Poem
ဂျင်နီ သင့်ရဲ့လက်နှိပ်ဓာတ်မီးကို ပိတ်လိုက်ပါတော့
ရေဆိုးမြောင်းထဲမှာ သံချေးတက်နေတဲ့ ငါးတွေကူးခတ်နေကြ တလူပ်လူပ်....
မျက်ကန်းဖားတစ်ကောင်ကတော့
ခုန်ဆွခုန်ဆွ ပြီးတော့ခုန်ဆွ နောက်ခုန်ဆွနဲ့လမ်းမပေါ် အိမ်မပြန်တတ်တော့တဲ့ မော်တော်ကားတွေ
ကတ္တရာလမ်းမပေါ် မျက်စိလည်နေကြ...
ရုပ်ရှင်ရုံတွေမှာ "UFO တွေရောက်လာပြီ" ဆိုတဲ့ဇာတ်ကားပြနေ လူတွေကြိတ်ကြိတ်တိုးလို့....။
ဗျိုး...ဂျင်နီ
ကင်မရာရှေ့မှာ လူကြမ်းတွေမှောက်မှောက်လဲသွားအောင် ဘာဖြစ်လို့ခဏခဏ ဖန်ဆင်းရတာလဲ..
အစာရှာသူခွေးမကြီးကို လော်လီကားကြီးတစ်စင်း အရှိန်ပြင်းပြင်း
ဝင်ကြိတ်သွား သွေးတွေအိုင်ထွန်းပွက်ကျ ၊ အဲ့သွေးတွေကို ခွေးကလေးတွေ လျှက်နေကြရဲ့..
အရက်ပြတင်းတွေ တစ်ပြိုင်ထဲပွင့်လာ၊ လူတွေဒရွတိဆွဲကြလို့..
အရက်ခိုး ၊ ချွေးနံ့ဟောင်ဟောင် ၊
ချေးညှော်အထပ်ထပ် ၊ မလတ်မဆတ် အသားတုံးတွေ ၊ နှမ်းဖတ်ချဉ် ၊
အဆင်မပြေမူ့နဲ့ ၊ သင်တုန်းဓားတစ်လက်..။
ဗျို့....ဂျင်နီ
ယာဉ်ထိန်းရဲတွေကို ဝီစီသံစူးစူးမြည်အောင် ဘာဖြစ်လို့ ခဏခဏ ဖန်ဆင်းရတာလဲ..
ထပ်ခိုးပေါ်မှာ ခိုတွေညည်းနေကြ
ပေါက်ပြဲနေတဲ့ ဝိုင်ယာတွေက လူပ်လိုက်တိုင်း မီးပွားတွေလွင့်ကျလို့..
ဆောက်လက်စတိုက်ရဲ့ ပဉ္စမမျောက်အထပ်က အုတ်ခဲတစ်လုံးပြုတ်ကျလာ လေထဲမှာ ရပ်တန့်သွား...
ဗျို့....ဂျင်နီ
ကြွက်ထောင်ချောက်ထဲမှာ အသားတုံးကြီးကြီးတွေကို ဘာဖြစ်လို့ ခဏခဏ တပ်ဆင်ရတာလဲ။
နာရီစင်တွေက မြို့ကြီးကို တုန့်ခနဲ
ရပ်တန့်မသွားအောင်ကာကွယ်နေကြ..
သူတောင်းစားတစ်ယောက်က သူ့လက်ဖဝါးကို ဖြန်ပြလို့ (အင်္ဂါမစုံ)
ဒီကနေ့ရရှိတဲ့အဖြေတွေဟာ မနက်ဖြန်မှာ မေးခွန်းတွေဖြစ်သွားအုံးမှာပဲတဲ့..ဝှက်ဖဲတစ်ချပ်က " ကျွန်တော်ဒီမှာဗျ " လို့ထအော်နေ..
" ဝံပလွေများသာ" တဲ့ ကဖေးဆိုင်ဆီက ညှော်နံ့တွေရပေါ့..။
ဗျို့ .. ဂျင်နီ
မအောင်မြင်သေးတဲ့ ကဗျာဆရာတစ်ယောက်အတွက် ဘာဖြစ်လို့ ကာရန်ခဏခဏ ဝှက်ထားရတာလဲ ။
အသံထွက် ဒါဏ်ရာတစ်ခု အခန်းနံပါတ် (၉၆)မှာတည်းခိုနေ..
ကမ္ဘာဦးသားကောင်တွေ ခေါင်းခြင်းဆိုင်ကာ အကြီးအကျယ်တွေးခေါ်နေကြ...
ကောင်းကင်ဘုံက ရိုက်လိုက်တဲ့ သံကြိုးစာ ကမ္ဘာမြေပေါ်မှာပျောက်ဆုံးသွား (လိပ်စာမှားလို့ဆိုပဲ)
သင်တုန်းဓားထဲမှာ သံသယတွေမပါပါစေနဲ့ ..။
ဗျို့ ..ဂျင်နီ
သင့်ရဲ့မုတ်ဆိတ်မွှေးတွေကို ဆံသဆရာမမြင်အောင် ဘာဖြစ်လို့ ခဏခဏ ဝှက်ထားရတာလဲ။
နံရိုးတစ်ချောင်းမပါသူက စွတ်ပြုတ်ပူပူတစ်ပွဲကို လိုက်ရှာနေ..
သားသတ်ရုံထဲမှာ ဦးခေါင်းမပါတဲ့ နွားကြီး လှည့်ပတ်ပြေးနေ ..
သံလိုက်တုံးတစ်တုံးက ပင်အပ် ၊
ဘလိပ်ဓား ၊ သံမို ၊ သံတိုသံစတွေကိုဆွဲငင်လို့...
ဗျို့...ဂျင်နီ
ဘာဖြစ်လို့ ကောင်းကင်ကို အပေါက်တွေ ထွင်းမထားတာလဲ ။
သစ်သီးတွေ ၊ ပြီးတော့ ဘယာကြော် ၊ နောက် ပေါင်မုန့် ၊လက်ဖက်ရည်နဲ့ ၊ကောင်းကင်ဘုံ တစ်ဆိပ်ဘီယာ ကြွပ်နေအောင်ကြော်ထားတဲ့ ကြက်တောင်ပံ...
ဆာလောင်မူ့က ကိုယ်ရောင်ကိုယ်ဝါတောက်ပလို့..
ဗျို့.....ဂျင်နီ
သင့်ရဲ့ လက်နှိပ်ဓာတ်မီးကို ပိတ်လိုက်ပါတော့ ။
Photo credit google
SMT-1
aungmyomindin
Thank