-မဟာသမယသုတ်
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။
ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-
''ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။ ငါတို့သည်လည်းမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာတစ်ပုဒ်စီ ရွတ်ဆိုရမူကောင်းလေစွ''ဟု (အကြံဖြစ်၏)။
ထိုအခါ ထိုဗြဟ္မာ (လေးဦး) တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျ်ားသည်ကွေးသောလက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်းဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။ ထို့နောက် ထိုဗြဟ္မာ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ရပ်ပြီးလျှင် တစ်ဦးသောဗြဟ္မာသည် မြတ်စွာ ဘုရား၏အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာကြသဖြင့် အစည်းအဝေး ကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွန်ုပ်တို့သည် (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော် ကိုဖူးမြော်ခြင်းငှါ ဤတရားသဘင် အစည်းအဝေးသို့ လာရောက် ပါကုန်၏''ဟု (ရွတ်ဆို၏)။
ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) ထို (အစည်းအဝေး) ၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျှက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်းသည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ့ (ရဟန်း) တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူကြပါကုန်၏''ဟု (ရွတ်ဆို၏)။
ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်းစင်ကြယ်သော ထိုရဟန္တာငယ်တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့်တံခါး ကျည်မင်းတုပ်ကို ဖြတ်ပြီးလျှင် (ရာဂ ဒေါသ မောဟတည်းဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည်သွားလာနေကြကုန်၏''ဟု (ရွတ်ဆို၏)
ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-
''(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ် ဘုံသို့မရောက်ကြပါကုန်လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန် လတ္တံ့''ဟု (ရွတ် ဆို၏)။