2007 ခုနှစ်မှာ ဇီးပင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်
သို့ ကျွန်တော်သင်တန်းတက်ရသည်။ အထက်
မြန်မာပြည် အစိုးရရုံး၊ အလုပ်ဌာနများမှ ဝန်ထမ်း
များတက်ရောက်ရသည်။ ကျွန်တော် က စာရေး
ဆိုတော့ကာ အောက်ဆုံး သင်တန်းဖြစ်သည့်
ဗလ သင်တန်းသို့တက်ရသည်။ ဇီးပင်ကြီးသည်
ပြင်ဦးလွင် သွားသည့်လမ်းဘေးတွင်ရှိသည်။
ကျွန်တော် သင်တန်း စတက်ရသည်မှာ
အောက်တိုဘာလတွင် စတက်ရသည်။
အောက်တိုဘာသည် မိုးရာသီအကုန်ဖြစ်သည်။
ဇီးပင်ကြီးသို့ ဆန်နီကားလေးဖြင့် သွားကြသည်။
အိမ်မှ အစ်မနှင့် နှမရယ် တစ်ဝမ်းညီက ကား
မောင်း၍ လိုက်ပို့ပေးသည်။ စနေနေ့ မနက်
၈ နာရီခန့် အိမ်မှထွက်ကြသည်။ ကားရှေ့တွင်
အစ်မနှင့် ကားမောင်းသူ ထိုင်ကြသည်။
ကားနောက် တွင် သံသေတ္တာတစ်လုံးရယ်၊
ကျွန်တော်ရယ်၊ လိုက်ပို့သူ နှမရယ် ထိုင်ကြသည်။
အစ်မနှင့် နှမက ဇီးပင်ကြီးရောက်ဖူးချင်၊ ကြည့်ချင်သည်ဆို၍ လိုက်လာကြသည်။
မနက်အိမ်မှ ထွက်လာစဉ်က ရာသီဥတုက
သာယာသည်။ တောင်ပေါ်လမ်း စတက်သည့်
အချိန်မှာတော့ မိုးရိပ်များဖြစ်ပေါ်လာသည်။
တောင်ပေါ် ခရီးအတော်ရောက်သည့်အခါတွင်
တော့ မိုးများသည်းပါတော့သည်။ ဆန်နီကားက
အမိုးဖွင့်ဖြစ်၍ နောက်ထိုင်သူ ကျွန်တော်တို့နှစ်ဦး
မှာ ထီးတစ်ချောင်းဖြင့် အလုပ်ရှုပ်ပါတော့သည်။
တောင်ပေါ်မိုးက ၈ မိနစ်ခန့်ရွာပြီး တိတ်သွား၍
တော်သေးသည်။ ၈မိနစ်မိုးသည် ကျွန်တော်တို့အား
အတော်စိုသွားစေသည်။
ဇီးပင်ကြီးသင်တန်းရောက်သည့်အခါမှာ မိုးစဲ
သွားသည်။ သင်တန်းကျောင်းရောက်သည့်အခါ
သတင်းပေးပို့၍ ကိုယ့်နေရမည့် အဆောင်သို့
သွားရောက်ရသည်။ အဆောင်ရောက်သည့်အခါ
ကိုယ့်ကုတင်နေရာတွင် ကားပေါ်မှ သံသေတ္တာ
ချ၍ နေရာယူသည်။ အစ်မ၊ ညီ နှင့် နှမတို့သည်
ပစ္စည်းများ နေရာချပေးပြီး ပြန်ကြသည်။
သူတို့ကားလေး ပြန်ထွက်သွားသည်ကို ကြည့်ရင်း
ရင်ထဲမှာ ဟာတာတာနှင့်ကျန်ခဲ့သည်။
နောက်နေ့ တနင်္ဂနွေနေ့ တွင်တော့ ကျွန်တော်တို့
သင်တန်းသားများသည် ဇီးပင်ကြီးသင်တန်း
ဆေးခန်းမှာ ဆေးထပ်စစ်ရသည်။ ဇီးပင်ကြီး
မသွားခင် ကိုယ့်ဌာန မီးရထားဆေးခန်းမှာလဲ
ဆေးစစ်ခဲ့ပြီးဖြစ်သည်။ ဆေးစစ်ပြီး ယူနီဖောင်းများ
ဖိနပ်များထုတ်ရန် ဂိုဒေါင်များသို့သွားကာ
ကိုယ်နှင့်တော်မည့် ဆိုဒ်များကိုရွေးရသည်။
တနင်္ဂနွေနေ့ တစ်နေ့လုံးသည် ဆေးစစ်၊ ယူနီဖောင်း
ရွေး၊ ဖိနပ်ရွေးနဲ့ တစ်နေ့ကုန်သွားသည်။
ညနေတွင် သင်တန်းဆရာများမှာ သင်တန်းတွင်
မည်သို့ပြုမူနေထိုင်ရမည်အကြောင်းပြောပြကြ
သည်။ ”ကစ်” ဆိုသည့်အရာလေးကိုလည်း
ပိုက်ဆံပေး၍ ဝယ်ခဲ့ရသည်။
ကစ် ဆိုသည့်ဟာလေးက ခြင်ထောင်နှင့်စောင်ကို
သူတို့ပုံစံပေးထားတဲ့ အတိုင်းခေါက်ထားသည့်
စောင်ခြင်ထောင်အခေါက်လေးဖြစ်သည်။
ထိုအရာလေးကို ငွေပေး ခဏဝယ်ကာ
အသာအယာမလျှက် ကိုယ့်သံသေတ္တာပေါ်သို့
ပုံစံမပျက်စေပဲ တင်ထားရသည်။ ညအိပ်ယာ
ဝင်သည့်အခါ ကိုယ်ပါလာသည့် စောင်၊ ခြင်ထောင်များကိုထုတ်၍ အိပ်သည်။ မနက် ၅နာရီထိုးသည့်အခါ ကိုယ့် ခြင်ထောင်နှင့် စောင်များကို လုံးထွေး၍
သံသေတ္တာအတွင်းထိုထည့်ကာ ဝယ်ထားသည့်
”ကစ်” ဆိုသည့်ဟာလေးကို အသာ မ ကာ
ခြေရင်းတွင်ထားရသည်။ အိပ်ယာခင်းကို ဆန့်
အောင်၊ ပြန့်အောင် ပြုပြင်ပြီး အိမ်သာဦးရသည်။
တီရှပ်အဖြူ၊ ဘောင်ဘီနှင့် ကင်းဗတ်အဖြူစီး၍
ပီတီ လေ့ကျင့်ခန်းပြုလုပ်ရသည်။ မနက်စာ စားပြီး ယူနီဖောင်းအပြာလဲ၍ လည်ရှည်စစ်ဘွတ်ဖိနပ်
ပြောင်းစီးရသည်။ ထိုသို့ ဝတ်ဆင်ပြီး စစ်ရေးပြ
ကွင်းသွားကာ စစ်ရေးပြလေ့ကျင့်ရသည်။
စစ်ရေးပြပြုလုပ်ပြီး စာသင်ခန်းများသို့ ဆက်လက်
ချီတက်ကာ စာသင်ရသည်။ နေ့လည် အဆောင်
ရှိရာသို့ ပြန်လာကာ ထမင်းစားသည်။ ထမင်းစားပြီးတဖန် စာသင်ခန်းများသို့ နေ့လည် စာပြန်သင်ရ
သည်။ ထမင်းစားသည့်အခါ ပုံစံခွက်များဖြင့်
စားရသည်။ ဇီးပင်ကြီးရဲ့ ပဲဟင်းက အတော်စား
ကောင်းသည်။ စားပြီးသည့် ပုံစံခွက်များကို
ဆေးကြောခြင်းမပြုရပါ။ ခွက်များကို ဒီအတိုင်း
ထားခဲ့ရသည်။
ညနေ စာသင်ပြီးပါက ”ဖက်ထိပ်” ဆိုသည့်ဟာကြီးကို လုပ်ရသည်။ ”ဖက်ထိပ်” ဆိုသည်မှာ အဆောင်
ပတ်ဝန်းကျင်နှင့်ကျောင်းပတ်ဝန်းကျင်ရှိ ခြုံနွယ်မြက်များကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရခြင်းဖြစ်
သည်။ ဖက်ထိပ်သည် တစ်ပတ် ၃ကြိမ် ၄ကြိမ်ခန့်
ပြုလုပ်ရသည်။ မိုးရာသီအကုန်မို့ထင်သည်
ပေါလိုက်သည့် မြက်နှင့် ခြုံပုတ်တွေ တစ်လ
လောက် ဖက်ထိပ်လုပ်ပါမှ အနည်းငယ်ရှင်းလင်းသွားသည်။ ည ၈နာရီမှ ၉နာရီထိစာကျက်ရသည်။
၉နာရီကျော်မှ အိပ်ယာဝင်ကြသည်။
အော် မေ့နေလို့ဗျို့ ဖက်ထိပ် လုပ်ဖို့ ပေါက်ပြား၊
ဂေါ်ပြားနဲ့ ခြင်းတောင်းတွေဝယ်ဖို့ ပိုက်ဆံပေးရ
သည်။ ဝယ်သည်ဆို၍ အသစ်များမှတ်သည်။
ပေါက်ပြား ဂေါ်ပြားများက အဟေါင်းများသာ
ဖြစ်ပေတော့သည်။ အောက်တိုဘာ၊ နိုဝင်ဘာ၊
ဒီဇင်ဘာလ စုစုပေါင်းသင်တန်းက ၃လကျော်
တက်ခဲ့ရသည်။ အဆောင်နှင့် စာသင်ခန်းသို့
ချီတက်ရာ လမ်းတလျှောက် စိုက်ထားသည့်ပန်း
များက အရောင်စုံ၍ လှပသည်။ srv ဟုခေါ်သည့်
ခရီးတိုလဲထွက်ရသည်။ ထိုသို့သွားရာတွင် စစ်သားများကဲ့သို့ ရေဗူး၊ ထမင်ဗူးများကို ခါးတွင်ချိတ်၍
ရိုင်ဖယ်သေနတ်အဟောင်းကြီးကို ပုခုံးပေါ်ထမ်း
သွားရသည်။ သေနတ်ပစ်ကွင်းတွင် သေနတ်အစစ်
ကျည်ဆံ အစစ်ဖြင့် ၁၅ချက်ပစ်ရသည်။
တစ်လပြည့်သည့်အခါ အိမ်သို့ပြန်ခွင့်ရသည်။
စနေ၊ တနင်္ဂနွေ အပတ်တိုင်း ကျွန်တော် အိမ်ပြန်
ပါသည်။ သင်တန်းမှ ကားတန်းဖြင့်လိုက်ပို့သည်။
ပြန်မည့်သူများက တစ်ပတ်ကြိုတင်စာရင်း
ပေးရသည်။ သောကြာနေ့ ညနေ ၄နာရီ ကားတန်း
ဖြင့် ဇီးပင်ကြီးမှထွက်သည်။ ဆင်ဖြူကန်ကားကွင်းသို့ ၅နာရီရောက်ရှိသည်။ တနင်္ဂနွေနေ့ ညနေ
၃နာရီခွဲအရောက် ဆင်ဖြူကန်ကွင်းအရောက်
သွားရသည်။ ထို့မှ ဇီးပင်ကြီးသို့ ကားတန်းဖြင့်
တဖန်ပြန်ကြသည်။ အပတ်စဉ် ပြန်ရင်းဖြင့်
၃လကျော်သင်တန်းက ပြီးဆုံးခဲ့သည်။
ဒီဇင်ဘာ ဆောင်းနှင်းမြူတွေကြား လွမ်းစရာ၊
ပမ်းစရာ သတိရစွာဖြင့် ဇီးပင်ကြီးဗဟိုသင်တန်း
ကျောင်းတော်ကြီး တက်ရောက်ခဲ့မှုကို
ရေးသားတင်ပြလိုက်ရပါသည်။