နေပြည်တော် ကျောက်စိမ်းမြို့တော်ဟိုတယ်ရှိ
တရားမ၀င်အနှိပ်ခန်းနှင့် ကာရာအိုကေကို ဖမ်းဆီး
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ကျောက်စိမ်းမြို့တော်ဟိုတယ်(Jade City Hotel)ရှိ တရားမ၀င်အနှိပ်ခန်း၊ ကာရာအိုကေနှင့် လိုင်စင်မဲ့အရက်ဘီယာရောင်းချခြင်းကို သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃ ရက် ည ၁၁နာရီကျော်က ဥတ္တရသီရိမြို့နယ်၊ ဟိုတယ်ဇုန် ၂ ရှိ ကျောက်စိမ်းမြို့တော်ဟိုတယ်(Jade City Hotel)တွင် တရားမ၀င်အနှိပ်ခန်း၊ ကာရာအိုကေနှင့် လိုင်စင်မဲ့ အရက်ဘီယာရောင်းချခြင်းတို့ပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဝင်ရောက်ဖမ်းဆီးရာတွင် ကျောက်စိမ်းမြို့တော်ဟိုတယ်(Jade City Hotel)မန်နေဂျာ ထွန်းထွန်းဝင်း(၃၁ နှစ်) နှင့်အတူ ကာရာအိုကေ တွင်လုပ်ကိုင်သူ အမျိုးသမီး ၇ ဦး၊ အနှိပ်သမ ၈ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး လိုင်စင်မဲ့ အရက်၊ ဘီယာများ၊ ကာရာအိုကေနှင့် ပတ်သက်ဆက်စပ်သည့် ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ယခုအခါ တရားမ၀င်အနှိပ်ခန်း ဖွင့်လှစ်မှုနှင့် ပတ်သက်၍ မန်နေဂျာ ထွန်းထွန်းဝင်းနှင့် တရားမ၀င် ကာရာအိုကေနှင့် အနှိပ်ခန်းတွင် လုပ်ကိုင်သူအမျိုးသမီး ၁၅ ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့်လည်းကောင်း၊ သိမ်းဆည်းရမိသော အရက်၊ ဘီယာများကို ဘုရားကုန်းရဲစခန်းက (ပ)၃၁၉/၂၀၁၇ ယစ်မျိုးဥပဒေ ၃၀(ခ)အရလည်းကောင်း၊ ကာရာအိုကေနှင့် ပတ်သက်ဆက်စပ်သည့် ပစ္စည်းများကို (ပ)၃၂၀/၂၀၁၇ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ၃၂ (က)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထွန်း(နေပြည်တော်)
news watch