BCG ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းသည် ယခင်က အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး၏ လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သော်လည်း ယခုအခါတွင် တိးချဲ့ကာကွယ်ဆေးထိုး စီမံချက်မှ တာဝန်ယူဆောင်ရွက်လျက်ရှိနေပါတယ်။ BCGကာကွယ်ဆေးထိုးခြင်းဖြင့် တီဘီရောဂါဖြစ်ပွားမှုကို ရာနှုန်းပြည့် မဟန့်တားနိုင်သော်လည်း တစ်နှစ်အောက်ကလေးများတွင် တီဘီရောဂါအပြင်းစားများဖြစ်သော သွေးမှတစ်ဆင့် ပျံနှံသည့် လူစေ့တီဘီနှင့် ဦးနှောက်အမြှေးရောင်တီဘီရောဂါတို့ကို ကာကွယ်နိုင်စွမ်းရှိပါသည်။ အထူးသဖြင့် တစ်နှစ်အောက်ကလေးများ၏ ကိုယ်တွင်းခုခံအားစုသည် သွေးမှတဆင့် တစ်ကိုယ်လုံးသို့ ရောဂါပျံ့နှံ့မှုကို တာဆီးနိုင်စွမ်းမရှိပါ။ ထို့ကြောင့် မွေးကင်းစကလေးအရွယ်မှစ၍ တစ်နှစ်အတွင်းကလေးငယ်များကို BCGကာကွယ်ဆေးထိုးရန် မိဘတို့ကို အားပေးကူညီ တိုက်တွန်းရပါမည်။
BCGသည် Bacille Calmette Guetin ဆိုသည့် စကားလုံးမှလာပါသည်။ Bacille ဆိုသည်မှာ ဘက်တီရီးယားပိုး၏ တုတ်ချောင်းပုံသဏ္ဍန်ကို ဆိုလိုပါသည်။ Calmrtte နှင့် Guerin မှာ ကာကွယ်ဆေးကို တီထွင်ထုတ်လုပ်သော လူပုဂ္ဂိုလ်များ၏ အမည်ဖြစ်ပါသည်။ BCGကာကွယ်ဆေးသည် ပေါင်ဒါမှုန့်ပုံစံဖြင့် လာပါသည်။ ၎င်းကို ဖျော်စပ်ရည်ဖြင့် ဖျော်စပ်ရန် ဖြစ်ပါသည်။ ဖျော်စပ်ပြီးသော BCGကာကွယ်ဆေးရည်ကို + ၂ဒီဂရီ စင်တင်ဂရိတ်မှ + ၈ဒီဂရီစင်တီဂရိတ်အကြားတွင် သိမ်းဆည်းထားရမည်။ ကလေးအများစုမှာ ဆေးထိုးထားသောနေရာတွင် တုံ့ပြန်မှုရှိပါသည်။ ပုံမှန်အားဖြင့် ဘီစီဂျီကာကွယ်ဆေးထိုသည့်နေရာတွင် အဖုငယ်ကလေးတစ်ခု ဖြစ်ပေါ်ပါသည်။ အဖုငယ်ကလေးသည် မိနစ်၃၀ခန့်အချိန်အတွင်း ပျောက်ကွယ်သွားပါသည်။ ၂ပတ်ခန့် ကြာမြင့်သည့်အခါတွင် မချွန်ထားသည့် ခဲတံထိပ်ဖျားအရွယ် နီသောအနာကလေးတစ်ခု ဖြစ်ပေါ်လာပါသည်။ နောက်ထပ်အချိန်၂ပတ်ခန့် ကြာသောအခါ အနာကလေးရှိနေပြီးနောက် အနာကျက်သွားပါသည်။ အမာရွတ်လေးတစ်ခု ကျန်ရှိနေပါမည်။ ယင်းသည် ကလေးငယ်အား အောင်မြင်စွာ ကာကွယ်ဆေးထိုးပြီးကြောင်း လက္ခကာဖြစ်ပါသည်။
ကာကွယ်ဆေးထိုးပေးသောနေရာတွင် ပြည်တည်နာဖြစ်ခြင်း၊ အကျိတ်ရောင်ခြင်းများနှင့် အရိုးတွင်းချဉ်ဆီရောင်ခြင်း၊ ရောဂါပြန့်နှံ့စွာ ဖြစ်ခြင်းစသည့် လက္ခဏာများ ဖြစ်ပွားတတ်သော်လည်း BCG ကာကွယ်ဆေးကြောင့် စိုးရိမ်ရသောတုံ့ပြန်မှုများမှာ လွန်စွာနည်းပညးပါသည်။ သိုရာတွင် ရောဂါလက္ခဏာ ပေါ်နေသော HIVပိုးကူးစက်ခံထားရသော သူများတွင် ကာကွယ်ဆေးထိုးရန်မသင့်ပါ။ ကာကွယ်ဆေးအမျိုးအစားမှာ ဘက်တီးရီးယားပိုးအရှင်များ ဖြစ်ပြီး၁ကြိမ်သာထိုးရန်လိုအပ်ပါသဖြင့် နောက်ထပ်တစ်ကြိမ်ထပ်မံထိုးရန်မလိုအပ်ပါ။
ကျန်းမာရေးဗဟုသုတရကြပါစေ။