ခင်ဗျားဟာ ရန်သူမဟုတ်ခဲ့ပါပဲ
ဒီတိုက်ပွဲက ဘာလို့ ချိုမြိန်ခဲ့ပါသလဲ မရွှေစင်။
အဲ့ဒီ့ ကုန်းမော့မော့ကတက်ရင်
အဲ့ဒီ့ ကွန်ဗို့ ကို အရင်ကမတွေ့ရဘူး
လှေကားထိပ်မှာ ခဏနား
လွင့်လာတဲ့ ခရေရနံ့ကို တစ်ချက်ရှိုက်
ဘယ်သိုက်ကဘယ်လိုထွက်လာမှန်းမသိတဲ့
သူယောင်မယ်တွေကို အမောပြေငေး....
ခင်ဗျားဆံနွယ်တွေ လေထဲပြေးနေရော့မယ်။
ကဗျာစာအုပ်ရောင်းတုန်းက
ခေါင်းတွေရမ်းပြီး ငြင်းခဲ့သလိုမျိုး
ခင်ဗျား ဟာ
ဒီအချစ်တွေကို ပြင်းပြင်းထန်ထန်ငြင်းခဲ့
ဘာနိမိတ်မှ မပြပဲ ရောက်လာတဲ့
မှော်ဝင်နတ်သမီးဟာ ခင်ဗျား ပဲ ဆိုရင်
အဲ့ဒီ့ မျက်စောင်းတွေ ရီရော့မယ်။
ကဗျာနဲ့ချစ်ခြင်းကလွဲပြီး
ဘာမှ မကြွယ်ဝကြောင်း
ခင်ဗျားကို ပြောဖြစ်ရင်သိပ်ကောင်းမှာ....
သိပ်ကောင်းခဲ့မှာပါ မရွှေစင်
ခုတော့
လေထဲ တဲဆောက်သလို
နဲနဲလောက်ဖြစ်ဖြစ် ချစ်ပါ လို့
ရေတမာတန်းအလွန် မှာ
တစ်ယောက်တည်း အော်မိသူရယ်...။
ဒီညနေ
ခင်ဗျား ဘကံထိုင်မယ်လား မရွှေစင်
ဒါမှမဟုတ်
ကန်တင်းန် မှာ ဆုံကြမလား
ရီရတယ်ဗျ
တစ်ယောက်တည်းရင်ခုန်ပြီး
တစ်ယောက်တည်းမျှော်လင့်
ပြီးတော့
တစ်ယောက်တည်းပဲ ကြိတ်ပြုံးမိတယ်
သစ်ဆုံ....ဟာ
တစ်ခါတစ်ခါ
ကန္တာရထဲ ရောက်နေသလိုမျိုးဗျ သိလား။
ညနေဆို
ခင်ဗျား အဆောင်ထဲ ပြန်ဝင်တော့မယ်
အဲ့ဒီ့အချိန်မှာပဲ
ကျွန်တော် ဂစ်တာကြိုးကို စ,ညှိ တယ်
ခင်ဗျား ဘာသီချင်းကြိုက်သလဲ
မေးခွင့်မကြုံတဲ့ ဘဝမှာ
သံစကာပေါက်ကငေး
ငွေတောင်နဲ့နဝင်းဘေးမှာတင် သန်းခေါင်နီးခဲ့
ည တွေ ကို
ကိုယ်တိုင် ဖျက်ဆီးရက်ခဲ့တယ်။
အချစ် ဆိုတာ
ကမ္ဘာမှာ အပြစ်အကင်းဆုံးစကားပါ မရွှေစင်
ချစ်တယ် ဆိုတာကလဲ
ဒီဘဒ္ဒ မှာ မုသားအကင်းဆုံးစကားပါပဲ
ခင်ဗျားခေါင်းတစ်ချက် အရမ်းမှာ
မျက်ကန်းလို့ ကိုယ့်ကိုယ်ကို တံဆိပ်မတပ်ရက်ဘူး
ဆုပ်လည်းစူးမယ့် အဖြစ်မဟုတ်လား...။
ကျေးဇူးပြုပြီး
ဒီညနေ ထွက်ခဲ့ပါ မရွှေစင်
ခင်ဗျား ဆံပင်ရှည်က လွင့်လာမယ့် ရနံ့ဟာ
ဟော့ဒီ့ ကမ္ဘာကို သိမ်းပိုက်ထားတယ်ဆိုတာမျိုး
ခင်ဗျား အပြုံးတွေဟာ
ဒီကမ္ဘာကို ဦးညွတ်သွားစေနိုင်တယ်ဆိုတာမျိုး
တစ်ခုခုပေါ့
ကျွန်တော် ပြောခွင့်ရပါရစေ....။။။။။