ညီငယ်အရာရှိသို့ ပေးစာ(၃)
6 March 2018(Tue)
သို့...
ညီငယ်
ဒီတစ်ပတ်လည်း သိသင့်သိထို်က်သည်များကို ဆက်လက်သင်ကြားပြောပြပေးမယ်။အဖွဲ့အစည်းတစ်ခုမှာ တာဝန်ထမ်းဆောင်ရပြီဆိုလျင် မိမိဌာနအတွင်းသာမက အခြားဌာနအလိုက်မှာရှိနေတဲ့ ရာထူး၊အဆင့်အခေါ်အဝေါ်များကို မြန်မာလိုသာမက ကမ္ဘာသုံးအင်္ဂလိပ်လိုပါ သိရှိ ထားဖို့လိုအပ်တယ်။ဒါမှသာ ဌာနအတွင်းပြောဆိုဆက်ဆံရာတွင်လည်းကောင်း၊ပြည်ပနိုင်ငံများနှင့် ဆက်ဆံရာတွင်လည်းကောင်း အဆင်ပြေချောမွေ့နေမှာ ဖြစ်တယ်။
ညီလေးတို့ ကျောင်းဆင်းပြီးလို့ သက်ဆိုင်ရာ ဌာနတွေ မှာ တာဝန်ထမ်းဆောင်ကြရတဲ့အခါမှာ ရောက်ရှိကြောင်း အထက်အရာရှိကြီးထံသို့ လူကိုယ်တိုင် သွားရောက်သတင်းပို့ရမှာဖြစ်တယ်။ထိုသို့သွားရောက်တွေ့ဆုံသတင်းပို့တဲ့အခါမှာ အရာရှိကြီးထံသို့ တိုက်ရိုက်ဝင်ရောက်တွေ့ဆုံခွင့်မရှိကြောင်း သိရှိထား ရမယ်။ပထမဦးဆုံး ထိုအရာရှိကြီးရဲ့ ကိုယ်ရေးအရာရှိ (သို့မဟုတ်)ရုံးအဖွဲ့မှူးမှတဆင့် တွေ့ဆုံရန် သတင်းပို့ရမယ်။အရာရှိကြီးက တွေ့ဆုံရန် ခွင့်ပြုမှသာလျင် ဝင်ရောက်တွေ့ ဆုံရမှာဖြစ်တယ်။မိမိတွေ့ဆုံမည့် အထက်အရာရှိမှာ ကိုယ်ရေးအရာရှိ၊ ရုံးအဖွဲ့မှူး စသည်တို့ မရှိပါက အထက်အရာရှိရဲ့ ရုံးခန်းတံခါးကို ခေါက်၍ ဝင်ခွင့်တောင်းရန်လိုအပ်ပြီး ခွင့်ပြုမှသာ ဝင်ရောက်တွေ့ဆုံရမှာဖြစ်ကြောင်း သိရှိထားဖို့လိုအပ်တယ်။
ရုံးခန်းအတွင်း ရောက်ရှိသည့်အခါမှာလည်း
အထက်အရာရှိမှ ရုံးစာဖတ်နေလျင်သော်လည်းကောင်း၊ မြေပုံလေ့လာနေလျင်သော်လည်းကောင်း၊ အခြားသူတစ်ဦးနှင့် စကားပြောဆိုနေသည့်အခါတွင်လည်းကောင်း အတင်းဝင်ရောက်၍ ကြားဖြတ် ပြောဆို သတင်းပို့ခြင်းမျိုး လုံးဝ မပြုလုပ်သင့် ကြောင်း သတိချပ်ထားဖို့လိုအပ်တယ်။
စားပွဲရှေ့၌ ရပ်စောင့်နေစဉ်မှာလည်း အရာရှိကြီးကိုစို်က်ကြည့်နေခြင်းမျိုးမပြု လုပ်အပ်ဘူး။အရာကြီးရဲ့စားပွဲပေါ်မှာရှိနေတဲ့ အရာဝတ္ထုတစ်ခုခုကိုသာလို်က်ကြည့်နေသင့်ပြီး မျက်လုံးဒေါင့်မှသာ အရာရှိကြီးက မိမိကို အာရုံပြုမိချိန်ကို ခိုး၍ကြည့်နေရမှာဖြစ်တယ်။ထိုအရာရှိကြီး ဆောင်ရွက်နေဆဲ ကိစ္စပြီးမှသာ သတင်းပို့ခြင်းကိုပြုလုပ်ဖို့ မှာကြားလိုတယ်။ညီလေးဝင်ရောက်သတင်းပိုတဲ့အရာရှိကြီးဟာ မည်မျှပင်ရင်းနှီးခင်မင်ခဲ့ဖူးပါစေ ရုံးခန်းတွင်း ဝင်ရောက်သတင်းပို့နေချိန်မှာတော့ ၄င်းရဲ့ ရာထူးအဆင့်အတန်းအတိုင်းသာ ခေါ်ဝေါ်သုံးစွဲရမှာဖြစ်တယ်။ဒီလောက်နဲ့ပဲ စာအဆုံးသတ်လိုက်တော့မယ်။ရိုးသားကြိုးစား၍ တိုင်းပြည်ကို အကျိုးပြုနိုင်သော အရာရှိကောင်းတစ်ဦးဖြစ်ပါစေလို့ ဆုတောင်းရင်း.....