အင်နီယေစတာရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာအနိုင်နဲ့ပိတ်သိမ်းနိုင်ခဲ့တဲ့ဘာစီလိုနာ
ဘာစီလိုနာအသကစားပေးတဲ့ပွဲစဉ်မှာတော့ ရီးယဲလ်ဆိုစီဒက် အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင်ရလဒ်နဲ့ နှုတ်ဆက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် အင်နီယေစတာက ဆွာရက်ဇ်အတွက် အခွင့်အရေးတစ်ကြိမ်ဖန်တီးပေးခဲ့ပေမယ့်လည်း ရီးယဲလ်ဆိုစီဒက် ကစားသမား အီလာရာမန်ဒီ ဟန့်တားနိုင်ခဲ့ပါတယ်။
ဂျာနူဇက် ရဲ့ ကိုက်(၂၀)အကွာမှ ကန်သွင်းချက်ကို တာစတီဂျန် ကာကွယ်နိုင်ခဲ့သလို အင်နီယေစတာရဲ့ ကန်ချက်တစ်ကြိမ်ဟာလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။
အင်နီယေစတာရဲ့ ဖန်တီးမှုတစ်ကြိမ်ကို ဒမ်ဘယ်လီ ကန်သွင်းခဲ့ပေမယ့် ရီးယဲလ်ဆိုစီဒက် ဂိုးသမား မိုယာ ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် (၁၇)မိနစ်မှာရရှိခဲ့တဲ့ ဆွာရက်ဇ်ရဲ့ အလွတ်တည်ကန်ဘော ကန်သွင်းမှုဟာ လူတံတိုင်းကို မကျော်နိုင်ခဲ့ သလို ရာကီတစ်ရရှိခဲ့တဲ့ အခွင့်အရေးတစ်ကြိမ်ဟာလည်း လွဲချော်ခဲ့ပြန်ပါတယ်။ ပထမပိုင်းကတော့ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာရရှိခဲ့တဲ့ ဝီလျံဂျိုဆေးရဲ့ အလွတ်တည်ကန်ဘောဟာ ဂိုးဘားပေါ်မှ အနည်းငယ်လွဲချော်သွားခဲ့ ပါတယ်။
ပွဲကစားချိန် (၅၇)မိနစ်မှာတော့ ဆွာရက်ဇ်ရဲ့ ဖန်တီးပေးလိုက်မှုမှတစ်ဆင့် ကော်တင်ဟိုက ဘာစီလိုနာအသင်း အတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဆွာရက်ဇ်ရဲ့ အလွတ်တည် ကန်ဘောမှတစ်ဆင့် ဂျရတ်ပီကေး ဂိုးရယူဖို့ကြိုးစားခဲ့ပေမယ့် ရီးယဲလ်ဆိုစီဒက်ဂိုးသမား မိုယာ ကာကွယ်နိုင် ခဲ့ပါတယ်။
မက်ဆီအနေနဲ့အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် ဂိုးသမား မိုယာကို မကျော်နိုင်ခဲ့ပါဘူး။ ပွဲကစားချိန် (၈၂)မိနစ် မှာတော့ အင်နီယေစတာကို အယ်လ်ကေဆာ နဲ့လူစားလဲခဲ့ပါတယ်။
လက်ကျန်ပွဲကစားချိန်တွေမှာ နှစ်သင်းလုံး ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် မိနစ် (၉၀) ပြည့်ချိန်မှာ ဘာစီလိုနာအသင်းက ရီးယဲလ်ဆိုစီဒက် အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။