
ဒီရက်ပိုင်း ကျွန်တော်စာတွေ မရေးဖြစ်ဘူး။ ထို အတူ Game တွေလည်း မဆော့ဖြစ်ပါဘူး။ အကြောင်းကတော့ ကျွန်တော်ဆိုင်လေးကို ပြန်ပြီး ပြင်ဆင်နေသော ကြောင့်ပါ။ လကုန်ရက် Stock များကို အစကနေ ပြန်လည် စစ်ဆေးခြင်း များကိုလည်း လုပ်ဆောင်နေရပါတယ်။
( ကျွန်တော်တို့ ဆိုင်မှာတော့ Daily Stock ၊ Weekly Stock နှင့် Monthly Stock ဟူ၍ သုံးမျိုးခန့် ရှိပါတယ်။ Monthly Stock များကို လစဥ် 25, 26, 27 ရက်နေ့များတွင် စစ်ဖြစ်ပါတယ်။ ဆိုင်ရှိ Products List အမျိုးအစား ၈၀၀ ကျော်ခန့်ကို ပြန်လည်စစ်ဆေး ရသောကြောင့် လွယ်ကူသည့် ကိစ္စတစ်ခုမဟုတ်ပါ။ ဒါအပြင် Super Market များကဲ့သို့ Team ပေါင်း များစွာ ရှိနေသည်မဟုတ်ဘဲ ဆိုင်ရှိ လူ ခြောက်ယောက် ကနေသာ အပိုင်းခွဲ လုပ်ဆောင်ရသည့် အတွက် အချိန်ပေးရပါတယ်။ နောက်ပိုင်းမှာတော့ တစ်ချို့အရာတွေ အသားကျလာ မှာပါ )
ဒီနေ့တော့ သကြားလုံးနှင့် ကလေးများအကြောင်းကို မျှဝေပေးပါ့မယ်။ ကျွန်တော်တို့ ဆိုင်သည် ကလေးများအတွက် သီးသန့်နေရာလေး တစ်ခု လုပ်ပေးထားကြောင်း မျှဝေပေးပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ မဖြစ်မနေ ရောင်းချသည့် အရာကတော့ သကြားလုံးများပါ။ ကျွန်တော်၏ ဆိုင်လေးမှာ သကြားလုံး အမယ်အားလုံးသည် အမျိုးအစား သုံးဆယ်ခန့် ရှိပြီး အရသာခွဲပေါင်း ခုနှစ်ဆယ်ခန့် ရှိပါတယ်။
ကျွန်တော်သည် သကြားလုံး အမျိုးအစား နှစ်ဆယ်ခန့်ကို ဖောက်ရောင်းပေးပါတယ်။ ( တစ်လုံးချင်းဈေး နှင့် ပါကင်ဈေးများမှာတော့ ကွာဟမှု ရှိပါတယ် )။ တစ်ခုဆိုးသည်က ဈေးဝယ်သူများသည် သကြားလုံးများ ထားသည့် နေရာကို ရောကါသွားသည့် ဈေးဝယ်များသည် တော်တော်နှင့် ပြန်မထွက်လာ ကြတော့ပါဘူး။ ကျွန်တော်တို့ ဆိုင်သည် ဆိုင်ခန်းကျဥ်းသည့်အတွက် လူများကျလာသည့်အခါ အခက်အခဲ ဖြစ်ရပါတယ်။ ဒီပြသာနာကို ဖြေရှင်းရန်အတွက် အဖြေအတော်လေး စဥ်စားရပါတယ်။
နောက်ဆုံးမှာတော့ သကြားလုံးအတွက် စင်နှစ်ခုအစား စင်တစ်ခုသာ ထားရှိပါတယ်။ အမျိုးအစား တစ်ခုကို နှစ်ထုပ် သို့မဟုတ် သုံးထုပ် ခန့်သာ ထုတ်ပေးထားပါတယ်။ ရွေးချယ်ခွင့် ရှိသော်လည်း ရွေးချယ်ခွင့် များစွာ မပေးထားတော့ပါဘူး။ ( ဒါက ရေတို စဥ်းစား မိတာပါ )
ဘာပဲပြောပြော ကလေးများသည် သကြားဓာတ်များစွာ လိုအပ်ပါတယ်။ ဒါကြောင့် သူတို့အတွက် နေရာတစ်ခုပေးမည်ဆိုလျှင် သကြားလုံးများကို မဖြစ်မနေ ထည့်သွင်း ထားရမှာ ဖြစ်ပါတယ်။