လက်ရှိကျွန်မတို့ကျင်လည်နေတဲ့လောကကြီးက နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ဆုံးရှုံးမှုတွေကလည်း အများအပြားပါပဲ။
Hand phone လေးတွေကိုယ်စီရလာကြတော့ မှတ်စုစာအုပ်အကြမ်းလေးမှာ ဘောပင်နဲ့စာချရေးရတာ စာအုပ်လေးနဲ့စာဖတ်ရတဲ့အရသာတွေမေ့လာကြတယ်။ Taxi တွေ ကိုယ်ပိုင်ကားတွေ အသုံးများလာတော့ လမ်းလျှောက်ဖို့ကို မေ့လာကြတယ်။ Computer တွေ ပိုင်ဆိုင်လာကြတော့ စာလုံးပေါင်းသတ်ပုံတွေ မေ့လာကြတယ်။ Aircon တွေပိုင်လာကြတော့ သစ်ပင်အောက်မှာ ခြံဝင်းလေးထဲမှာ လေးညှင်းခံရတဲ့အရသာကိုမေ့လာကြတယ်။ Credit card တွေပေါ်လာတော့ ငွေစက္ကူနဲ့အကြွေတွေရဲ့တန်ဖိုးတွေကို မေ့လာကြတယ်။ ရေမွှေးတွေကိုနှစ်သက်လာတော့ သဘာဝပန်းရဲ့မွှေးရနံ့လေးတွေကို မေ့လာကြတယ်။ Ready made food တွေများပြားလာတော့ ကိုယ်တိုင် ချက်မစားတတ်ကြတာများလာတယ်......စသဖြင့် သဘာဝဆိုတာတွေရဲ့ အလှအပတွေ အကျိုးခံစားခွင့်တွေကို ကျေကျေနပ်နပ်ကိုမေ့လျော့ပစ်လိုက်ကြပါတယ်။
တကယ်တော့ သဘာဝကပေးထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေနဲ့ နည်းပညာကပေးတဲ့သက်တောင့်သက်သာရှိမှု လွယ်ကူမှုတွေမှာ ကျွန်မတို့လဲလှယ်လိုက်ရတဲ့တန်ဖိုးတွေဟာ မျှတပါရဲ့လား ??
အလောတကြီးပြေးလွှားရှာဖွေနေကြတဲ့ ပိုက်ဆံတွေဟာ ကျွန်မတို့သေဆုံးသွားတဲ့အခါ ဘဏ်ထဲကျန်ရစ်ခဲ့မှာပါ။ ရှင်သန်နေတုန်းမှာ ပင်ပန်းတကြီး ရှာဖွေခဲ့ ချွေတာခဲ့ စုဆောင်းခဲ့သမျှတွေက ကိုယ့်အတွက်ကိုယ်လုပ်တယ်လို့ ထင်နေကြပေမယ့် ကိုယ်ဘယ်အချိန်သေဆုံးမလည်းဆိုတာဘယ်သူမှ မသိနိုင်တာကြောင့် တကယ်တမ်းကတော့ သူများအတွက်တွေချည်းပါပဲ။
တကယ်တော့ အသက်ရှည်ရှည်နေဖို့က ပိုက်ဆံများများရှာနိုင်ဖို့ထက် အရေးကြီးပါတယ်။ ကျန်းမာတဲ့ ဘ၀ကိုရဖို့ က ဈေးကြီးကြီးအသုံးအဆောင်တွေကိုင်နိုင်ဖို့ထက် အရေးကြီးပါတယ်။ အသိပညာတွေတိုးဖို့က ခေတ်မှီဖို့ဆိုတာထက် အရေးကြီးပါတယ်။ လှူတန်းပေးကမ်းဖို့က သိုလှောင်စုဆောင်းဖို့ထက် အရေးကြီးပါတယ်။
ဒါကြောင့်မို့ ကျန်းမာနေရင်တောင်မှ ပုံမှန်လေးဆေးစစ်ပေးပါ။ ရေမဆာရင်တောင်မှ ရေများများသောက်ပေးပါ။ ဆိုးရွားတဲ့ပြသနာတွေနဲ့ ရင်ဆိုင်နေရရင်တောင် စိတ်အေးအေးထားပါ။ ရာထူးတွေကြီးပြီးငွေတွေချမ်းသာနေရင်တောင်မှ ရိုးရိုးကုတ်ကုတ်သာနေလိုက်ပါ။ တခါတခါတော့လည်း ကိုယ်က မှန်နေရင်တောင်မှ အရှုံးပေးနိုင်ဖို့ ကြိုးစားကြည့်လိုက်ပါ။ ကိုယ်ချစ်တဲ့သူတွေအတွက်ကို သေချာလေးအချိန်ပေးပါ။ စေတနာလေးပေါ်လာတဲ့အတိုင်းမတွန့်မဆုတ်ပေးကမ်းလှူတန်းလိုက်ပါ။
ရလာခဲ့တဲ့ဘ၀လေးတစ်ခုကို လှပပြီး တန်ဖိုးရှိအောင်ကြိုးစားဖြတ်သန်းရင်းနဲ့ပဲ အချိန်တွေကိုကုန်ဆုံးနိုင်ကြပါစေ။ ။
Steemit Myanmar အဖွဲ့သားများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ....