အနိုင်ပွဲနဲ့အတူ ပရတ်သတ်ကိုနှုတ်ဆက်ခဲ့တဲ့ဘူဖွန်
ဂျူဗင်တပ်စ်အသင်းက ဗီရိုနာအသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ ဝါရင့်ဂိုးသမား ဘူဖွန် အတွက် ဂျူဗင်တပ်စ်ကို နှုတ်ဆက်ပွဲဖြစ်ခဲ့ပါတယ်။ဒါ့အပြင် ပရတ်သတ်တွေရဲ့ ချီးကျူးအားပေးမှုကို ရရှိခဲ့ပါတယ်။
ပြိုင်ဘက် ဗီရိုနာအသင်းဟာ ဒီပွဲမကစားရခင်ကတည်းက တန်းဆင်းခဲ့ပြီးဖြစ်တာကြောင့် ရလဒ်ဟာ သိပ်ပြီးတော့ အရေးမပါခဲ့ပါဘူး။
ဂျူဗင်တပ်စ်ပရိသတ်တွေအတွက်ကတော့ သူတို့ရဲ့ (၇)ကြိမ်ဆက် စီးရီးအေ ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းအတွက် အောင်ပွဲခံခဲ့ကြသလို ဝါရင့် ဂိုးသမား ဘူဖွန် အတွက်လည်း နောက်ဆုံးနှုတ်ဆက်ပွဲအနေနဲ့ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဘူဖွန်ကတော့ ယခုတစ်ပတ်အစောပိုင်းကတည်းက သူ (၁၇)နှစ်ကြာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘူဖွန်ဟာ အီတလီအသင်း ကမ္ဘာ့ဖလားဝင်ခွင့်လွဲချော်ပြီးနောက်ပိုင်းမှာ နိုဝင်ဘာလကတည်းက လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူလည်းဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် (၄၉)မိနစ်နဲ့ (၅၂)မိနစ်မှာ ဒန်နီရယ်ရူဂါနီ နဲ့ မိုင်ရာလန်ဂျနစ် တို့ကသွင်းယူပေးခဲ့တာဖြစ်ပြီး ဗီရိုနာအသင်းအတွက် အလက်ဆီယိုဆာစီ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ ဘူဖွန်ဟာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် နည်းပြအယ်လီဂရီကတော့ သူတို့အသင်းရဲ့ ဝါရင့်ဂိုးသမားအတွက် အမှတ်တရနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ နှုတ်ဆက်ပွဲဖြစ်စေဖို့ ပွဲချိန် (၆၃)မိနစ်မှာပဲ လူစားလဲခဲ့ပါတယ်။
ဘူဖွန်ဟာ ကွင်းအတွင်းမှ ထွက်ခွာပြီးချိန်မှာ ကွင်းတစ်ပတ် လှည့်လည်ပြီး ပရိသတ်တွေကို ကျေးဇူးတင် နှုတ်ဆက်စကား လှည့်လည်ပြောကြားခဲ့ပါတယ်။
ဘူဖွန်ဟာအသင်းဟောင်း ပါးမားအသင်းနဲ့ ကိုပါအီတလီယာဖလား ၊ စူပါကိုပါအီတလီယာဖလား ၊ ယူရိုပါလိဂ်ဖလား တွေရရှိခဲ့ပါတယ်။ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေချန်ပီယံဆု (၁၁)ကြိမ် ၊ ကိုပါအီတလီယာ ဖလား (၄)ကြိမ် ၊ စူပါကိုပါအီတလီယာဖလား (၅)ကြိမ် တို့ကို ရရှိခဲ့တဲ့အပြင် ၂၀၀၆ ကမ္ဘာ့ဖလားမှာလည်း အီတလီအသင်းနဲ့ အတူ ချန်ပီယံဆုရယူခဲ့ပါတယ်။
ref ; fox sport
photos credit to image source