(ပထမပိုင်း ဖတ်ရန်....)
https://steemit.com/myanmar/@htwegyi/ngetay-wng-ymka
”ထန်းရည်ချိုလောက်တော့ မကောင်းဘူးကွ
ချဉ်စုပ်စုပ်ကြီးကွနော်”
”ဟာ..မင်းကလဲ ဒါအရသာလို့ ကိုတင်ဖေကြီး
ပြောသံကြားဖူးတယ်ကွ”
”ပစ်...ထွီ....”
ပြောပြောဆိုဆို သကောင့်သားက လူကြီးများ
ထန်းရည် သောက်ပြီး တံတွေးထွေးသလို
ထွေးလိုက်သည်။ တစ်ယောက် တစ်လှည့်
ရှုံ့ကာမဲ့ကာဖြင့် အုန်းမှုတ်ခွက်လေးဖြင့်
မော့သောက်လိုက်ကြတာ ထန်းရည်တစ်ပုလင်း
ခဏနှင့် ကုန်သွားသည်။ ပုလင်းနှင့် အုန်းမှုတ်ခွက်အား လူကြီးများထားသလို ထန်းရည် ရောင်းသူများ
ပြန်လာရာ လမ်းရှိ မြက်ချုံပုတ်တွင် ထိုးထည့်
ထားလိုက်ကြသည်။
တစ်နေ့သ၌ အဖေသည်နေမကောင်းဖြစ်သည်။
”ငထွေး အဖေ့ကို တစ်ပိုင်းလောက်ဝယ်ပေးစမ်းပါ
အဖေ့တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲ နေလို့
အိတ်ကပ်ထဲက ပိုက်ဆံယူသွား မုန့်ဖိုးလဲယူလိုက်
ကားလမ်းလဲ သေချာကြည့်ကူးအုံးနော်”
ငထွေး အဖေ့စကားဆုံးသည့်နှင့် တစ်ပြိုင်နက်
မြင်းဇောင်းက မြင်းလွှတ်လိုက်သည့်နှယ် အိတ်ကပ်ထဲပိုက်ဆံယူ၍ပြေးလေသည်။ အစိုးရစားဖျော်ဋ္ဌာနမှရောင်းသည့် အရက်ဖြူဆိုင်
သည် အိမ်နှင့်
ငါးပြခန့်ဝေးသည်။ အရက်ဆိုင်ကို အပြင်မှသာ
မြင်ဘူးသည် အတွင်းတစ်ခါမျှမဝင်ဘူး၍
ဝင်ကြည့်ချင်မိသည်။အရက်ဆိုင်ရောက်လျှင်
”ဦးလေး ဘီအီးတစ်ပိုင်းပေးပါ”
”ဟေ..ခွေးသူတောင်းစားတွေနဲ့ ကလေးတွေကို
ဝယ်ခိုင်းပြန်ပါပြီ..ကျွတ်”
”ဟို..ဦးလေး အဖေ့က နေမကောင်းလို့ပါ
ဒီတစ်ခါပဲ ဝယ်ခိုင်းတာပါ ဗျာ”
”ဟုတ်ပါပြီဗျာ ကဲ့ရော့ ကိုယ်တော်
မြန်မြန်ကြွ”
ငထွေးစိတ်ထဲ၌ ဒီဘိုးတော် ဘာမှမသိဘဲနဲ့
အဖေ့ကို ဘလိုင်းကြီးဆဲနေတာ။ အဖေ့က
သူကိုယ်တိုင် ဆိုင်သွားသောက်သည်။ တစ်ခါမျှ
ငထွေးတို့ကို မခိုင်းပါ။ ယခုလဲ မလွှဲသာလို့
ဝယ်ခိုင်းတာဖြစ်သည်။
နောက် ငထွေး ၇တန်း ၈တန်းလောက်မှာ ဘီယာနှင့်
စတင်မိတ်ဆက်မိပါသည်။ မန္တလေးကျုံးမြို့ရိုး
အနောက်တောင်ထောင့်၌ ရေပေါ်အပန်းဖြေစခန်း၊
ရေပေါ်ဥယျာဉ်ဟုလည်းခေါ်ဆိုသည်။အဆိုပါ
ဥယျာဉ်ပေါ်တွင် ကာရာအိုကေနှင့် စည်ဘီယာ
အရောင်းဆိုင်ရှိသည်။ တစ်ခေတ်တစ်ခါက တိုင်းမှူး
ဦးထွန်းကြည် လက်ထက်ရေပေါ်ဥယျာဉ်သည်
အပန်းဖြေသူ ဘီယာသောက်သူများဖြင့် အင်မတန်
စည်ကားခဲ့ပါသည်။
အဖေနှင့် အစ်ကိုကြီးတို့သည် ရေပေါ်ဥယျာဉ်မှ
စည်ဘီယာများကို ကြွတ်ကြွတ်အိတ်အမဲကြီးထဲ
ထည့်၍ ဝယ်လာကြပါသည်။ဘီယာများကို
ဇလုံထဲထည့်၍ မောင်နှမများကိုခေါ်လေသည်။
”ကိုင်း...လာကြ စည်ဘီယာအေးတုန်း
လာသောက်ကြ”
ဆီးကောင်းတယ် ဆီးရွှင်တယ်ပြောကာ
မောင်နှမတစ်သိုက် တစ်ယောက်တစ်ခွက်
မော့ကြလေသည်။အငယ်ဆုံးမလေးက
ဆီးအမြဲအောင့်သဖြင့်အငယ်မကို ပိုသောက်
စေသည်။
”အင့်..အဖေ ဟာကြီးက ခါးလိုက်တာ
တော်ပြီ သောက်ချင်ဘူး”
”ဟုတ်မှ လုပ်ပါ အဖေကြီးရယ်..
တော့် ..ဟာက.. ခါးသတဲ့
မသောက်ချင်လဲ မသောက်နဲ့ သမီး”
အမေပြော၍ ကျန်ရှိသော ဘီယာများကို
အဖေနှင့် အစ်ကိုကြီးသာ အကုန်ရှင်းလင်း
သောက်လိုက်သည်။ ငထွေးလဲသောက်နိုင်ဘူး
ခါးသဗျ။ ဒါတောင်အေးလို့တဲ့ အေးများမအေးရင်
လွတ်ခါးလိုက်မည်ဖြစ်ခြင်း။ထန်းရည် နှင့်
ဘီယာကို ငထွေးက အဲ့သလိုမိတ်ဆက်ခဲ့ပါသည်။
အရက်နှင့်ပတ်သက်၍ ချမ်းသာသောနိုင်ငံများက
အရက်ကို ဒီဇိုင်းအဆန်းထွင်ကာရောင်းချကြသည်။
အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုက အရက်ကို
ရေခဲမုန့်ပြုလုပ်၍ရောင်းချသည်။ အဆိုပါရေခဲမုန့်
ကို လတ်ဆတ်သည့်သစ်သီးဝလံနှင့် အရက်
အကောင်းစားများဖြင့်ပြုလုပ်ထားသည်။ အဆိုပါ
ရေခဲမုန့်တစ်ခုစားယုံဖြင့် မူးမည်ဖြစ်ကြောင်း
သုတစွယ်စုံမှာဖတ်လိုက်ရသည်။
သေရည် သေရက်ကတော့ ပေါင်းဖက်မိရင်
စီးပွားပျက်တတ်ပါသည်။သေရည်သေရက်
အရက်၊ ယမကာသည် လူတို့ အတွက်အဆိပ်
ဖြစ်သဖြင့် တစ်စက်ကလေးမျှမသောက်ကြရန်
မြတ်စွါဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ဟောကြားထားပါသည်။
ကဲ....steemit က
ဘော်ဒါများလဲ သောက်ချင်သပဆိုရင် ချိန်ဆကာဖြင့်
ဘဝတွေမူးသွားအာင်တော့ မသောက်နဲ့ပေါ့ဗျာ။