ငယ်ငယ်တုန်းက ပျင်းရင် သဘာဝကြီးနဲ့ဆော့ရတယ်..
အိမ်ကြို၊ အိမ်ကြား၊ မြောင်းကြို၊ မြောင်းကြားဟာ သေနတ်ပစ်တိုင်းဆော့ရင် စစ်မြေပြင်ချက်ချင်းဖြစ်သွားတယ်..
ယမ်းမီးခိုးတွေဝေပြီး သေနတ်သံတွေ နားထဲမှာ ဆူညံသွားတယ်..
တက်လို့ရတဲ့ သစ်ပင်တစ်ပင်ရှိရင် ကလေးတစ်ယောက်ဟာ တာဇံ ဖြစ်သွားနိုင်တယ်.. ပင်စည်၊ သစ်ကိုင်းများကိုတွဲလွဲခိုရင်း ဆင်၊ ကျား၊ မြွေ တွေနဲ့ ရဲဝံ့စွာ တိုက်ခိုက်နိုင်တယ်..
မြက်ခင်းထူထူ၊ ဒါမှမဟုတ် ကောက်ရိုးပုံတစ်ခုဟာ ကျွမ်းဘားလေ့ကျင့်ဖို့နဲ့ လက်သီးထိုးတိုင်း ကစားဖို့ အကောင်းဆုံးနေရာပေါ့..
ခရင်ဝါးတွေဟာ လူရိုင်းတွေသုံးတဲ့ မှုတ်ပြောင်းတွေဖြစ်လာသလို အမဲလိုက်ဖို့ အတွက် ဒူးလေး၊ လင်းလေးတွေဖြစ်လာကြတယ်..
ကိုယ်တိုင်လုပ်တဲ့သစ်သားကားအတွက် ဘီးလုပ်ဖို့ရန် ရာဘာဖိနပ်အဟောင်းတွေကို ရှာရတယ်..
ကြိမ်လက်ကိုင်ခွေတပ်ထားတဲ့ တုတ်နဲ့ထောက်ပြီး ကိုယ်တိုင်လုပ်ကားကလေး တွန်းရတဲ့အရသာကို ဒီခေတ် တန်ဖိုးကြီးဘတ္တိရီကားတွေကို ရီမုတ်နဲ့သာမောင်းဖူးတဲ့ ကလေးတွေသိရင် သွားရေယိုမှာ သေချာတယ်..
မြရာသီးတွေဟာ ဘောင်ဘောင်အတွက် ကျည်ဆံလုပ်ဖို့ အကောင်းဆုံးပဲ..
မြက်သီးတွေကို ကြက်ပေါင်ကွင်းနဲ့ချိတ်ပစ်တဲ့အချိန် ကလေးတိုင်းဟာ မျက်နှာကို ဆေးမည်းခြယ်မထားတာက လွဲရင် အကုန်ကွန်မန်ဒိုတွေဖြစ်ကုန်ရော..
မိုးရွာတဲ့အချိန်တိုင်း ဘောလုံးတစ်လုံးရှိရင် ကလေးတိုင်းအတွက် ပျော်စရာတွေရနိုင်တယ်..
မိုးတွင်းအခါ ရေလွှမ်းနေတဲ့ ကွင်းပြင်ထဲ ငှက်ပျော်တုံးဖောင်တွေစီးရင်း ရေဘဲတွေ၊ ရေကြက်တွေနောက်ကို တကောက်ကောက်လိုက်ခဲ့ဘူးတယ်..
အအေးဓါတ်ပေးထားတဲ့ စူပါမားကတ်ကြီးတွေထဲက ပလစ်စတစ်ပါးပါးနဲ့ထုတ်ထားတဲ့ သစ်သီးဝလံတွေကိုမြင်ရင် လတ်ဆတ်ချိုမြတဲ့ သရက်သီး၊ မာလကာသီး၊ သြဇာသီးတို့ကို အပင်ပေါ်ကနေ ကိုယ်တိုင်ခူးဆွတ်ပြီး မြိန်ယှက်စွာစားသောက်ခဲ့ဖူးတဲ့အဖြစ်ကို အိပ်မက်သဖွယ် ပြန်အမှတ်ရနေတတ်တယ်..
ပါးစပ်တွေ၊ လျှာ တွပြာနှမ်းနေအောင် ပုဏ္ဏရိတ်သီးတွေ ကိုစားထားတဲ့ ကလေးအချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောပျော်ရွှင်ခဲ့ဘူးတယ်..
စိတ်အခန့်မသင့်တဲ့အချိန်တွေမှာ အချင်းချင်းဆော်ကြနှက်ကြပေမယ့် စိတ်ကောက်တဲ့အချိန်ဟာ နှစ်ရက်ထက်မကြာပါဘူး..
အမေခွံ့ကျွေးတဲ့ပဲပြုတ်နဲ့ထမင်းကိုစားချင်စား၊ မစားရင် ခေါပြင် သို့မဟုတ် ကောက်ညှင်းပေါင်းကို နှမ်းထောင်းမွှေးမွေးနဲ့ ပလုပ်ပလောင်းသွတ်ပြီး အိမ်ပေါ်က ခုန်ဆင်းလိုက်တာနဲ့ သဘာဝ ကစားကွင်းရဲ့ ရင်ခွင်ထဲကို တန်းရောက်သွားခဲ့ပြီ..
သာယာတဲ့ညနေခင်းတိုင်းမှာ အပျိုမတွေ ရှမ်းကြိုး (အီစွတ်) ခုန်ကြတယ်.. ကလေးတွေက အုန်းမှုတ်ခွက်အထပ်လိုက်စီထားတာကို ဘောလုံးနဲ့ပစ်တယ်.. ဒီထိုးတယ်..တိုင်ဦးတယ်..စည်းဝိုင်းထဲက ဆွဲထုတ်တမ်းကစားတယ်..
လူငယ်တွေက ခြင်းခတ်တယ်.. ဘောလုံးကန်တယ်..
ညဥ့်နက်တဲ့အထိ ဆော့ကြပေမယ့် ဘယ်မိဘမှ စိတ်မပူကြဘူး..
လူမိုက်၊ လူရမ်း ရှားပါးတယ်..
ကာလသားတစ်ယောက်ဟာ ဆေးပေါ့လိပ်မှိန်းရင်း လက်ဘက်ရည်ဆိုင် ထိုင်တတ်ရင်ကို လူဆိုးစာရင်းအသွင်းခံရတဲ့အထိ အနေအထိုင်ကျစ်လျစ်ကြတယ်..
အရက်ကလေးများသောက်ချင်ရင် လူသူမနီး ကွင်းပြင်၊ ချောက်ကြားမှာ တိုးတိုးတိတ်တိတ်ခွက်ပုန်းချရတယ်..
အနံ့ပျောက်ပြီးအမူးပြေမှ ရပ်ကွက်ထဲ ၀င်လာရဲတယ်..
အိမ်အနီးက ဗွတ်ကလုံငှက်ကလေးတွေနေတဲ့ ခြုံပုတ်တွေဟာ ကလေးတွေအတွက် စစ်စခန်းဖြစ်လာပြီး သီခေါင်မြင့်မားတဲ့ ကျည်းပင်ကြီးဟာ ကင်းမျှော်စင်တွေဖြစ်လာတယ်..
သီတင်းကျွတ်၊ တန်ဆောင်တိုင်လိုပွဲမှာ ဗွီဒီယို သို့ ရုပ်ရှင် သုံးကားပြရုံနဲ့ အားလုံးပျော်ရွှင်ကျေနပ်ကြတယ်..
မီးဇာတပ်ထားတဲ့ ဆီမီးခွက်တွေကို ၀ါးလုံးဖျားထပ်ခြမ်းခွဲထဲညှပ်ပြီး လမ်းဘေးတစ်ဘက်တစ်ချက်မှာ စိုက်ကာ မီးထွန်းထားတဲ့ မြင်ကွင်းဟာ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာ ကောင်းလွန်းတယ်..
သီတင်းကျွတ်လပြည့်နေ လရောင်လင်းနေတဲ့ ညချမ်းအခါ၊ ဆီမီးရောင်ဟပ်နေသော ကျနော့်ငယ်ကျွမ်းဆွေကလေးရဲ့ မျက်နှာဝင်းဝင်းလေးကိုလည်း ပြန်လွမ်းနေမိတယ်..
ရပ်ကွက်ပွဲဈေးတန်းမှာ မုန့်လေပွေ၊ မုန့်ဟင်းခါး၊ ကော်ရည်ခေါက်ဆွဲနဲ့ ကောင်ညှင်းကျည်တောက်လောက်ပဲရှိပေမယ့် ၀ယ်စားလို့မကုန်တဲ့ အထိ ပြည့်စုံတယ်လို့ နှစ်သိမ့်ခဲ့ဖူးတယ်..
အဲဒီခေတ်တုန်းက ကလေးတွေဟာ ပျော်ရွှင်မှုကို သူငယ်ချင်းတွေဆီက ရှာရတာမို့ တကိုယ်ကောင်းဆန်လို့မရဘူး.. အနိုင်ကျင့်လို့မရဘူး..
ကလေးအဖွဲ့အစည်းတိုင်းဟာ ကိုယ်ပိုင်စည်းကမ်းတွေရှိတယ်..
ပေးပြီးစလစ်..နံပါတ်တစ်..နည်းသူထွက်များသူဝင်..ဗျောင်တောင်တောင်..ပေပေ့ဂျိ..
ရှုံးရင်ထွက်၊ လဘက်မစား၊ ကွမ်းမစား..
အလိုက်သိရတယ်..ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်ရတယ်..ပါးရည်နပ်ရည်ရှိရတယ်.. ဒါမှ အုပ်စုရဲ့ ကြဉ်ဖယ်ခြင်းကို မခံရမှာဖြစ်တယ်..
အခုခေတ်ဒါတွေမရှိတော့ဘူး..
Play ground မှာကလေးတွေရဲ့ ရယ်သံတွေဆိတ်ကုန်တယ်..
လူပျိုအပျိုများက တယ်လီဖုန်းကိုစေ့စေ့ပါအောင်ကြည့်ရင်း Zombie များလိုလမ်းလျှောက်နေကြတယ်..
လူငယ်တွေရဲ့ရှေ့မှာ အေးစက်စက်လက်ဘက်ရည်ခွက်တွေအစား အမြှုပ်တွေဝေနေတဲ့ဘီယာတွေရောက်လာတယ်..
စာအုပ်အငှားဆိုင်တွေပိတ်ကုန်တယ်..
မိန်းမပျိုကလေးတွေဟာ ခေါက်ဆွဲပြုတ်တစ်ပန်းကန်နဲ့အတူ မှောင်ရိပ်သမ်းနေတဲ့အခန်းအတွင်းမှာ တယ်လီဖုန်းမျက်နှာပြင်ကို စေ့စေ့ကြည့်ရင်း မိမိကိုယ်ကို အကျဉ်းချထားကြတယ်..
သူငယ်ချင်းတွေဆုံရင် မင်းအခုဘယ်စာအုပ်တွေဖတ်နေလဲ လို့မမေးတော့ပဲ ဂိမ်းဆော့တာLevel ဘယ်လောက်ရောက်နေပြီလဲလို့ မေးကြတယ်..
ကျနော်သာ ငယ်ဘ၀ကို ကလေးတစ်ယောက်ရဲ့ သဘာဝကျကျပျော်ရွှင်မှုနဲ့ မကျော်ဖြတ်ခဲ့ဘူးဘူးဆိုရင် ဒီခေတ်ကိုရင်ဆိုင်ဖို့ကြောက်မိမှာပဲ..
အခုတော့ မွန်းကျပ်လာတိုင်း မျက်လုံးလေးကို အသာမှိတ်လို့ ဟိုးငယ်ငယ်က နေခဲ့ဘူးတဲ့ အိမ်ဘေးနားက ကောက်ယဉ်ပန်းတွေ တသင်းသင်းမွှေးနေတဲ့ တောအုပ်ကလေးဆီ စိတ်ကူးရွက်လွှင့်လိုက်တယ်..
ခလုတ်တွေပဲ ပါတဲ့ နိုကီယာ ဖုန်းအစုတ်ကလေးတစ်လုံးရယ်၊ တစ်မျက်နှာချင်းလှန်ဖတ်ရတဲ့ စာအုပ်အဟောင်းတစ်အုပ်ရယ်..
ကျန်တော့ကို ပြန်ပေးနိုင်မလားဗ