်ဇွန်းကိုအမေစီ စဉ်ပေးလိုက်ခြင်းဖြစ်မည်။ နံဘေးမှာတော့ စားသောက်ဖွယ်ရာ များဝယ်ခြမ်းနေကျ သူများလဲရှိသည်။မည်မျှပင်စားချင်စားဖွယ် ပြင်ဆင်ရောင်းချနေပင်ငြား ကျွန်တော့ ထမင်းဗူးလေးလောက် အရသာရှိမည်မထင်။ဒီထမင်းဗူးလေးထဲမှာအဖေ့ရဲ့ချွေးစက်တွေနဲ့ ရင်းနှီးထားရပြီး အမေ့ရဲ့ချစ်ခြင်းမေတ္တာတွေပါဝင်သည်။ထမင်းစားနေစဉ် မှာပဲ ရထားမှ ပြန်လည်ထွက်ခွာရန် ဆိုင်းပြင်နေပြီ။တအိအိနဲ့ ဘီးစတင်လိမ့်လာပြီးနောက် ပဲခူးဟူသောဆိုင်းဘုတ်လဲ တဖြေးဖြေး ဝေးကွာလာသည်။ဘူတာအဆောက်အဦးတို့သည်လည်း လေးထောင့်သဏ္ဍန်မှ မျဉ်းကြောင်းသဏ္ဍန်ဖြစ်လာပြီ။စားသောက်ပြီးတော့ ထမင်းဗူးလွင့်ပစ်ရန် ရထားတွဲ ထဲသို့ အမှိုက်ပုံးကိုမျက်လုံးဝေ့ကြည့်ပြီးရှာတော့မတွေ့သဖြင့် ကျွတ်ကျွတ်အိတ်နဲ့ လုံအောင်စုချည်ပြီး ခုံအောက်နားမှ ခန ချထား လိုက်သည်။လမ်းရောက်မှ သင့်တော်ရာနေရာတစ်ခုမှ လွင့်ပစ်ရတော့မည်။ဘူတာရုံမှာ အမှိုက်လွင့်ပြစ်လို့မဖြစ်။
စက္ကန့်မှ မိနစ်၊မိနစ်မှနာရီ အလီလီပြောင်းလဲလာပြီးနောက် တောင်ငူ ဟူသော ဆိုင်းဘုတ်ကို ကျော်လာလေပြီ။ရထားလမ်းဘေးတစ်လျောက် ကျူးကျော် တဲငယ်လေးများလဲတွေ့ရသည်။ကလေးများ ဆော့ကစားနေကျသည်လဲ တွေ့သည်။အချိန်ကိုကြည့်တော့ နေ့လည်တစ်နာရီခန့်တောင်ကျော်နေပြီ။နာရီကိုကြည့်ရင်းအဖေ့ကိုသတိရမိပြန်လေသည်။ကျွန်တော်၈တန်းကျောင်းသားလောက်ထဲက အဖေဝယ်ပေးထားသော casio နာရီလေး သူ့တာဝန်ကိုခုချိန်ထိကျေပွန်အောင် ဆောင်ရွက်နေဆဲပင်။နေ့လည်စာကိုတော့ အမေထည့်ပေးလိုက်သော ကြက်ဥပြုတ်နဲ့ ပန်းသီးပဲကိုက်စားကာရေသောက်ပြီးဖြေရှင်းလိုက်တော့သည်။အပြင်စာသိပ်စားလေ့မရှိသော ကျွန်တော် ဝယ်စားရမှာတွန့်နေသည်။ အမေက မုန့်ပဲသရေစာ စားစရာတို့ကို ကိုယ်တိုင်ပြုလုပ်ကျွေးတတ်သူဖြစ်လေရာ အပြင်က အစာတွေသိပ်ဝယ်စားလေ့မရှိခြင်းဖြစ်သည်။မည်သို့မည်ပုံ ချက်ပြုတ်ထားမှန်းမသိသော စားစရာတို့် ကို စားရမှာ ထိုအချိန်က စိတ်ထဲ မသတီဖြစ်ခဲ့မိသည်။(ခုတော့ အဲ့အကျင့်က ပျောက်နေပါပြီ)နံဘေးမှ သစ်ပင်ခြုံနွယ်တို့ ရထားနောက်ကြီး၏နောက်သို့ ပြေးလွှားရွှေ့လျားနေကြသည်။ နေမင်းကြီးလဲ အနားမျဉ်းတစ်ခုပေါ်သို့မေးတင်ငိုက်မြည်းနေလေပြီ။ကွယ်ပျောက်လုဆဲနေမင်းကြီးကိုကြည့်ရင်း စိတ်ထဲမှာလွမ်းသလိုလို ဆွေးသလိုလို......
#ဆက်ပါအုံးမည်....
စာတစ်ခုရေးသားတတ်အောင် သင်ကြားပေးသော ဆရာတင်လှိုင်ဦးအား အထူးပင် လေးစားကျေးဇူးတင်ပါသည်ခင်ဗျာ
Photo credit google
Author- Minhtet Yeyint
MSC-126