တစ်နေ့မှာ လူတစ်ယောက်ဟာ အလုပ်အဆင်မပြေလို့ စိတ်ဓာက်ကျပြီး ကန်ဘောင်တစ်ခုကို ထွက်လာတယ်။
အလုပ်မှာလည်း ဆက်လုပ်ချင်စိတ်မရှိ ဘာမှ စိတ်မပါတော့သလို ခံစားနေရပြီး စိတ်ပျက်လက်ပျက်တစ်လှမ်းချင်း တစ်ရွေ့ရွေ့လျှောက်လာခဲ့တယ်။
ထိုအခါ အနီးနားမှာရှိတဲ့ ကျောက်တုံးတစ်တုံးကိုမှီပြီး အဝေးကိုငေးကြည့်နေတယ်။သက်ပြင်းတွေ ခဏခဏချလို့ ငိုင်နေမိတယ်။သူနဲ့မလှမ်းမကမ်းမှာရှိတဲ့ တုတ်ကောက်တစ်ချောင်းနဲ့ လေညှင်းခံလမ်းလျှောက်ထွက်နေတဲ့ အဘိုးအိုတစ်ယောက်ဟာ သူ့ကိုကြည့်ပြီး အားမလိုအားမရဖြစ်ကာ ထိုလူနားကိုချဉ်းကပ်သွားခဲ့တယ်။ပြီးတော့ လူငယ်ကိုမေးတယ်။
"ငါ့တူ မင်းကြည့်ရတာ ဘာတွေအဆင်မပြေမူတွေများဖြစ်နေလဲ ငါ့နှယ် အားမရလိုက်တာကွာ "လို့အဘိုးအိုက ပြောလေတယ်။ထိုလူလည်း အဘိုးအိုကို တစ်ချက်ကြည့်ပြီး "ဒီလိုပါပဲဗျာ အလုပ်ကလည်း အဆင်မပြေ ဘာမှကို လုပ်ချင်စိတ်မရှိတော့ဘူး မလုပ်ရင်လည်း မိသားစုက အဆင်မပြေနဲ့ စိတ်ညစ်ပါတယ်ဗျာ "လို့ ငြီးတွားလိုက်တယ်။အဘိုးအိုဟာ တစ်ချက်ပြုံးလိုက်တယ်။ပြီးတော့ "မင်းက လူငယ်ပဲရှိသေးတယ် အဲလိုစိတ်ဓာတ်ကျပြီး လက်မှိုင်ချ အရှုံးပေးနေရင် မင်းအသက်တွေကြီးလာရင် ဘယ်လိုလုပ်မလဲ ငါ့မှာ ကြည့်စမ်း ဒီမှာ "ဆိုပြီး အဘိုးအိုက သူရဲ့ညာဘက်ခြေထောက်ကို လှန်ပြတယ်။
"ငါ့ ခြေထောက်က ငါငယ်ငယ်ကတည်းက မသန်စွမ်းတာ ခြေထောက်မသန်တော့ မင်းတို့လူကောင်းလို သွက်သွက်လက်လက် ဘယ်အလုပ်လုပ်နိုင်ပါ့မလဲ ဒါပေမယ့် ငါလုပ်နိုင်သမျှကို ကြိုးစားပြီး စိတ်ဓာတ်အပြည့်ထည့်လုပ်ခဲ့တယ်။အဲလို ငယ်စဉ်က လုံ့လဝီရိယထားပြီး ကြိုးစားခဲ့လို့ ခုဆို ငါ့မိသားစုစားဝတ်နေရေးအတွက် ပူစရာမလိုတော့ဘူးလေ" လို့ပြောလိုက်တယ်။
လူငယ်လည်း အဘိုးအိုကိုကြည့်ပြီး ဘာဆက်ပြောရမှန်းမသိဖြစ်နေလေတယ်။ထိုအခါ အဘိုးအိုက "ဟော ဟိုမှာ ကြည့်"ဆိုပြီး ကျောက်တုံးအောက်က လိမ် တွန့်ပြီးရုန်းထွက်လာတဲ့ မြက်ပင်လေးကိုပြလိုက်တယ်။
"သူတို့ဟာ မြေအောက်မှာနေလို့ အဆင်မပြေဘူး လေထုနဲ့နေရောင်ခြည်စွမ်းအင်ကိုရယူမှ သူတို့ရှင်သန်နိုင်မယ်,ဒါကြောင့် မာကျောထက်သန်တဲ့ ကျောက်တုံးကိုအန်တုပြီး အပြင်ကိုရအောင်ထွက်လာခဲ့တယ်။မင်းမှာ အဲလိုစိတ်ဓာတ်ကျ အရှုံးပေးနေဖို့ အချိန်မရှိဘူးကွ တစ်ခုနဲ့အဆင်မပြေ နောက်တစ်ခု ထပ်လုပ်ကြည့်ရမှာပဲလေ" ဆိုပြီး အဘိုးအိုဟာ ကရုဏာသက်စွာ ပြောလေတယ်။
လူငယ်လည်း အဘိုးအိုပြောတဲ့ ကျောက်တုံးအောက်က မြက်ပင်လေးကိုငေးကြည့်နေတယ်။ကြည့်ပြီး အဘိုးအိုကို တစ်ချက်ပြန်ကြည့်လိုက်တယ်။မျက်နှာလည်း နည်းနည်းလန်းလာတယ်။
"ဘယ်နှယ်လဲ ငါ့တူ ခု မင်းလုပ်နိုင်တာတွေ မလုပ်နိုင်တော့ဘူး ငါလည်း ငယ်စဉ်က တစ်ခါတစ်ခါလစ်ဟင်းသွားတဲ့ အချိန်တွေကို နှမျောတမ်းတ နောင်တရနေမိတယ် ဟိုးမှာ တွေ့လား "ဆိုပြီး လူသွားကတ္တရာလမ်းပေါ်က ထိုးထွက်နေတဲ့ သစ်ပင်ငယ်လေးကို ထပ်ပြတယ်။
" အဲဒီသစ်ပင်လေးကို မင်းချေဖြတ်နိုင်တယ်,ဆွဲနုတ်နိုင်တယ်,အလွယ်တကူ သူ့ဘဝသေသွားနိုင်တယ် ဒါပေမယ့် အဲဒီအပင်လေးဟာ အရင်က အစေ့ဘဝပျော့ပျော့လေး သူ့ရဲ့သစ်ရွက်လေးတွေလည်း နူးညံ့တာပဲ ဒါပေမယ့် သူ့မှာ မင်းလိုပျော့ညံ့တဲ့ စိတ်ဓာတ်မရှိဘူး။ သူ့ဘဝရှင်သန်ဖို့အတွက် မာကျောတဲ့ ကတ္တရာတွေကို ထိုးဖောက်ပြီး ကောင်းကင်ကကျရောက်လာတဲ့ နေရောင်ခြည်ဓာတ်ကို ကောင်းကောင်းကြီး ခံစားနေတယ်။ဒါတွေက ငါတို့အတုယူစရာတွေ မင်းမှာကိုယ်စွမ်းကိုယ်စ ရှိပါတယ်။အဲလိုကြီး စိတ်ဓာက်ကျပြီး လောကကြီးကို လက်မြှောက်အရှုံးမပေးပါနဲ့။မင်းနောက်မှာ မင်းကိုအားကိုးပြီး မှီတွယ်နေတဲ့ လူတွေ မိသားစုတွေရှိတယ်လေ "ဆိုပြီး အဘိုးအိုဟာ လူငယ်ရဲ့မျက်နှာကို တစ်ချက်အကဲခတ်ပြီး စကားကိုရပ်လိုက်တယ်။
ထိုအချိန်မှာ လူငယ်ဟာ အဘိုးအိုကိုကြည်သာရွှင်ပျသောမျက်နှာနှင့် ကျေးဇူးတင်စကားဆိုကာ တက်ကြွသောခြေလှမ်းတွေကို စတင်လိုက်တော့တယ်။အဘိုးအိုကတော့ လူငယ်ရဲ့ကျောပြင်ကို ကြည့်ပြီး ခေါင်းတစ်ဆတ်ဆတ် ညိမ့်နေလေတယ်။
ဟုတ်ပါတယ်
တကယ်တော့ လူ့ဘဝဆိုတာ လက်မှိုင်ချ မှိုင်တွေနေဖို့အချိန်မရှိပါဘူး။အချိန်ရှိခိုက် လုံ့လစိုက် ဆိုသလို အားမာန်တွေပြည့်နေဖို့ လိုပါတယ်။မဖြစ်သေးတဲ့ အရာတွေအတွက် မဖြစ်နိုင်တော့ပါဘူးလို့ ဆုံးဖြတ်စောရင် ပို၍ဝေးသွားပါလိမ့်မယ်။အဆင်မပြေမူရှိတိုင်း စိတ်ဓာတ်ကျနေမယ်ဆိုရင် ကျွန်တော်တို့တွေ လူ့လောကရဲ့အရသာဆိုတာ ဘာလဲလို့ လိုက်မေးရတဲ့ဘဝကို ရောက်သွားကြပါလိမ့်မယ်။
အရှုံးမပေးပါနဲ့ ပြုံးပြုံးလေးသာ ရှေ့ဆက်ကြစို့